Friday, May 28, 2010

မြင်သမျှ၊ တွေ့သမျှ၊ ကြုံသမျှ၊ ကြားသမျှ


(၁)
ဝန်းကျင်တစ်ခွင်လုံးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြုံခဲ့ရတဲ့ပုံစံနဲ့ လုံးဝမတူတော့အောင် ပြောင်းလဲသွားတယ်။ သူမဟုတ်တဲ့ပုံစံနဲ့ စိမ်းကားနေလိုက်ပုံများက နရင်းအုပ်ချင်စရာတောင် ကောင်းသေးတော့တယ်။ အပင်လေးတွေကလည်း စိမ်းစိုလန်းဆန်းပြီး အရွက်တဝေေ၀နဲ့၊ ပုန်းလျှိုးကွယ်လျှိုးနေခဲ့တဲ့ မြက်ပင်တွေကလည်း ခေါင်းထောင်ရင်မော့လို့ ငွားငွားစွင့်စွင့်၊ လွင့်လွင့်ယိမ်းယိမ်းနဲ့ပေါ့။ ရေငတ်သူရေတွင်းထဲကျတာ ဘယ်လောက်ပျော်မလဲတော့ ကိုယ်တိုင်မကြုံဖူးတဲ့ အတိအကျမသိဘူး။ အခုတော့ နေပူပူအောက်မှာ ကော့နေအောင်ခံခဲ့ရတဲ့ သစ်ပင်ပန်းမာလ်တွေအားလုံး မိုးရေသောက်ခွင့် ရလိုက်တဲ့အတွက် ပြုံးပျော်စိမ်းစိုနေကြတယ်။ သူတို့ကိုကြည့်ပြီး ကိုယ်တောင်အလိုလို ပျော်လာသလိုလိုပါပဲ။ စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်ဟာ ကျွန်တော့်စိတ်ကို ငြိမ်းချမ်းစေလိုက်တာ။

(၂)
လွန်ခဲ့တဲ့ အပတ်ကအထိ သတင်းစာထဲမှာ နေ့စဉ်ရက်ဆက် ဖတ်လာခဲ့ရတာက မြန်မာနိုင်ငံက မြို့အသီးသီးရဲ့ စံချိန်တင် အပူချိန်တွေ ဖြစ်ပါတယ်။ ကိုယ်တိုင်ခံစားရတာ မဟုတ်ပါဘဲ ဖတ်ရတဲ့ ကိန်းဂဏန်းတွေကို ဖတ်ရတာနဲ့တင် စိတ်ထဲမှာ အလိုလိုနေရင်း ပူအိုက်အိုက်ကြီး ဖြစ်လာရတာပေါ့။ ဟော.. မနေ့က သတင်းစာဖတ်တော့ အပူချိန်တွေ မပါတော့ဘူး။ မှတ်သားဖွယ်ရာ မိုးရေချိန်များဆိုပြီး ပါလာပြီ။ သြော်... မြန်လိုက်တာနော်။ ရာသီဥတုများ အစိုးမရဘူးဆိုတာ အဲဒါကြောင့် ပြောတာထင်ပါရဲ့။ လူတိုင်းတမ်းတနေတဲ့အချိန်မှာ ရွာတဲ့မိုးမို့ ကြိုဆိုကြရမယ်ထင်ပါရဲ့။ တောင်သူတွေရဲ့ အပြုံးမျက်နှာတွေကို မြင်ယောင်ပြီး အလိုလိုပျော်လာမိတယ်။ မိုးရွာပြီလေ... စပါးတွေစိုက်ဖို့ စိတ်မပူရတော့ဘူး။ ဆည်တွေထဲကို ရေတွေပြန်ဝင်လာတော့မယ်။ ရေအားလျှပ်စစ်အတွက် ရေအရင်းအမြစ်တွေ ပြန်ရပြီ။ သောက်သုံးရေရှားပါးနေတဲ့ ဒေသတွေက သောက်ရေကန်တွေ ရေပြန်ပြည့်တော့မယ်။ သြော်... မျက်နှာပွင့်လိုက်တဲ့ မိုးပါလားနော်။

(၃)
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရွှေမြန်မာတွေ မျှော်နေကြတယ်။ အသည်းအသန်ကို မျှော်နေကြတာ။ ဘောလုံးကို အဲဒီလောက်ရူးသွပ်တဲ့ လူမျိုးတွေပါလားလို့ တွေးမိသေးတယ်။ ဒါပေမယ့် အဲဒီအတွေးကို အကြာကြီးမတွေးရဲဘူး။ ရူးသွပ်မှုရဲ့နောက်ကွယ်က တွန်းအားကို သိနေရတာကိုး။ အင်္ဂလန်ပရီမီးယားလိဂ်ပြီးသွားတယ်။ မြန်မာအချို့ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ ဒါပေမယ့် အီတလီနဲ့ စပိန်အထိ သွားအလုပ်လုပ်ကြပြန်ရော။ အီတလီစီးရီးအေနဲ့ စပိန်လာလီဂါလည်း စခန်းသိမ်းသွားတယ်။ အင်္ဂလန်က ပထမတန်းကလပ်တွေ play-off ကန်တာကို အားပေးကြပြန်ရော။ ဘောလုံးအပေါ်မှာ သံယောဇဉ်ကြီးပုံများ ပြောပါတယ်။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း မလွတ်တမ်းနွှဲလိုက်ကြသေးတာပဲ။ မော်ရင်ဟိုကို ထောက်ခံခဲ့ကြသူတွေကတော့ ပျော်တပြုံးပြုံးနဲ့ မော်မဆုံး ဖြစ်နေတာပေါ့လေ။ ဆရာကတော့ဆရာပါပဲလို့တွေးပြီး ရော်ဘင်ကို ယုံစားခဲ့သူတွေခမြာတော့ တောက်တခတ်ခတ်၊ လက်သီးတပြင်ပြင်နဲ့ပေါ့။ အင်တာမီလန်လည်း ချန်ပီယံလိဂ်ဖလား ရသွားတာကို မကျေနပ်ကြတာတော့ ဟုတ်ဟန်မတူပါဘူး။ သူ့အကြောင်းနဲ့သူ နေမှာပေါ့လေ။ ဟော... အခုကြည့်ဦး။ ဥရောပဘောလုံးပွဲတွေ မရှိတော့တဲ့အတွက် အလုပ်လက်မဲ့တွေ အများကြီးဖြစ်သွားတယ်။ ပြောစရာအလုပ်က တစ်ခုပဲရှိတော့တယ်။ လာမယ့်ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ဘယ်လိုရှိတယ်ဆိုတာပေါ့။ ကြိုတင်စိတ်ကူး ပုံဖော်တွက်ချက် နေလိုက်ကြပုံများကတော့ ကိုယ့်မြန်မာအသင်းပဲ ကမ္ဘာ့ဖလားဝင်ကန်မှာလိုလို။ မြန်မာတွေ ဘောလုံးကို ရူးသွပ်အားပေးကြပုံ ပြောပါတယ်။ လူရွှင်တော်တွေပြောတဲ့ စကားကို ပြန်တွေးမိတယ်။ အဲဒီလိုများ ဖြစ်နေပြီလား မသိဘူး။ ရေးမပြတော့ပါဘူး။ အားလုံးလည်း သိနေတာပဲကိုး။

(၄)
မိတ်ဆွေတွေနဲ့စကားပြောလို့ သူတို့ဆွေမျိုးတွေ၊ မောင်နှမသားချင်းတွေအကြောင်း ပြောတဲ့အခါတိုင်း မကြာခဏ ကြားရတတ်တဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဘယ်သူကတော့ ကျောင်းပြီးသွားပြီ။ အလုပ်ရှာနေတုန်းပဲ ရှိသေးတယ်ဆိုတဲ့စကားပါ။ အဲဒီအထိ လက်ခံပါတယ်။ နောက်ဆက်တွဲ ဆက်ပြောလာတဲ့ စကားကြောင့် ခဏခဏ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ လူမှုရေးအရ ဘယ်တုန်းကမှ ကျွန်တော့်ခံယူချက်ကို အဲဒီလိုစကားဝိုင်းတွေမှာ ပြောမပြဖြစ်ပါဘူး။ လူဆိုတာမျိုးက ကိုယ်လက်ကိုင်ထားတာတစ်ခုကို လွှတ်ချပစ်ဖို့ အင်မတန်ဝန်လေးတတ်ကြတာမဟုတ်လား။

ဒီလိုပါ။ ခေတ်ကလည်းကွာ၊ ဘွဲ့ရပြီးတာတောင် အလုပ်ရှာလို့မရတဲ့ခေတ် ဖြစ်နေပြီဆိုတဲ့ စကားပါ။ ဘွဲ့တစ်ခုရရင် အလုပ်တစ်ခုရမယ်လို့ ဘယ်သူကများ ပြောခဲ့ပါလိမ့်။ ထားပါတော့။ စနစ်တွေ၊ ဘာရေးတွေ၊ ညာရေးတွေကို မပြောလိုပါဘူး။ ဘွဲ့ရပြီးထိုင်နေရတယ်၊ အလုပ်လိုက်ရှာနေတယ် ဆိုကတည်းက အဲဒီဘွဲ့ရဟာ စာရွက်ပေါ်ကဘွဲ့ကိုသာ ရထားတဲ့လူလို့ တပ်အပ်ပြောလို့ရပါတယ်။ ဆိုလိုတာက ကိုယ်ရခဲ့တဲ့ ဘွဲ့နဲ့ပတ်သက်တဲ့ နယ်ပယ်မှာ ကျွမ်းကျင်ပိုင်နိုင်လို့ ရခဲ့တာမဟုတ်ဘူးလို့ ပြောချင်တာပါ။ တကယ်တမ်းသာ ကျွမ်းကျင်ပိုင်နိုင်ခဲ့မယ်ဆိုရင် အလုပ်ကို လိုက်ရှာစရာ မလိုပါဘူး။ အလုပ်ကသာ ကိုယ့်ကို လိုက်ရှာပါလိမ့်မယ်။ အချို့တွေများဆိုရင် ဘာဘွဲ့မှ မရပါဘူး။ ဒါပေမယ့် ကျွမ်းကျွင်ပိုင်နိုင်စွာ တတ်မြောက်ထားတဲ့ ပညာရပ်တစ်ခုခုကို အသုံးချပြီး အသက်မွေးဝမ်းကျောင်း လုပ်နေသူတွေမှ ဒုနဲ့ဒေးပါ။ စာမေးပွဲဖြေခါနီး နှစ်ပတ်လောက်အလိုမှ အနီးကပ်ကျူရှင်တက်၊ စာမေးပွဲဖြေပြီး အောင်လာပြီးကာမှ ဘွဲ့ရတဲ့အခါ အလုပ်ရှာလို့မလွယ်ဘူးလို့ ငြီးနေတာကတော့ သိပ်တော့ သဘာဝမကျဘူးလို့ ထင်တာပါပဲ။

တကယ်သာ အလုပ်မရှိဘူးဆိုရင် သတင်းစာမှာ၊ ဂျာနယ်တွေမှာ၊ မဂ္ဂဇင်းတွေမှာ၊ လူမြင်ကွင်းတွေမှာ အလုပ်ခေါ်တဲ့ကြော်ငြာတွေ မြင်စရာ၊ ဖတ်စရာအကြောင်းကို မရှိပါဘူး။ အလုပ်ရှားတာမဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့အလုပ် ရှားတာဖြစ်ပါတယ်။ လစာကောင်းကောင်းလိုချင်တယ်၊ သက်သက်သာသာနဲ့ လုပ်ရမယ့်အလုပ်မျိုး ဖြစ်ချင်တယ်၊ သဘောကောင်းတဲ့ဘော့စ်နဲ့ပဲ တွေ့ချင်တယ်၊ စတဲ့စတဲ့ အချက်တွေသတ်မှတ် ပြဋ္ဌာန်းပြီး အလုပ်လိုက်ရှာနေမှတော့ ဘယ်ကလာပြီး အလုပ်ရတော့မှာလဲ။ အလုပ်ခေါ်မယ့်လူက လိုချင်တဲ့အရည်အချင်းတွေ ကိုယ့်မှာပြည့်စုံနေရဲ့လားကိုတော့ စိတ်မ၀င်စားဘဲ ကိုယ်လိုချင်တဲ့အချက်တွေနဲ့ ပြည့်စုံတဲ့အလုပ် ဘယ်မှာရှိမလဲဆိုပြီး လိုက်ရှာနေမှတော့ ဘယ်ကလာပြီး အလုပ်ရတော့ပါ့မလဲ။

တကယ်အလုပ်လုပ်ချင်သူ၊ တကယ်အရည်အချင်းရှိသူအတွက် အလုပ်လုံးဝ မရှားပါဘူး။ ရွေးချယ်စရာတွေနဲ့တောင် ပြည့်နေပါသေးတယ်။ တစ်ခါတစ်ရံမှာ စာရွက်ပေါ်ကအရာတွေဟာ ဘာမှအသုံးမ၀င်ဘူးဆိုတာကို အဲဒီလူတွေ သဘောပေါက်နားလည်အောင် ဘယ်လိုများ ရှင်းပြရမလဲ။ ကြက်တူရွေးတစ်ကောင်ကို စကားပြောသင်ပေးပြီး အဲဒီကောင်လူဖြစ်ပြီလို့ တံဆိပ်ကပ်ပေးလို့ ရမလားဆိုတာကို မဆီမဆိုင် တွေးနေမိသေးတယ်။

အမြင်မတူတာတွေအတွက်၊ လက်မခံနိုင်တာတွေအတွက် တစ်စုံတစ်ရာ ပြောလိုသည်များ ရှိလာခဲ့ရင် ကြိုဆိုလျက်ပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၈ ရက်၊ သောကြာနေ့။
နံနက် ၉ နာရီ ၁၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics