စကားပုံကို အနက်အဓိပ္ပါယ်နှင့် ပြည့်စုံ၍ လူအများ စံပြုပုံခိုင်းပြောဆိုလေ့ရှိသော စကား၊ ပြောထုံးစကားဟူ၍ မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် အနက်အဓိပ္ပါယ် ဖွင့်ဆိုပါသည်။ မြန်မာ့စွယ်စုံကျမ်းကမူ "စကားပြောဆိုရာတွင် ပိုမိုထိရောက်စေရန် ခိုင်းနှိုင်းပြောဆိုလေ့ရှိသော စကားမျိုးဖြစ်သည်" ဟူ၍ ဖော်ပြပါသည်။
စကားပုံများကို အဓိပ္ပါယ်လေးနက်စေရန်အတွက်လည်းကောင်း၊ ဥပမာ ဥပစာအဖြစ်လည်းကောင်း၊ စာ စကားတို့ကို ရှင်းရှင်းနှင့် လိုရင်းရောက်စေရန် အတွက်လည်းကောင်း၊ စကားတန်ဆာဆင်လို၍လည်းကောင်း အသုံးပြုကြသည်ဟု တင်ပြသူများလည်း ရှိပါသည်။
မြန်မာဘာသာတွင် စကားပုံ၊ ဆိုရိုး၊ ဆိုထုံးဟူ၍ ခေါ်ဝေါ်သုံးနှုန်းမှုများ ရှိသကဲ့သို့ ရခိုင်ရိုးရာတွင်မူ မင်းနှင့် ပတ်သက်လျှင် "ရာဇာပုံ" ဟု ခေါ်တွင်ပြီး ပြည်သူများနှင့် ပတ်သက်လျှင် "ထုံးပုံ" ဟု ခေါ်ဆိုသည်ဟု အမှတ်အသားရှိလေသည်။
မြန်မာစကားပုံများတွင် အဓိကအားဖြင့် ဥပမာ (Similes or Parables) စကားပုံများ၊ ဥပစာ (Metaphor) စကားပုံများနှင့် စကားပုံ (Proverbs) စစ်စစ်များဟူ၍ သုံးမျိုးတွေ့ရကြောင်း ပညာရှင်များက ခွဲခြားကြပါသည်။ "စန္ဒဂုတ် စစ်တိုက်သလို"၊ "ဇနကသင်္ဘောပျက်သည့်အလား" အစရှိသော ကဲ့သို့၊ အလားပမာ တို့တွဲ၍ စကားပမာပြု၍ သုံးစွဲသည်ကို ဥပမာစကားပုံဟူ၍လည်းကောင်း၊ "မှိုရတဲ့မျက်နှာ"၊ "သူခိုးပြေးမှ ထိုးဆေးထ" တို့ကဲ့သို့ စကားတင်စား၍ သုံးစွဲသည်ကို ဥပစာစကားပုံ ဟူ၍လည်းကောင်း၊ "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" ကဲ့သို့သော စကားမျိုးကို စကားပုံစစ်အဖြစ် ခွဲခြားဖော်ပြကြပါသည်။
စကားပုံများ ဖြစ်ပေါ်တိုးတက်လာပုံကို လေ့လာကြသောအခါ ရိုးရာလုပ်ငန်းများ၊ စာပေများ၊ ရေမြေနီးစပ်မှုများမှ ပေါ်ပေါက်လာကြောင်း တွေ့ရလေသည်။
"မိုးလွန်မှထွန်ချ"၊ "လယ်ထွန်သွားနွားမေ့"၊ "ဖောင်စီးရင်းရေငတ်"၊ "ကောက်သင်းကောက်က အနှံကြီးကြိုက်" ဟူသော စကားပုံများသည် ရိုးရာလုပ်ငန်းများမှ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။
"သူခိုးဓားရိုးကမ်း"၊ "ကျားသေအသက်သွင်း"၊ "ပညာရဲရင့် ပွဲလယ်တင့်"၊ "တောင်တိုင်းတွင် ပတ္တမြားမရှိ"၊ "တောတိုင်းတွင် စန္ဒကူးမရှိ"၊ "ပွဲမင်းလည်း ငွေမှား"၊ "ဆေးသမားလည်း သားသေ"၊ "ဗေဒင်သမားလည်း နွားပျောက်" အစရှိသော စကားပုံများသည် ဇာတ်တော်ဝတ္ထု၊ မေတ္တာစာ၊ ပျို့ အစရှိသော စာပေများမှ ရရှိခြင်းဖြစ်ပါသည်။
မြန်မာစကားပုံတွင် "ကျွဲပါးစောင်းတီး" ကို ထိုင်းစကားပုံတွင် "နွားနားတယောထိုး"၊ တရုတ်စကားပုံတွင် "ကျွဲပါးပြွေမှုတ်"၊ မွန်စကားပုံတွင် "နွားနားဗျပ်စောင်းတီး" ဟူ၍လည်းကောင်း၊ မြန်မာစကားပုံတွင် "ငရဲကလာသူ ပြာပူမကြောက်" ကို ပလောင်စကားပုံတွင် ထိုနည်းအတိုင်းပင် တွေ့ရပါသည်။ မြန်မာစကားပုံတွင် "မိုးလွန်မှ ထွန်ချ"၊ "မိုးသောက်မှ ကြက်တင်"၊ "နေ၀င်မှ စပါးလှန်း" ဟူသော စကားပုံမျိုးကို လရှီစကားပုံတွင် "ကလေးကျပြီးကာမှ လှေခါးထောင်သည်"၊ "သားကောင်လွန်ပြီးကာမှ ခွေးဟောင်သည်" ဟူ၍ တွေ့ရလေရာ ဤစကားပုံများသည် ရေမြေနီးစပ်ရာမှ တိုးပွားလာသော စကားပုံများ ဖြစ်နိုင်ကြောင်း ယူဆကြလေသည်။
အချို့စကားပုံများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်များရှိသည်။ "တစ်ရွာမပြောင်း သူကောင်းမဖြစ်" ဟူသော စကားပုံနှင့် "သေချင်သည့်ကျား တောပြောင်း" ဟူသော စကားပုံ၊ "ကြောက်လွဲ ရဲမင်းဖြစ်" ဟူသော စကားပုံနှင့် "ကြောက်တတ်လျှင် ၀န်ကင်း" ဟူသော စကားပုံတို့ဖြစ်၏။ ဤသို့ ဆန့်ကျင်ပါက မည်သည့်စကားပုံဆိုထုံးကို အမှီအားထား ပြုရမည်နည်း။ စကားပုံသည် ဥပမာ ဥပစာသာ ဖြစ်သည်။ ဥပဒေ မဟုတ်ပေ။ မလွဲမသွေ လိုက်နာရန် တာဝန်မရှိပေ။ မိမိတွင် ပေါ်ပေါက်နေသော အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေသာ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင် အသိဖြင့် ကျင့်သုံးရန် ဖြစ်ပေသည်။
စာမျက်နှာ - ၃၃၉ မှ ၃၄၁
No comments:
Post a Comment