ကျွန်ုပ်သည် အကျွန်ုပ်၏ ဆရာကို မြတ်နိုးလေးစားပါသည်။
သို့သော်
ကျွန်ုပ်သည် အကျွန်ုပ်၏ ဆရာကို လေးစားခြင်းထက် အမှန်တရားကို ပို၍ မြတ်နိုးပါသည်။
(အရစ္စတိုတယ်၊ ဂရိဂန္ထ၀င် ဒဿနပညာရှင်)
သို့သော်
ကျွန်ုပ်သည် အကျွန်ုပ်၏ ဆရာကို လေးစားခြင်းထက် အမှန်တရားကို ပို၍ မြတ်နိုးပါသည်။
(အရစ္စတိုတယ်၊ ဂရိဂန္ထ၀င် ဒဿနပညာရှင်)
[ပြောတတ်လိုက်တာ၊ ပြောရဲလိုက်တာ အရစ္စတိုတယ်ရယ်လို့ပဲ ဆိုရမယ်ထင်ပါရဲ့။ အင်းလေ... သူကတော့ ပြောနိုင်ရှာမှာပေါ့။ သူ့ဆရာကလည်း ပလေတို ဖြစ်နေတာကိုး။ တစ်ခုပဲ စဉ်းစားကြည့်မိတယ်။ ကြောင်တောင်တောင်နိုင်ချင်လည်း နိုင်မှာပေါ့နော်။ ဒီလိုပါ... အရစ္စတိုတယ်သာ အခုခေတ်မှာ သက်ရှိထင်ရှား ရှိနေသေးရင် ဘယ်လိုများ နေထိုင်ပြုမူပြောဆိုမလဲဆိုတဲ့ အတွေးပါ။ မကောင်းကျောင်းပို့လို့ ငယ်ငယ်တုန်းက ခဏခဏ ကြားဖူးပြောဖူးတယ်။ အိမ်မှာဆိုးချင်တိုင်းဆိုး၊ ပြောစကားလည်းနားမထောင်၊ လုပ်ချင်ရာလုပ်တတ်ပြီး ထိန်းလို့မနိုင်တဲ့ ကလေးတွေကို ကျောင်းကနေ ဆုံးမလိမ့်မယ်ဆိုပြီး ဆရာ၊ ဆရာမတွေလက်ထဲကို ၀ကွက်အပ်လိုက်တယ်လို့ ပြောချင်တယ်ထင်ပါရဲ့။ ဘုန်းကြီးကျောင်းတွေ ဘာတွေအထိတော့ ပြန်မဆင်းတော့ပါဘူးနော်။ အခုလည်း အဲဒီလိုပြောရမယ်ထင်တယ်။ မကောင်းရင် ခေတ်ကို လက်ညှိုးထိုးကြတာပေါ့ဗျာ။ သက်ရှိထင်ရှားရှိနေတဲ့ လူတွေကို လက်ညှိုးထိုးတာထက်စာရင်တော့ ခေတ်ဆိုတာကြီးကို လက်ညှိုးထိုးတာက ပိုပြီးများ အန္တရာယ်ကင်းမလားလို့ပါ။ မပြောချင်ပေမယ့် ပြောရဦးမယ်။ အရစ္စတိုတယ်ရဲ့စကားကို စော်ကားသလိုလည်း ဖြစ်မှာစိုးရသေးတယ်။ ကျွန်တော်လည်း ကျွန်တော့်ဆရာတွေကို မြတ်နိုးလေးစားပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် အမှန်တရားထက်တောင် သူတို့ကို ပိုလေးစားရပါသေးတယ်။ အို... စာဖတ်သူ၊ ခံစားချက်တွေများ တူနေခဲ့ရင် စိတ်မညစ်လိုက်ပါနဲ့။ မုန်တိုင်းရဲ့နောက်မှာ လေပြေလေးတွေ ပါလာတတ်စမြဲပါတဲ့။ ယုံကြည်လိုက်ကြရအောင်ပါ။]
မှတ်စု (၁၈)
လူငယ်ဟူသည်...
တက်ကြွလှုပ်ရှား၏
ရုန်းကန် ထိုးဖောက်၏
တီထွင်ကြံဆ၏
ရိုးသားပွင့်လင်း၏
စူးစူးနစ်နစ် လုံ့လပြု၏
ဖန်တစ်ရာတေ ခေါက်ရိုးကျိုး လမ်းဟောင်းကို စွန့်၏
အသစ်ကို တရှိုက်မက်မက် ပွေ့ဖက်ရင်ခုန်၏။
(အုပ်စိုးခိုင်)
တက်ကြွလှုပ်ရှား၏
ရုန်းကန် ထိုးဖောက်၏
တီထွင်ကြံဆ၏
ရိုးသားပွင့်လင်း၏
စူးစူးနစ်နစ် လုံ့လပြု၏
ဖန်တစ်ရာတေ ခေါက်ရိုးကျိုး လမ်းဟောင်းကို စွန့်၏
အသစ်ကို တရှိုက်မက်မက် ပွေ့ဖက်ရင်ခုန်၏။
(အုပ်စိုးခိုင်)
[ဘယ်စာအုပ်ထဲက ကူးယူထားမှန်း မသိတာကို ခွင့်လွှတ်ပါ။ လူငယ်တွေနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ဘယ်တော့မှ မရိုးတဲ့ အကြောင်းအရာတွေပါ။ လူငယ်တွေကို ဘာဖြစ်လို့ ဦးစားပေးခိုင်းရတာလဲ၊ လူငယ်တွေကို ဘာဖြစ်လို့ ရှေ့တန်းတင်နေရတာလဲ ဆိုတာကိုလောက်မှ မသိတဲ့လူတစ်ယောက်ဟာ လောကကြီးကောင်းဖို့ ဘာများလုပ်နိုင်မလဲလို့ စဉ်းစားမိတာ အကြိမ်ကြိမ်ပါ။ လူငယ်ဆိုတာ ပြဿနာရှာတတ်သူတွေလို့ပဲ နားလည်ထားကြတဲ့ လူကြီးတွေနဲ့ လူကြီးတွေဆိုတာ အလကားရှေးရိုးစွဲ ဖုန်တက်နေတဲ့ စာအုပ်ကြီးတွေလို့ မြင်တတ်ကြတဲ့ လူငယ်တွေကြားမှာ အမြဲတစေ ထိပ်တိုက်တွေ့ပြီး သဟဇာတမဖြစ်တာဟာ နေရာတိုင်းမှာပါ။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို မပြောချင်ပါဘူး။ ဒါပေမယ့် လူကြီးတွေအခုလုပ်နေတဲ့ အလုပ်မျိုးကို နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့် အခုလူငယ်တွေက လုပ်နိုင်လာမှာပါ။ အဲ... အခုလူငယ်တွေ လုပ်နိုင်တာမျိုးကိုတော့ လူကြီးဖြစ်နေတဲ့လူတွေ လုပ်နိုင်တော့မှာမဟုတ်တာ အသေအချာပါပဲ။ အရင်တုန်းက အဲဒီအရွယ်မှာ လုပ်ခဲ့သလား၊ မလုပ်ခဲ့သလားဆိုတာတော့ မသေချာခြင်းပါပဲ။ ကမ္ဘာကြီးရဲ့ တိုးတက်မှုကို တိုင်းတာတယ်ဆိုတဲ့ ပေတံအများစုကို လူငယ်တွေက ပြုလုပ်ဖန်တီးခဲ့ကြတယ်ဆိုတာ သမိုင်းစာအုပ် နှစ်အုပ်တောင် လှန်စရာလိုမယ် မထင်ပါဘူး။ သြော်.. အပေါ်ကမှတ်စုကို မျက်ခြေပြတ်သွားသလို ဖြစ်သွားပါတယ်။ လူငယ်ဆိုတာ အပေါ်ကပြောသလို အချက်တွေအပြင် အခြားအချက်တွေလည်း အများကြီး ရှိသေးတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီအချက်တွေနဲ့အညီ လှုပ်ရှားရုန်းကန်ကြိုးစားခွင့် လူငယ်တွေရဖို့အတွက်တော့ ဖန်တီးပေးဖို့လိုတယ်ဆိုတာ မေ့မထားကြပါနဲ့ဗျာ။ ကျွန်တော်တို့မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အသက်(၂၀)ကျော် တက္ကသိုလ်ကျောင်းသားဘ၀နဲ့ မြန်မာ့လွတ်လပ်ရေးအတွက် စတင်ကြိုးပမ်းခဲ့တာဖြစ်ပြီး လုပ်ကြံခံရတဲ့အချိန်မှာ အသက်(၃၂)နှစ်သာ ရှိသေးတဲ့ လူငယ်တစ်ဦးဆိုတာ ပြောလို့ရပါလျက်နဲ့ အခြားနိုင်ငံတွေကိုပဲ ကျော်မကြည့်ကြပါနဲ့လို့လည်း တစ်ဆက်တည်း တိုက်တွန်းလိုပါတယ်။ အောင်ဆန်းဆိုတဲ့ လူငယ်လေးကို အဲဒီအချိန်တုန်းက လူကြီးတွေက လေးစားကြ၊ ကူညီအားပေးကြ၊ ယုံကြည်ကြတာတွေသာ မရှိခဲ့ဖူးဆိုရင် ဘယ်လိုများဖြစ်လာနိုင်သလဲလို့ စဉ်းစားစရာကောင်းတယ်။ အခုလူကြီးတွေဟာ အရင်တုန်းက လူကြီးတွေလောက်တောင် အမြော်အမြင်မရှိဘူး၊ အမြင်မကျယ်ဘူးလို့ မဆိုချင်ပါဘူးဗျာ။ အဲ... ငါတို့က အဲဒီလိုပဲကွလို့တော့ ကိုယ့်စာတန်းကိုယ်ကပ်ပြီး လိုက်မကြော်ငြာကြပါနဲ့လို့တော့ တောင်းပန်ချင်သားပါ။]
မှတ်စု (၁၉)
ဇာတ်ကြီး (၁၀) ဘွဲ့
- တေမိယ
- ဇနက
- သုဝဏ္ဏသာမ
- နေမိ
- မဟောသဓ
- ဘူရိဒတ်
- စန္ဒကုမာရ
- နာရဒ
- ၀ိဒူရ
- ဝေဿန္တရာ
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ၀ိ၊ ဝေ - လို့ အတိုမှတ်ကြပါတယ်။
[မသိသေးသူတွေအတွက်၊ သိချင်သူတွေအတွက် ပြန်တင်ပေးရုံသက်သက်ပါ။ ဇာတ်ပွဲတွေကြည့်တဲ့အခါ၊ ရုပ်သေးပွဲတွေကြည့်တဲ့အခါ၊ အငြိမ့်တွေမှာ လူရွှင်တော်တွေက ပြက်လုံးထုတ်တဲ့အခါ ကြားသာကြားနေရတယ်၊ ကြည့်သာကြည့်နေရတယ် ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ ဘာတွေမှန်းလည်းမသိ၊ အဲဒီဇာတ်တွေက ဘယ်တွေလဲဆိုတာလည်း မသိတဲ့လူတွေ အတော်များတာကို တွေ့မိတဲ့အတွက် လိုလိုမယ်မယ် တင်ပေးထားတာပါ။]
မှတ်စု (၂၀)
ကျွန်ုပ်အား ဝေဖန်ကြသူများကို ကျွန်ုပ်၏ ဆရာအဖြစ် မှတ်ယူမည်။
ကျွန်ုပ်နှင့် သဘောထားချင်း တူညီသူများကို ကျွန်ုပ်၏ မိတ်ဆွေများအဖြစ် ဆက်ဆံမည်။
ကျွန်ုပ်အား မြှောက်ပင့်ပြောဆိုသူများကိုမူ ကျွန်ုပ်၏ ရန်သူအဖြစ် သတ်မှတ်မည်။
(ဆွန်ဇု၊ တရုတ်စစ်ပညာရှင်ကြီး)
ကျွန်ုပ်နှင့် သဘောထားချင်း တူညီသူများကို ကျွန်ုပ်၏ မိတ်ဆွေများအဖြစ် ဆက်ဆံမည်။
ကျွန်ုပ်အား မြှောက်ပင့်ပြောဆိုသူများကိုမူ ကျွန်ုပ်၏ ရန်သူအဖြစ် သတ်မှတ်မည်။
(ဆွန်ဇု၊ တရုတ်စစ်ပညာရှင်ကြီး)
[နိုင်ငံတကာစီးပွားရေးဂျာနယ်၊ အတွဲ-၇၊ အမှတ်-၅ ထဲက မှတ်သားဖွယ်ရာအဆိုအမိန့်များ ဆိုတာကနေ ကူးယူထားလိုက်တာဖြစ်ကြောင်း မှတ်စုစာအုပ်မှာ တွေ့ရပါတယ်။ အဲဒီတုန်းကလည်း စဉ်းစားခဲ့ဖူးမှာ သေချာတယ်။ အခုပြန်ဖတ်တော့လည်း စဉ်းစားရပြန်ရော။ သဘောကျလွန်းလို့ ကူးထားမိတယ်ဆိုတာတော့ သံသယမရှိပါဘူး။ ဒါပေမယ့် အရင်ဖတ်ခဲ့၊ မှတ်ခဲ့တုန်းက ခံစားချက်တွေနဲ့ ထပ်တူမကျတော့မှန်း သိနေတယ်။ အဲဒီတုန်းကတော့ ဆုံးဖြတ်ချက်ကလည်း ပြတ်သားနိုင်သေးတယ်၊ လူကလည်းငယ်သေးတော့ အတက်ကြွလွန်နေတဲ့ အချိန်လေ။ ဒါဆိုရင်ဒါပဲ။ အခုတော့ အသက်ကလေးကလည်းရလာ၊ အတွေ့အကြုံတွေကလည်း (အများကြီးမဟုတ်တောင်) ရှိသင့်သလောက် ရှိလာပြီဆိုတော့ အပေါ်က ဆွန်ဇုရဲ့ စာသားတွေကို ပြန်ဖတ်ရတာ တစ်မျိုးပဲ။ အိုး.... မေ့နေလိုက်တာ။ အခုလိုပြောနေတော့ အဓိပ္ပါယ်တွေက တစ်မျိုးဖြစ်သွားမယ်ထင်ပါရဲ့။ အရင်တုန်းကတော့ ကိုယ့်ကိုလာပြီး မြှောက်ပင့်နေသူတွေကိုလည်း မကြိုက်ဘူး။ အခြားသူတွေကိုလည်း မြှောက်ပင့်ပြောဆိုဖို့ အင်မတန် ၀န်လေးတယ်။ အခုတော့ ဘ၀ကသင်ပေးလိုက်တဲ့ သင်ခန်းစာတွေအရ အခြားလူတွေအတွက် လိုအပ်တယ်ထင်ရင် မြှောက်ပင့်ပြောဆိုနေရတယ်။ အံ့သြစရာကောင်းတာက သူတို့တွေက ကျွန်တော့်ကို ရန်သူလို့ မသတ်မှတ်ကြတာပဲ။ အေးလေ၊ သူတို့တွေက ဆွန်ဇုမှ မဟုတ်ကြတာပဲ။ အဲ... ကျွန်တော်လည်း ဆွန်ဇုမဟုတ်တာ သေချာပါတယ်။ စာဖတ်သူရော? ဆွန်ဇုလိုလူမျိုးလား၊ သိချင်စမ်းလိုက်တာဗျာ။]
မှတ်စု (၂၁)
အောင်မြင်ရေးအတွက် အချက် (၄) ချက်
ဆန္ဒ - ဆန္ဒကြီးမားဖို့
ဝီရိယ - ၀ီရိယကြီးမားဖို့
စိတ္တ - စိတ်အားထက်သန်ဖို့
ပညာ - လိုအပ်သောပညာ ပြည့်စုံဖို့
(ဗုဒ္ဓ)
ဆန္ဒ - ဆန္ဒကြီးမားဖို့
ဝီရိယ - ၀ီရိယကြီးမားဖို့
စိတ္တ - စိတ်အားထက်သန်ဖို့
ပညာ - လိုအပ်သောပညာ ပြည့်စုံဖို့
(ဗုဒ္ဓ)
[အောင်မြင်မှုဆိုတာ နယ်ပယ်အသီးသီးမှာ ရှိကြတာပဲမဟုတ်လား။ အဲဒီတော့ ဘာလုပ်ငန်းပဲဖြစ်ဖြစ်၊ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ်၊ ဘယ်လိုစာမေးပွဲပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် အထက်ကပြောတဲ့ (၄) ချက်နဲ့ ကိုက်ညီပြည့်စုံရမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဘယ်သူ့ကိုပဲမေးမေး အောင်မြင်ချင်ကြတယ်လို့ပဲ ဖြေကြမှာပါ။ ဒါပေမယ့် အောင်မြင်ဖို့အတွက် ဘာတွေလိုသလဲ ဆိုတာကိုတော့ သိတဲ့သူ အတော်နည်းတယ်။ အဲဒါကြောင့်လည်း အောင်မြင်တဲ့လူဆိုတဲ့ အရေအတွက်ဟာ နည်းနည်းလေးပဲ ရှိနေတာဖြစ်တယ်။ ထပ်ပြောရရင် အောင်မြင်ဖို့အတွက် လိုတာတွေကို သိနေရင်တောင်မှ အဲဒီလိုတာတွေကို မဖြည့်ဆည်းနိုင်၊ မလုပ်နိုင်လို့ မအောင်မြင်တဲ့သူတွေကလည်း ဒုနဲ့ဒေး။ ဘယ်သူကတော့ ဖြစ်ချင်စိတ်သိပ်ကြီးတာ၊ သိပ်ကြိုးစားတာ စတဲ့စကားသံတွေကို နေရာတော်တော်များများမှာ နားနဲ့မဆံ့လောက်အောင် စာဖတ်သူ ကြားဖူးနေကျ ဖြစ်မှာပါ။ မသိရင်တော့ တကယ်ပဲ အဲဒီလူဟာ ကြိုးစားနေတယ်၊ ဒါပေမယ့် ကြိုးစားသလောက်၊ ဖြစ်ချင်စိတ်ရှိသလောက် ဖြစ်မလာဘူး၊ မအောင်မြင်ဘူးလို့ ငြီးတတ်ကြတယ်။ အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံးအချက်ကို သူတို့စိတ်မ၀င်စားကြဘူးလေ။ ပညာဆိုတာကို မေ့ထားကြတာကိုး။ လိုအပ်သောပညာ ပြည့်စုံဖို့ဆိုတာ အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံးဆိုတာကို မြင်နိုင်၊ နားလည်နိုင်တဲ့လူ အတော်နည်းနေသေးတာကတော့ အတော်ကြီးကို ရင်နာဖို့ကောင်းတယ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံကြီးကို အောင်မြင်၊ တိုးတက်၊ ဖွံ့ဖြိုးစည်ပင်၊ ကြီးပွားစေချင်ကြတယ်တဲ့။ အပေါ်က(၄)ချက်နဲ့ ညီတဲ့တစ်နေ့တော့ ကျွန်တော်တို့အိပ်မက်တွေ တကယ်ဖြစ်လာမယ်ဆိုတာ အသေအချာပါ။ လောလောဆယ်တော့ လူတစ်ဦးချင်းဆီက အောင်မြင်အောင် ကြိုးစားကြစမ်းပါလို့ တိုက်တွန်းချင်ပါတယ်။]
မှတ်စု (၂၂)
ဦးမင်းလူ နုတ်ထွက်သွားခြင်း
ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့လူကို ဖိတွယ်တတ်တာဆိုရင်....။
ရိုးသားတယ်ဆိုတာ သူများ မကောင်းကြောင်းနဲ့ ကိုယ့်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင်....။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစုကောင်းစားရေး တစ်ခုတည်းအတွက် ကြံစည်တာဆိုရင်....။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးအပေါ် အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင်....။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ပီအေနဲ့ ခင်တယ်ဆိုတာကို ပြောတာဆိုရင်....။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက ငါ့နာမည်ရဲ့ဘေးမှာ
"ရာသက်ပန်ဖျက်သိမ်း" ဆိုတာလေး
တဆိတ်လောက် တေးမှတ်ထားလိုက်စမ်းပါကွယ်။
(မင်းလူ-၁၉၈၁၊ မင်းလူ၏ ကဗျာစု၊ ဦးမင်းလူ ကောင်းမှု မှ)
ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့လူကို ဖိတွယ်တတ်တာဆိုရင်....။
ရိုးသားတယ်ဆိုတာ သူများ မကောင်းကြောင်းနဲ့ ကိုယ့်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင်....။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစုကောင်းစားရေး တစ်ခုတည်းအတွက် ကြံစည်တာဆိုရင်....။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးအပေါ် အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင်....။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ပီအေနဲ့ ခင်တယ်ဆိုတာကို ပြောတာဆိုရင်....။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက ငါ့နာမည်ရဲ့ဘေးမှာ
"ရာသက်ပန်ဖျက်သိမ်း" ဆိုတာလေး
တဆိတ်လောက် တေးမှတ်ထားလိုက်စမ်းပါကွယ်။
(မင်းလူ-၁၉၈၁၊ မင်းလူ၏ ကဗျာစု၊ ဦးမင်းလူ ကောင်းမှု မှ)
[ကဲ... ဘယ်လောက်များ ခေတ်မီတဲ့ကဗျာလဲ။ ဒီနေ့အထိ ဖတ်မိတိုင်း တွေးနေရတုန်းပဲ။ တစ်ခါတစ်ခါတော့လည်း စဉ်းစားမိတယ်။ လူ့လောကကြီး တိုးတက်လာတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားပေါ့။ အရင်တုန်းက တဲကုပ်ကလေးတွေဟာ ဒီနေ့မှာ မိုးပျံတိုက်ကြီးတွေ ဖြစ်သွားကြတယ်။ အရင်တုန်းက နွားလှည်းတွေနဲ့ သွားနေရာကနေ ဒီနေ့မှာ လေယာဉ်ပျံတွေ၊ မီးရထားတွေဖြစ်သွားတယ်။ အရင်တုန်းက...... အခုတော့.....။ စသဖြင့်ပေါ့လေ။ အဲဒါတွေကို တိုးတက်တယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် လူတွေရဲ့ စိတ်ဓာတ်တွေရော တိုးတက်လာရဲ့လား၊ မြင့်မားလာရဲ့လားဆိုတာ ဘာဖြစ်လို့ အရေးတယူ မရှိကြသလဲလို့ တွေးမိတဲ့အခါ သက်ပြင်းတွေ အခါခါချမိတယ်။ အခုပဲကြည့်လေ၊ ဟိုးတစ်ချိန်းတုန်းက သူခံစားရသလို ရေးထားတဲ့ ဆရာမင်းလူရဲ့ ကဗျာဟာ ဒီနေ့ ကျွန်တော်တို့၊ စာဖတ်သူတို့ ထိုင်ဖတ်တော့လည်း အဲဒီတုန်းကအတိုင်းပဲ ပြန်မြင်၊ ပြန်ခံစားကြရတာပဲ မဟုတ်လား။ တကယ်တမ်းသာ လူ့လောကကြီး တိုးတက်ခဲ့ရိုးမှန်ရင် အပေါ်ကကဗျာကို ဖတ်နေရတဲ့အချိန်မှာ ဘာရေးထားမှန်းမသိဘူးလို့ ဖြစ်နေရမှာ။ နားမလည်တဲ့အတွက် လူကြီးသူမတွေကို ပြန်ရှင်းပြခိုင်းနေရမှာလေ။]
နောက်များမှ ဆက်ပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၄ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၁၈ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၄ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၁၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment