Tuesday, May 25, 2010

ဉာဏ်စမ်းပုစ္ဆာလေး ဖြေကြည့်ကြပါဦး


ညက ကွန်ပျူတာသုံးနေချိန်တွင် အခန်းဖော်သူငယ်ချင်းက ဉာဏ်စမ်းပုစ္ဆာတစ်ပုဒ် မေးလာပါသည်။ အတော်အလုပ်ရသွားသည်ဟု ပြောရမည်ထင်သည်။ အစကတည်းက နားမထောင်မိရင်လည်း အကောင်းသား။ သူပြောတာကို နားထောင်ပြီးဖြစ်နေတော့ အဲဒီမေးခွန်းက ခေါင်းထဲမှာ နေရာယူသွားသည်။ လူ့သဘာဝအရ ငါလုပ်နိုင်တယ်ဟု ကြုံးဝါးချင်သောစိတ်က ပြူတစ်ပြူတစ်နှင့် ခေါင်းထောင်လာတာလည်း ဖြစ်နိုင်ပါသည်။ ကွန်ပျူတာပေါ်ကအလုပ်ကို ဘယ်လိုမှ ဆက်လုပ်လို့မရတော့။ စာရွက်ကြမ်းနှင့် ဘောလ်ပင်တွေပါ အကူအညီယူရသည်အထိ အလုပ်ရှုပ်သွားရသည်။ ပုစ္ဆာက လွယ်မလိုလိုနဲ့ ခက်နေသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ထုံလွန်း၊ တုံးလွန်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ တွက်ရင်း၊ စဉ်းစားရင်းနှင့် ပျော်စရာကောင်းလာတာ တွေ့ရသည်။ အဘယ်ကြောင့်နည်း။ ပုစ္ဆာလေးက လှသောကြောင့် ဖြစ်သည်။ စဉ်းစားရတာ စိတ်ဝင်စားဖို့ကောင်းသည်။ ဖြစ်နိုင်သည့် အဖြေနှစ်ခု ရလာသည့်အချိန်မှာတော့ အတော်လေးကို ဇာတ်ရှိန်မြင့်နေပြီဖြစ်သည်။ နောက်ဆုံးတော့ ကျွန်တော်ယုံကြည်သည့် အဖြေတစ်ခုကို သူငယ်ချင်းဖြစ်သူအား ပြောပြလိုက်သည်။ သူငယ်ချင်းက ဘာမှပြန်မပြောဘဲ ပြုံးသည်။ ပြီးနောက် "ဘယ်လိုတွက်လိုက်သလဲကွ" ဟု မေးလာပါသည်။ ငါဖြေတာမှန်လို့သာ အဲဒီလိုမေးတာပဲဟု ပျော်သွားသည်။ ကျွန်တော်လည်း ကျွန်တော်စဉ်းစားပုံ၊ တွက်ချက်ပုံကို စာရွက်မှာဆွဲထားသော ပုံတွေနှင့်တကွ ပြလိုက်သည်။ သူက သဘောကျနေသည်။ ပြီးတော့ အဖြေမှန်က အဲဒါမဟုတ်ဘူးကွဟု ဆိုလာသည်။ အတော်လေး မကျေမချမ်းဖြစ်သွားသည်ကို ၀န်ခံပါသည်။ ကိုယ်ဖြေသည့်အဖြေကို မမှန်ဘူး၊ မှားနေတယ်ဟု ပြောသည်ကို ဘယ်သူကများ ကျေနပ်နိုင်မလဲနော်။ ဟုတ်တယ်မလား။ အဲဒီတော့ ဘာကြောင့်မမှန်ရတာလဲ၊ အဖြေမှန်ကရော တကယ်မှန်ရဲ့လား စသည်ဖြင့် မေးမြန်းငြင်းခုန်ဖြစ်သည်။ အဲဒီတော့မှ ကျွန်တော်ဖြေလိုက်သော အဖြေတွင်ရှိနေသည့် ဟာကွက်တစ်ခုကို မြင်လိုက်ရသည်။ လုပ်လက်စအလုပ် ပျက်သွားသော်လည်း ကျွန်တော်ကျေနပ်မိပါသည်။ ခဏတာ အနားရသလို ဖြစ်သွားသလို၊ စိတ်ပြေလက်ပျောက်လည်း ဉာဏ်ကစားလိုက်ရသောကြောင့် ဖြစ်ပါသည်။

ယခုပြောမည့်ဉာဏ်စမ်းပုစ္ဆာ၏ ထူးခြားချက်မှာ (ကျွန်တော့်အမြင်ဖြစ်ပါသည်) ရလာသည့်အဖြေထက် ထိုအဖြေ ရရှိရန်အတွက် စဉ်းစားရသည့်အချက်များက ပိုမိုစိတ်ဝင်စားစရာကောင်းခြင်း ဖြစ်ပါသည်။ အတော်လေးကို စေ့စေ့စပ်စပ် စဉ်းစားရပါသည်။ ပျော်စရာလည်း ကောင်းပါသည်။ မေးခွန်းလေးကိုဖတ်ကြည့်ပြီး ဖြေကြည့်ကြပါဦးလား။ အပျင်းပြေ စိတ်ပြေလက်ပျောက်ပေါ့။ သိပြီးသားဖြစ်နေလျှင်တော့ ရှိပါစေတော့။ မသိသေးသူတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းမှာ သေချာသည်။ အခြားခင်မင်ရင်းနှီးသူတွေကိုလည်း ပြန်လည်လက်ဆင့်ကမ်း မေးမြန်းဉာဏ်စမ်းနိုင်ပါသေးသည်။ ပျော်စရာကောင်းမှာပါ။

မေးခွန်း (သို့မဟုတ်) ပေးထားချက်
စာသင်ခန်းတစ်ခုတွင် ဖြစ်သည်။ ဆရာတစ်ဦးနှင့် ကျောင်းသားသုံးဦး ရှိနေကြသည်။
ဆရာက ကျောင်းသားသုံးဦးကို ရှေ့နောက်တစ်ယောက်စီ တန်းစီရပ်ခိုင်းလိုက်သည်။
မေးခွန်းတစ်ခုမေးမည်ဟု ဆိုသည်။
ကျောင်းသားသုံးဦးလည်း ဆရာခိုင်းသည့်အတိုင်း ရှေ့နောက်တစ်ယောက်ချင်းစီ တန်းစီရပ်လိုက်လေသည်။
နောက်ဆုံးကျောင်းသားသည် ရှေ့ကကျောင်းသားနှစ်ယောက်၏ နောက်ကျောပြင်များကို မြင်နေရသည်။
အလယ်ကကျောင်းသားကမူ ရှေ့ဆုံးတစ်ယောက်၏ ကျောပြင်ကိုသာ မြင်နေရလေသည်။
ရှေ့ဆုံးက ကျောင်းသားခမြာတော့ မည်သူ့ကျောပြင်ကိုမျှ မြင်နိုင်စွမ်းမရှိချေ။
ဆရာက သူ့လက်ထဲတွင်ကိုင်ထားသော ကတ်ပြားများကိုပြသသည်။ ဆရာ့လက်ထဲတွင် ကတ်ပြား (၅) ခုရှိသည်။ အဖြူရောင်ကတ်ပြား (၃) ခုနှင့် အနက်ရောင်ကတ်ပြား (၂) ခုဖြစ်သည်။
ဆရာကပြောသည်။ "အခု မင်းတို့နောက်ကျောတွေမှာ ကတ်လေးတွေတစ်ခုစီ ဆရာလိုက်ချိတ်မယ်။ ဖြစ်ချင်တဲ့အရောင် ဖြစ်နိုင်တယ်။ မင်းတို့သုံးယောက်ကို ကတ်ပြားတစ်ခုဆီ ချိတ်ပေးမှာဖြစ်တဲ့အတွက် ဆရာ့ဆီမှာ ကတ်ပြားနှစ်ခု ကျန်နေလိမ့်မယ်။ မင်းတို့ဖြေရမှာက မင်းတို့နောက်ကျောမှာ ဆရာကပ်ပေးထားတဲ့ ကတ်ပြားဟာ ဘာအရောင်လဲဆိုတာကို ဖြေပေးရမှာပါပဲ"
ထို့နောက်ဆရာသည် ကျောင်းသားတစ်ဦးချင်း၏ နောက်ကျောများတွင် ကတ်ပြားတစ်ခုစီ လိုက်ကပ်ပေးပြီး သူ့တွင်ကျန်နေသည့် ကတ်ပြားနှစ်ခုကို စာသင်ခန်းရှေ့က စားပွဲခုံပေါ်တွင် မှောက်တင်ထားလိုက်သည်။

ရှေ့ဆုံးကကျောင်းသား ဖြေနိုင်ပြီ
ကျောင်းသားသုံးဦးလည်း အသီးသီးစဉ်းစားတွက်ချက်ကြလေသည်။ သို့သော် မည်သူ့ထံကမျှ အဖြေသံ ချက်ချင်းထွက်မလာချေ။ ဆယ်မိနစ်ခန့်အကြာတွင် ရှေ့ဆုံးမှာရှိနေသည့် ကျောင်းသားက သူ့အဖြေကို အော်လိုက်သည်။ သူဖြေသည့်အဖြေသည် မှန်နေသည်ကို နောက်ကကျောင်းသားနှစ်ယောက်ရော၊ ဆရာပါ သိနေပါသည်။

အဖြေဘာလဲ၊ ဖြေကြည့်ပါဦး
စာဖတ်သူ မိတ်ဆွေရော သိနေပါသလား။ ရှေ့ဆုံးကကျောင်းသား ဘယ်လိုဖြေလိုက်ပါသလဲ။ သူ့နောက်ကျောမှာ ရှိနေတဲ့ ကတ်ပြားဟာ ဘာအရောင်လဲဆိုတာ ဖြေကြည့်ပါဦးဗျာ။

myanmarthwayquiz.png

*******
မိတ်ဆွေစဉ်းစားလို့ရတဲ့အဖြေကို ကွန်းမန့်မှာပဲဖြစ်ဖြစ်၊ စီဘောက်မှာပဲဖြစ်ဖြစ် အော်ခဲ့နိုင်ပါတယ်။ အဖြေမှန်ကို ရေးမပေးထားပါဘူး။ နောက်အပတ်လောက်မှပဲ ကွန်းမန့်မှာ ဖြေပေးတော့မယ်ဗျာ။ လိုမယ်တောင်မထင်ပါဘူး။ ဘယ်လောက်မှ မခက်တဲ့အတွက် စာဖတ်သူလည်း ဖြေနိုင်မှာကို သိနေတာကိုး။ ဟုတ်တယ်မဟုတ်လား။ ပျော်ရွှင်ပါစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၅ ရက်၊ အင်္ဂါနေ့။
နံနက် ၁ နာရီ ၀၂ မိနစ်တွင်ပြီး၏။

7 comments:

  1. Anonymous9:51 AM

    WHITE ONE. Am I right?
    If 1st and 2nd students have black ones, the third student should get answer first.
    If 2nd student saw black one on the back of 1st student and the 3rd student didn't tell the answer as he got white one, the card on the back of the 2nd student would be white one.
    So, after waiting for a while, the 1st student gets the answer becasue 2nd and 3 rd students cannot give answer.
    Anyways, thanks for your QUIZ.
    May I ask you a question? Can you try to get 4 trigles with the same areas using 6 sticks with the same length?
    If you know the answer already, just skip it. Just for FUN.
    TQ

    ReplyDelete
  2. မာလာ2:13 PM

    အဖြေက အဖြူပါ..။ ဘာကြောင့်လဲဆိုတော့ ကဲ အရင်ဆုံးတွေးကြည့်ရမှာက နောက်ဆုံးကကျောင်းသားအမြင်ကိုပါ.. အကယ်လို့ သူ့အရှေ့ နှစ်ယောက်စလုံးက အမဲရောင်ကဒ်ဖြစ်နေမယ်ဆိုရင် ကြိမ်းသေပေါက် သူ့ရဲ့ နောက်ကျောက ကဒ်ဟာ အဖြူဆိုတာ သိနိုင်မယ်.။(ဒီနေရာမှာ အကောင်းဆုံး သဲလွန်စက အနောက်မှ နှစ်ယောက်စလုံးအဖြေကို မပြောနိုင်ဘူး ဖြစ်နေတယ် ဆိုတာပါပဲ။) ဒီတော့ အရင်ဆုံးခန့်မှန့်လို့ရတာက သူ့ရှေ့က နှစ်ယောက်စလုံးအမဲရောင်မဟုတ်ဘူး ဆိုတာပဲ.။ နောက်တဆင့်အနေနဲ့ ဒုတိယကျောင်းသားရဲ့ အမြင်ကို ကြည့်ရမယ်..သူက ဘာလို့ အဖြေမထုတ်နိုင်ရတာလဲ.. သူရှေ့က ကျောပြင်မှာ အနက်ရောင်ဖြစ်နေပြီး သူ့ကျောပြင်မှာလဲ အနက်ရောင် ဖြစ်နေရင် နောက်ဆုံးကသူက အဖြေထုတ်နိုင်မှာပေါ့.လို့တွေးကြည့်ရင် သူလဲ အဲဒီကနေ အဖြေရနိုင်တာပဲ.. ဒါပေမဲ့ သူလဲ အဖြေမထုတ်နိုင်ဘူးဆိုတော့ သူ့ရှေ့ကကျောပြင်ဟာ အနက်ရောင်မဟုတ်လို့ပဲပေါ့..။

    ReplyDelete
  3. မမာလာ အဖြေကို ထောက်ခံပါတယ် ကျွန်တော်လည်း မမာလာလိုပဲ တွေးမိပါတယ် ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ် ရှေ့ နှစ်ယောက် အနေနဲ့ ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ် အဖြူ အဖြူ ရယ် အဖြူ အနက်ရယ် ဖြစ်ပါတယ် ဒါကြောင့် ရှေ့ ဆုံးက တယောက်က သေချာပေါက် အဖြူ ဖြစ်ပါတယ်...

    ReplyDelete
  4. အဖြူပါ ...

    ReplyDelete
  5. mighty10:14 AM

    နံပါတ် ၁ အနောက်က အဖြူကတ် နံပါတ် ၂ က အနက် နံပါတ် ၃ က အနက် နဲ. ကျန်တာ က အဖြူ ၂ ကပ်လို. ထင်ပါတယ်။

    ReplyDelete
  6. Anonymous2:17 AM

    အဖြူရောင်ဖြစ်ရမယ်...

    ReplyDelete
  7. Anonymous5:17 PM

    မသိဘူးးးးးး

    ReplyDelete

 
Web Statistics