ကျောင်းဆရာဘ၀နဲ့ လူငယ်တွေကို စာသင်နေစဉ်က အားငယ်တဲ့စိတ်၊ ကြောက်တတ်တဲ့စိတ်ကို ပျောက်အောင်လုပ်လို့ ရသလားဆိုတဲ့ မေးခွန်းကို ခဏခဏ အမေးခံရပါတယ်။ အားငယ်စိတ်နဲ့ ကြောက်စိတ်ဟာ မြန်မာလူငယ်တွေ အတော်များများ (အများစုလို့တောင် ပြောရင် ရမယ်ထင်ပါတယ်) မှာ ရှိနေကြတာကိုလည်း သတိထားမိခဲ့ပါတယ်။
ကြောက်တော့ မတတ်ဘူး
အားငယ်တယ်ဆိုတဲ့နေရာမှာ တချို့က အလကားနေရင်းကို အားငယ်တတ်ကြတယ်။ အတန်းထဲမှာ အင်္ဂလိပ်စကား ၀ိုင်းပြောနေကြရင် "ငါပြောတာ မှားသွားလေမလား"၊ "ငါက သူတို့လောက် တော်တာမဟုတ်ဘူး" ဆိုတဲ့ အားငယ်စိတ်နဲ့ ၀င်မပြောဘူး။ နှုတ်ပိတ်နေတယ်။ ဒီတော့ ဘယ်လိုလုပ် စကားပြောတတ်တော့မှာလဲ။ သံလျင်ကို သင်္ဘောနဲ့မှ သွားလို့ရတဲ့ ခေတ်က တစ်ကျောင်းလုံး သံလျင်ကို ပျော်ပွဲစားထွက်တာကို ရေလမ်းခရီးမို့ မလိုက်ရဲဘူးဆိုပြီး နေရစ်ခဲ့တာမျိုးတွေလည်း တစ်ယောက်၊ နှစ်ယောက် မကပါဘူး။ မိန်းကလေးတွေတင် မဟုတ်ဘူး။ ရေကြောက်တဲ့ ယောက်ျားလေးတွေပါ ရှိတယ်။ သံလျင်လောက် ရေလမ်းခရီးကိုတောင် ကြောက်နေတော့ ချောင်းသာကို တစ်နှစ် နှစ်ခေါက်လောက် အမြဲသွားနေတာ သူတို့ ဘယ်တော့မှ မလိုက်ရပါဘူး။ ပဲခူး နေ့ချင်းပြန် ခရီးလောက်ပဲ သူတို့ လိုက်နိုင်ကြတယ်။
ပြင်လို့ရတယ်
အားငယ်စိတ်တို့၊ ကြောက်စိတ်တို့ဆိုတာ မွေးရာပါဗီဇမို့ ပြင်မရနိုင်တော့ဘူးလို့ထင်ပြီး သူတို့တစ်တွေ အမြဲ အားငယ်နေတတ်ကြတယ်။ မွေးရာပါ ဗီဇပဲဖြစ်ဖြစ်၊ ဒီခေတ်အခေါ် DNA အရပဲဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ပဲ ဖြစ်လာဖြစ်လာ ပြင်လို့မရဘူးဆိုတာ မယုံပါဘူး။ ကာယကံရှင် ကိုယ်တိုင်က ပြုပြင်ချင်တဲ့စိတ် ပြင်းပြင်းပြပြရှိမယ်၊ ပြုပြင်ဖို့ ကြိုးစားတဲ့ နည်းလမ်းလည်း မှန်ကန်မယ်ဆိုရင် ပြုပြင်လို့ရတယ်လို့ ယုံကြည်တယ်။ အဲဒီအတိုင်း ကျောင်းသူကျောင်းသားတွေကို အမြဲပြောပြခဲ့တယ်။ နှစ်ပေါင်းနှစ်ဆယ်၊ အစိတ် လူငယ်တွေနဲ့ လက်ပွန်းတတီးနေလာတဲ့ အတွေ့အကြုံအရ အားငယ်စိတ်တို့၊ ကြောက်စိတ်တို့ ဖြစ်ပေါ်လာရတာဟာ မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ဖန်တီးမှုကြောင့် ဖြစ်ရတာကများကြောင်း တွေ့ရပါတယ်။
ထိန်းသိမ်းမှုနဲ့ဆိုင်
လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ စရိုက်ဝါသနာတို့ဟာ သူငယ်စဉ်က ဘယ်လိုထိန်းသိမ်းမှုနဲ့ ကြီးပြင်းလာရသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအရ သားသမီးတွေကို မိဘတွေ၊ အထူးသဖြင့် အမေတွေက တကယ်ကို ရင်အုပ်မကွာ မွေးမြူထိန်းသိမ်း စောင့်ရှောက်ကြတာ ဖြစ်ပါတယ်။ ဗိုင်းကောင်းကျောက်ဖိဖြစ်ဖို့၊ လူကြီးသူမစကား မြေ၀ယ်မကျ နားထောင်ဖို့၊ အထွန့်မတက်ဖို့ အလေးထားသင်ကြားပေးပါတယ်။ လဲမှာကွဲမှာစိုးလို့ မပြေးနဲ့၊ မခုန်နဲ့၊ စက်ဘီးမစီးနဲ့၊ ရေနားမသွားနဲ့၊ အမြင့်မတက်နဲ့ စသဖြင့် "တဟဲ့ဟဲ့" နဲ့ တားဆီးပိတ်ပင်မှုတွေ လွန်ကဲလေ့ရှိတယ်။ ဒီတော့ ကလေးဘ၀မှာ ကလေးလို လွတ်လွတ်လပ်လပ်၊ ပေါ့ပါ့ပါးပါး ပြေးလွှားကစားရတာ နည်းပါးပြီး တစ်ခုခု လုပ်တော့မယ်ဆိုရင် နောက်ကိုပြန်ပြီး လှည့်ကြည့်လှည့်ကြည့်နဲ့ အမေမြင်မှာ လန့်နေရပါတယ်။ အမေ မမြင်တာ သေချာမှပဲ စိတ်လွတ်ကိုယ်လွတ် ဆော့ရဲပါတော့တယ်။
ကလေးတွေ လိမ်တတ်တာ
အဲဒီကလေးမျိုးမှာ မကောင်းတဲ့စိတ်ဓာတ်နှစ်မျိုး ပျိုးထောင်ပေးသလို ဖြစ်သွားပါတယ်။ တစ်ခုက စိတ်ထဲရှိတဲ့အတိုင်း ရဲရဲဝံ့ဝံ့၊ လွတ်လွတ်လပ်လပ် မလုပ်ရဲဘဲ အဆူခံရမှာကို အမြဲကြောက်လန့်နေတဲ့စိတ်ဓာတ် ဖြစ်ပါတယ်။ အားငယ်စိတ်တို့၊ ကြောက်စိတ်တို့ဆိုတာက ဒီကစတာပါ။ နောက်တစ်ခုကတော့ လူရှေ့သူရှေ့မှာ လူလိမ္မာလေးယောင်ဆောင်နေပြီး မမြင်ကွယ်ရာကျမှ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်ချင်ရာလုပ်တဲ့စိတ်ဓာတ် ၀င်သွားခြင်းဖြစ်တယ်။ ကလေးတွေ လိမ်တတ်ညာတတ်တာဟာ မိဘတွေက တားဆီးပိတ်ပင်မှုတွေ လွန်ကဲလွန်းလို့ ဖြစ်တတ်တာ များပါတယ်။ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အစိုးရိမ်လွန်ပြီး "တဟဲ့ဟဲ့" နဲ့ မနားတမ်း လိုက်ပြီး ဟန့်တား (over protection) နေရင် ကလေးဟာ ဘာမှ မလုပ်ရဲ မကိုင်ရဲ သူရဲဘောကြောင်ပြီး လူတောမတိုးရဲ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် ပိုက်ဆံရှိသားသမီးတွေမှာ ဒီလိုစိတ်မျိုးတွေ များတတ်ပါတယ်။ အဖေရော အမေပါ အလုပ်လုပ်ရတဲ့ မိသားစုက သားသမီးများ ဒီလောက် မဆိုးပါဘူး။ သူတို့က ပိုက်ဆံရှိ သားသမီးများထက် လွတ်လပ်မှု ပိုရလို့ ဖြစ်ပါတယ်။
ရေကြောက်တဲ့ အညာသား
ကျွန်တော်က အညာသားပါ။ မြစ်၊ ချောင်း၊ အင်းအိုင်တွေနဲ့ မနီးစပ်လို့ ရေနဲ့ မယဉ်ပါးပါဘူး။ ဆယ်တန်းမအောင်ခင်ကတည်းက စက်ဘီးစီး၊ ဆိုင်ကယ်စီး၊ ကားမောင်းတတ်ခဲ့ပေမယ့် ရေမကူးတတ်ပါဘူး။ ကောလိပ်ရောက်မှ စစ်ကိုင်းဘက် ပျော်ပွဲစားထွက်ရင်း ရေနဲ့ရင်းနှီးလာတာပါ။ သရက်ပင်ဆိပ်မှာ သူများတွေ ရေကူးဆော့ကစားတာကိုကြည့်ပြီး ရေကူးတတ်ချင်လာတာကြောင့် ၀ါးဖောင်စွန်းကိုင်ပြီး ခြေထောက် ဘောင်ဘင်ခတ်ကြည့်ပါတယ်။ တဖြည်းဖြည်းနဲ့ ၀ါးဖောင်ကိုလွှတ်ပြီး သူများတွေ ကူးသလို ကူးကြည့်ပါတယ်။ တစ်မနက်ခင်းနဲ့ တစ်ညနေခင်း ကူးကြည့်လိုက်တာနဲ့ ရေကူးခြင်းသဘောတရားကို တတ်မြောက်သွားပြီး ခါးလောက်နက်တဲ့ ရေစပ်မှာ သုံးလေးလျားလောက်တော့ ကူးနိုင်သွားပါတယ်။ ဒီလိုနဲ့ပဲ ကျွမ်းကျွမ်းကျင်ကျင် မဟုတ်ပေမယ့် ရေကူးတတ်သွားခဲ့ရပါတယ်။ အသက် ၂၉ နှစ်အရွယ် ကိုးကိုးကျွန်းရောက်သွားတော့မှပဲ ကူးနည်းမျိုးစုံကို ကျွမ်းကျင်သွားခဲ့ရတာပါ။ ဒါတောင် ဆရာမြသန်းတင့်လို တစ်နာရီ မရပ်မနား ကူးနိုင်တဲ့ စံချိန်မျိုးတော့ မရခဲ့ပါဘူး။
ခွေးကလေး ရေကူးတယ်
ရေကြောက်တဲ့စိတ်ဆိုတာ ရေထဲဆင်းမှ ပျောက်ပါတယ်။ ရေကြောက်လို့ ရေထဲမဆင်းရင် တစ်သက်လုံး ရေကြောက်နေမှာပါပဲ။ ခွေးကလေး၊ ကြောင်ကလေးတွေ ရေထဲတွန်းချလိုက်ရင် သူ့အလိုလို ကူးသွားတတ်သလိုပါပဲ။ လူတွေလည်း ရေထဲဆင်းကူးကြည့်ရင် ကူးတတ်တာ တွေ့ရမှာပါ။ မကူးတတ်သေးတောင် ယက်ကန်ယက်ကန်နဲ့ ခြေလှုပ်လက်လှုပ်လုပ်တာကြောင့် ချက်ချင်းကြီး ရေထဲနစ်မသွားပါဘူး။ ရေပေါ်မှာ ပေါ်နေဦးမှာပါ။ ရေကူးတယ်ဆိုတာ ခြေလှုပ်လက်လှုပ် လုပ်တာပဲ။ သိပ်အခက်ကြီး မဟုတ်ပါဘူး။ ခြေလက်လှုပ်တာကို အနေအထား မှန်မှန်ကန်ကန် လုပ်တတ်သွားရင် ရေကူးတတ်တာပါပဲ။ အရေးကြီးတာက ရေကြောက်တဲ့စိတ် မရှိဖို့ပဲ ဖြစ်တယ်။ ကြောက်စိတ်နဲ့ ၀ူးဝူးဝါးဝါး အော်ဟစ်လိုက်လို့ ပါးစပ်ထဲ၊ နှာခေါင်းထဲ ရေတွေဝင်ပြီး နစ်သွားတာပါ။
ကြောက်စိတ်ကိုသာ ကြောက်
ရေကြောက်စိတ်လိုပဲ ဘယ်လိုကြောက်စိတ်မျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအားငယ်စိတ်မျိုးပဲဖြစ်ဖြစ် တကယ်ပျောက်အောင် ဖျောက်ချင်ရင် ပျောက်ပါတယ်။ ဘေးအန္တရာယ်ဆိုတာ တွေးပြီးကြောက်နေရင် ဘယ်တော့မှ ပျောက်မသွားဘဲ အမြဲ ကြောက်နေရမှာ ဖြစ်တယ်။ ရဲရဲဝံ့ဝံ့နဲ့ "လာမယ့်ဘေး ပြေးတွေ့" ဆိုသလို ပြေးပြီးရင်ဆိုင်လိုက်ရင် ခဏလေးအတွင်း ပြီးသွားမှာပဲ။ ရှုံးချင်ရှုံးမယ်။ နိုင်ချင်နိုင်မယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲ တထင့်ထင့်နဲ့ ကြောက်နေရတဲ့စိတ်တော့ ပျောက်သွားမှာပဲ။ ရှုံးတာက ကြောက်စရာ မဟုတ်ပါဘူး။ မရှုံးဖူးတဲ့လူ လောကမှာ မရှိပါဘူး။ ကြောက်စရာကောင်းတာက ကြောက်စိတ်ဖြစ်တယ်။ အရှုံးမဟုတ်ပါဘူး။ ကြောက်စိတ်ကြောင့် ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကြောက်တတ်တဲ့၊ အားငယ်တတ်တဲ့၊ တွေးပူတတ်တဲ့ သူတွေအတွက် ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါမယ်။ ကွန်ပျူတာဖိုင်ဟောင်းထဲက အင်္ဂလိပ်ကဗျာလေးပါ။ ရေးသူအမည်လည်း မသိပါဘူး။ ကဗျာလေးရဲ့ ခေါင်းစဉ်က "Why Worry" ပါ။
လောကမှာ တွေးပူစရာ နှစ်ခုပဲရှိတယ်၊
ကျန်းမာတာနဲ့ မကျန်းမာတာ ဖြစ်တယ်။
ကျန်းမာနေရင် ဘာမှ ပူစရာမရှိတော့ဘူး။
ဒါပေမယ့် မကျန်းမာရင်တော့ ပူစရာနှစ်ခုရှိတယ်၊
နေပြန်ကောင်းရင်ကောင်း၊
မကောင်းရင် သေသွားနိုင်တယ်။
နေကောင်းသွားရင် ဘာမှ ပူစရာမရှိတော့ဘူး၊
သေသွားရင်လည်း ပူစရာနှစ်ခုပဲ ရှိတယ်၊
ကောင်းကင်ဘုံ ရောက်ရင်ရောက်၊
မရောက်ရင် ငရဲပေါ့။
ကောင်းကင်ဘုံကို ရောက်သွားရင်တော့
ဘာမှ ပူစရာမရှိတော့ဘူး။
ဒါပေမယ့် ငရဲကို ရောက်သွားရင်လည်း၊
မိတ်ဟောင်းဆွေဟောင်းတွေကို လက်ဆွဲနှုတ်ဆက်ပြီး၊
အလုပ်တွေ ရှုပ်နေရတာနဲ့၊
ပူနေဖို့အချိန်တောင် ရှိမှာမဟုတ်ပါဘူး။
စာမျက်နှာ - ၁၆၉ မှ ၁၇၃ ထိ
No comments:
Post a Comment