အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏ တွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏ ရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ်နဲ့ အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့မခေါ်ထိုက်ကြောင်း ရေးတာဖြစ်ပါတယ်။
နဖူးလက်တင်စဉ်းစားဖို့မလို
တချို့က လူပဲ ဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတဲ့ အဆင့်မျိုးကို မရောက်သေးတာတစ်ကြောင်း၊ ဗြဟ္မစိုရ်တရားလေးပါးကို အလေးထားတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းမှာ နေထိုင်ခြင်းပြုရတာက တစ်ကြောင်းကြောင့် သူ့ပတ်ဝန်းကျင်မှာ တိရစ္ဆာန်အကျင့်စရိုက်နဲ့ ပြုမူကျင့်ကြံတာတွေကို သိပ်ပြီး မမြင်မတွေ့ရလို့ လူပဲ ဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတာဖြစ်တယ်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားစရာတောင် မလိုပါဘူး။ သတင်းစာတစ်စောင် ကောက်လှန်ကြည့်လိုက်တာနဲ့တင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေ ဘယ်လောက်ထိ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်ကုန်ကြပြီလဲ ဆိုတာတွေ မမြင်ချင်အဆုံး တွေ့ရမှာဖြစ်ပါတယ်။
ကလောင်ရှက်လို့ မရေးဝံ့
ခရီးသည်အပြည့်ပါတဲ့ လေယာဉ်ကြီးတွေ အပိုင်စီးပြီး လူတွေသောင်းချီရှိနေတဲ့ မိုးမျှော်တိုက်ကြီးနှစ်လုံးကို ၀င်ဆောင့်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုး ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ လူမပါတဲ့ လေယာဉ်ပေါ်ကနေပြီး မူလတန်းကျောင်းလေးပေါ်ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာကျ၊ မကောင်းသူထိပ် ကောင်းသူထိပ်ပဲဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကမှ ကြုံဖူးလို့လဲ။ လူတစ်ယောက်က စိတ်ရူးထပြီး မောင်းပြန်သေနတ်ကြီးနဲ့ မူကြိုကျောင်းကလေးထဲဝင်ပြီး ဒလကြမ်း မွှေ့ယမ်းတာမျိုးကော ဘယ်ခေတ်က ကြားဖူးလို့လဲ။ ကလောင်ရှက်လို့ မရေးဝံ့တဲ့ ယုတ်မာမှုတွေ အများကြီးရှိသေးတယ်။ အားလုံးတွေ့နေ ဖတ်နေကြမှာပါ။
ပိန်မသာ လိန်မသာ
အနောက်နိုင်ငံတွေမှာသာ လူတွေရိုင်းကုန်ကြတာ မထင်နဲ့၊ ကိုယ့်အနား ပတ်ဝန်းကျင်မှာလည်း ရိုင်းကုန်တာပါပဲ။ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာတော့ ပိန်မသာလိန်မသာလို့ ပြောရင်တောင် ရနိုင်လောက်တယ် ထင်မိတယ်။ ကြည့်လေ။ အလှူမင်္ဂလာ ပွဲနေပွဲထိုင်လို လူတောကြီးထဲကို ရင်ဗလာ ကျောဗလာနဲ့ ရင်ရှားဂါဝန်ကြီးဝတ်လာတာမျိုး ဘယ်အခါက မြန်မာမိန်းကလေးတွေ လုပ်ရဲကြလို့လဲ။ ကျွန်တော်တို့ ကောလိပ်ကျောင်းသားခေတ် ကျောင်းသူတွေဟာ ထမီကို နှစ်ထပ်ဝတ်ကြတာပါ။ အောက်က ပိတ်လုံချည်ရဲ့ ဇာနားကလေးကို အပေါ်လုံချည်ရဲ့အနားမှာ ညီညီညာညာပေါ်နေအောင် ဂရုစိုက်ဝတ်ကြပါတယ်။ အခုခေတ်တော့ နဂိုကပါးနေပြီးသား လုံချည်စကို စကတ်ထမီ ချုပ်ဝတ်လိုက်တော့ ဖန်ပေါင်းချောင်ထဲ ရွှေငါးလွှတ်ထားသလို ဖြစ်နေပါတော့တယ်။
မြင်ပါများတော့ ရိုးနေပြီ
မြင်မကောင်း ရှုမကောင်းအောင် တိုတိုနေတဲ့ စကတ်တိုဘောင်းဘီတိုတွေနဲ့ လမ်းသလားနေတဲ့ မြင်ကွင်းတွေကတော့ မြင်ပါများလို့ ရိုးသလောက်ဖြစ်နေပါပြီ။ ဇာတ်စင်ပေါ်မှာကနေတဲ့ ဇာတ်မင်းသားကို ပွဲကြည့်ပရိသတ် မိန်းကလေးက စင်ပေါ်တက် ပန်းကုံးစွပ်ရင်း ဖက်နမ်းတဲ့ မြင်ကွင်းမျိုးကလည်း အဆန်းမဟုတ်တော့ဘူး။ မြန်မာယဉ်ကျေးမှုက အရွယ်ရောက်နေတဲ့သမီးက အဖေကို ဖက်နမ်းနှုတ်ဆက်တယ် ဆိုတာမျိုးတောင် လုပ်လေ့ရှိတာမျိုး မဟုတ်ပါဘူး။ အခုတော့ အကယ်ဒမီပွဲတွေမှာ နမ်းလိုက်ကြတာ မျက်စိကို နောက်နေတာပါပဲ။ နောက်ပြီးရှိသေးတယ်။ အပျိုအရွယ် မိန်းကလေးတွေက ကျွန်မရည်းစားက ဘယ်သူ ဘယ်ဝါပါဆိုပြီး ဂျာနယ်တွေထဲမှာ ထုတ်ဖော်ပြောကြားတာမျိုး။ နောင်မယူဖြစ်တဲ့ အခါကျတော့ နာမည်ဆိုးကြီး ဖြစ်ကျန်ရစ်ရော။
ကမ်းကုန်နေပြီ
အနောက်နိုင်ငံတွေမှာဆိုရင်လည်း လက်မထပ်ဘဲ အတူနေပြီး ကလေးမွေးကြတာတွေဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်နေပြီ။ တချို့ကတော့ ကလေးမွေးပြီး သုံးနှစ်လေးနှစ်ကြာမှာ လက်ထပ်ကြတယ်။ တချို့ကတော့ လေးငါးခြောက်နှစ် အတူနေပြီးမှ နှစ်ဦးသဘောတူ လမ်းခွဲကြတယ်။ အတွဲအသစ်ကိုယ်စီနဲ့ အတူနေကြပြန်တယ်။ စာစောင်တွေကလည်း အတူနေအဖော် (companion partner) လို့ ရေးကြတယ်။ ချုပ်ပြီးပြောရရင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေဟာ ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့ကုန်ကြရုံမက ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာလည်း ကမ်းကုန်နေပြီလို့ ပြောရတော့မှာဖြစ်တယ်။ သင်္ကြန်ရေကစားနေတဲ့ လူတွေကြား ဗုံးခွဲတယ်ဆိုတဲ့ လုပ်ရပ်ကိုသာ ကြည့်ပါတော့။
ငွေကခြယ်လှယ်
လူသားတွေ အရှက်အကြောက်ကင်းမဲ့ပြီး ရိုင်းသထက် ရိုင်းလာရတဲ့ အဓိကအကြောင်းအရင်းကတော့ နေရာတကာမှာ ငွေကခြယ်လှယ်တဲ့ နေရာကို ရောက်လာတဲ့အတွက်ကြောင့် ဖြစ်တယ်ထင်ပါတယ်။ ဒီခေတ်မှာ ငွေမရှိရင် လူရာမ၀င်တော့ဘူး။ ငွေရှိရင်တော့ ဘာမဆို အကုန်ဖြစ်တယ်။ အဲဒီတော့ ဘယ်နည်းနဲ့ရရ ငွေရဖို့အဓိက ဖြစ်လာတယ်။ "ကြောင်ဖြူတာမည်းတာ အရေးမကြီးဘူး။ ကြွက်မိဖို့သာလိုရင်းပဲ" ဆိုတဲ့ အဘိဓမ္မာက နေရာတိုင်း လွှမ်းမိုးလာတယ်။ ငွေရဖို့အတွက် လူတွေဟာ "ဘ"နဖူးကိုတောင် သိုက်တူးဖို့ ၀န်မလေးကြတော့ဘူး။ မူဝါဒ "Principle" တို့၊ ဂုဏ်သိက္ခာ "Dignity" တို့၊ "Honour" တို့ ဆိုတာတွေကို ထည့်စဉ်းစား မနေတော့ဘူး။ စဉ်းစားတဲ့လူဆိုရင် လူမိုက်ပဲ။ လူ့တန်ဖိုးဆိုတာ ငွေပဲ၊ ဂုဏ်သိက္ခာ မဟုတ်ဘူး။
ဘာကြောင့်အကျင့်ပျက်တာလဲ
ငွေကြောင့်သာမဟုတ်ရင် လူတွေဒီလောက် ပျက်စီးစရာ အကြောင်းမရှိပါဘူး။ ယိုးဒယားက သက်ဆင် အာဏာကို ခုထိတန်းတန်းစွဲဖြစ်နေတာ ငွေကြောင့်ပဲ။ ချမ်းသာသထက် ပိုချမ်းသာချင်တဲ့ လောဘကြောင့်ပဲ။ လောကမှာ ဘယ်သူမှ အကျင့်ပျက် ခြစားသူလို့ အခေါ်ခံချင်မယ် မထင်ပါဘူး။ ငွေကြောင့်သာ သိသိကြီးနဲ့ ကျူးလွန်နေကြတာ ဖြစ်မှာပါ။ ဘယ်မိန်းကလေးမှ မလုံတလုံဝတ်ပြီး ဓာတ်ပုံရိုက် ပိုက်ဆံရှာချင်မယ်လို့ မထင်ပါဘူး။ ငွေရဖို့အတွက် လုပ်ရတာဖြစ်မှာပါ။ ပျော်လို့ အနှိပ်ခန်းမှာ အလုပ်လုပ်တယ်ဆိုတဲ့ မိန်းကလေးမျိုးလည်း ရှိမယ်မဟုတ်ပါဘူး။ ငွေကြောင့်ပါပဲ။
မကောင်းတာလုပ်မှ ကောင်းတာဖြစ်
အနောက်နိုင်ငံတွေမှာလည်း လူတွေရိုင်းသထက် ရိုင်းလာကြတာတွေကို သိပါတယ်။ သမ္မတရေဂန် လက်ထက်ကဆိုရင် ကျောင်းတွေမှာ ဘာသာရေးသင်ခန်းစာတွေ ထည့်သွင်းသင်ကြားဖို့တောင် ကြံစည်ခဲ့ပါသေးတယ်။ ကန့်ကွက်သူ များလို့သာ အကောင်အထည် မဖော်ခဲ့တာပါ။ အကောင်အထည်ပေါ်ခဲ့ရင်လည်း အရာရောက်မယ် မထင်ပါဘူး။ ဒီခေတ်လူတွေရဲ့ ပညာတတ်မြောက်မှုနှုန်း မြင့်ပါတယ်။ အဲဒီတော့ မကောင်းမှုကို မကောင်းမှုမှန်း သိပါ တယ်။ မသိလို့ ပြုမူနေကြတာ မဟုတ်ပါဘူး။ ကောင်းတာကို လုပ်ချင်ပေမယ့် ကောင်းတာလုပ်လို့ ကောင်းတာတွေမှ ဖြစ်မလာဘဲ။ မကောင်းတာလုပ်မှ ကောင်းတာတွေဖြစ်လာတဲ့ ခေတ်ကြီးကြောင့် ကောင်းတာတွေ မလုပ်နိုင်အောင် ဖြစ်နေကြရတာလို့ပဲ စာနာစိတ်နဲ့ တွေးမိပါတယ်။
လက်နက်ကောင်း
လူ့တန်ဖိုးကို ငွေနဲ့တိုင်းတာနေသမျှ ကာလပတ်လုံးတော့ ကမ္ဘာကြီးတစ်ခုလုံး ဒီလိုပဲ ပစ္စန္တရာဇ်အရပ်သဖွယ် ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့အဖွဲ့အစည်းမှာ ငွေနဲ့ခြယ်လှယ်တဲ့ လုပ်ရပ်မျိုးတွေ များသထက် များမလာအောင် တတ်စွမ်းသလောက် ကာကွယ်တားဆီးတာပဲ ဖြစ်ပါတယ်။ ကာကွယ်တားဆီးဖို့အတွက် ကျွန်တော်တို့ လက်နက်ကောင်းတစ်ခု ရှိပါတယ်။ ငွေရဲ့ အရှိန်အ၀ါ တန်ခိုးသြဇာအောက်မှာ မှေးမှန်နေတာကို ပွတ်သပ်အရောင်တင်ပြီး ထုတ်ယူသုံးစွဲနိုင်ပါတယ်။ အဲဒါကတော့ "စာနာစိတ်" ပါ။ ဘာသာတရားတိုင်းက ကိုယ်ချင်းစာစိတ်ထားဖို့ ဆုံးမကြပါတယ်။ ငွေက ဖျက်ဆီးလို့ ပျက်စီးသွားခဲ့ရတာပါ။ ဒါကို မွမ်းမံပြင်ဆင်ပြီး သုံးကြရမှာ ဖြစ်ပါတယ်။
မိုးကြိုးပစ်တာ ထန်းလက်ကာ
စာနာစိတ်ဆိုတာ ကိုယ်ကစပြီး ကျင့်သုံးရမှာပါ။ သူတစ်ပါးကို နိုင်ထက်စီးနင်း ပြုဖို့ဖြစ်လာရင် (ဥပမာ) လူတစ်ယောက်ကို ထိုးကြိတ်ရိုက်နှက်ဖို့ ဖြစ်လာရင် သူသာ ငါ့မိ ငါ့ဖ၊ ငါ့ညီအစ်ကိုမောင်နှမ ငါ့သား ငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့။ လူတစ်ယောက်ရဲ့ စည်းစိမ်ချမ်းသာကို ပျက်စီးအောင်လုပ်ဖို့ ကြုံကြိုက်လာရင် သူသာ ငါ့မိငါ့ဖ၊ ငါ့ညီအစ်ကို မောင်နှမ၊ ငါ့သား ငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့ပါ။ ဒီလို ကိုယ်ချင်းစာစိတ်နဲ့ အရာရာကို စဉ်းစားမယ်ဆိုရင် အရိုင်းစိတ်တွေ လျော့ပါးတန်သလောက် လျော့ပါးနိုင်ပါတယ်။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုတော့ ဖြစ်ပါတယ်။ အရာရာကို ငွေကခြယ်လှယ်တဲ့ စနစ်ကြီး ရှိနေသမျှတော့ လူတွေကို မရိုင်းအောင်လုပ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် ဒီအတိုင်း ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေလို့လည်း မဖြစ်ပါဘူး။ ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ် ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲ ဖြစ်ပါတယ်။
အတွဲ (၁၅) အမှတ် (၃၁)
May 12 Wednesday 2010
စာမျက်နှာ - ၂၂
No comments:
Post a Comment