ပျော်ရွှင်မှု (၃) ပါး
တစ်သမတ်တည်း ပျော်ရွှင်စေနိုင်တဲ့ စိတ်ထားမျိုးကို မွေးမြူထိန်းသိမ်းရမယ့် ပျော်ရွှင်နည်းသုံးပါးကို တင်ပြပါမယ်။
(၁) သူတစ်ပါးကို ကူညီရတဲ့ ပျော်ရွှင်မှု
(၂) ရောင့်ရဲခြင်းရဲ့ ပျော်ရွှင်မှု
(၃) လောကဓံတရားကို ခံနိုင်ခြင်းရဲ့ ပျော်ရွှင်မှု
တွေ ဖြစ်ပါတယ်။
တစ်သမတ်တည်း ပျော်ရွှင်စေနိုင်တဲ့ စိတ်ထားမျိုးကို မွေးမြူထိန်းသိမ်းရမယ့် ပျော်ရွှင်နည်းသုံးပါးကို တင်ပြပါမယ်။
(၁) သူတစ်ပါးကို ကူညီရတဲ့ ပျော်ရွှင်မှု
(၂) ရောင့်ရဲခြင်းရဲ့ ပျော်ရွှင်မှု
(၃) လောကဓံတရားကို ခံနိုင်ခြင်းရဲ့ ပျော်ရွှင်မှု
တွေ ဖြစ်ပါတယ်။
[ပျော်ရွှင်မှုဆိုတာ လူတိုင်းလိုချင်တပ်မက်ကြတဲ့ အရာပါ။ သို့ပေသော်လည်း ကိုယ့်စိတ်ပျော်ဖို့အတွက်သာ လူတွေဟာ ကြိုးစားလှုပ်ရှားနေကြတာပါလေ။ တကယ်တမ်း ပျော်ရွှင်နိုင်တဲ့ အကြောင်းအရာတွေကိုတော့ မေ့ထားတတ်ကြတာ များပါတယ်။ အထူးသဖြင့် လတ်တလော စိတ်ကျေနပ်ပျော်ရွှင်စေမယ့် အရာတွေနဲ့ပဲ မိန်းမူးနေကြတာ များပါတယ်။ ပြန်တွေးတဲ့အချိန်တိုင်း တစိမ့်စိမ့်ကြည်နူး ပျော်ရွှင်ရတာမျိုးကိုတော့ ခံစားဖူးကြတဲ့လူ နည်းပါးပါတယ်။ အားမနာတမ်းပြောရရင်တော့ ကျွန်တော်တို့လူသားတွေဟာ ပျော်ရွှင်မှုအတုအယောင်တွေနဲ့ လုံးပမ်းနေကြတာ များပါတယ်လေ။ အပေါ်မှာဆိုထားတဲ့ ပျော်ရွှင်မှုတွေကလည်း အလုံးစုံပြည့်စုံတယ်လို့ မဆိုနိုင်ပေမယ့် ဘ၀အတွက်တော့ အတော်လေးကို အထောက်အကူပြုမှာ သေချာပါတယ်။ သေသေချာချာတွေးကြည့်ရင်၊ တကယ်လိုက်နာမယ်ဆိုရင် အသုံးဝင်မယ်ထင်ပါရဲ့။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ။]
အိုင်တီခေတ်လူသားဟာ သတင်းနဲ့နည်းပညာ ပြန့်ပွားမှု အမြန်နှုန်းကို အမီလိုက်နိုင်အောင် ကြိုးစားရပါတယ်။ အမှီမလိုက်နိုင်တဲ့လူတွေ၊ ခေတ်ဟောင်းကို အကြောင်းအမျိုးမျိုးကြောင့် တွယ်ဖက်ထားချင်သူတွေကတော့ နည်းပညာဆန့်ကျင်ရေး သဘောထား၊ ဒါမှမဟုတ် နည်းပညာကြောက်ရောဂါ (Technophobia) စွဲကပ်ခံကြရပါတယ်။
[၂၀၀၄ ခုနှစ်လောက်ကတည်းက ကျွန်တော့်မှတ်စုစာအုပ်ထဲမှာ မှတ်ထားခဲ့တဲ့ စာသားအချို့ပါ။ အခု ၂၀၁၀ ခုနှစ်ကိုတောင် ရောက်နေပြီ။ ကျွန်တော်တို့နိုင်ငံမှာ အခုအချိန်အထိ အထက်ပါစကားဟာ ခေတ်မီနေသေးတာကို တွေ့ရတဲ့အတွက် အံ့သြမိတာ အမှန်ပါပဲ။ တကယ်ဆိုရင် ဒီလိုအချိန်မျိုးမှာ အပေါ်ကစကားမျိုးကို ဖတ်ရ၊ ကြားရတဲ့အခါ ကျွန်တော်တို့တွေက ဟားတိုက်ရယ်မောနေကြရမှာပါ။ အခုတော့ နည်းပညာလှိုင်းလုံးကြီးက ကမ္ဘာကြီးတစ်ခုလုံးကို အရှိန်အဟုန် ပြင်းစွာနဲ့ အပြားခတ်လိုက်ပေမယ့် ကျွန်တော်တို့တွေက ဘာဖြစ်လို့ ပြားနေတဲ့ကမ္ဘာမှာ အဖုအထစ်လေးအဖြစ်နဲ့ ကျန်နေရစ်ခဲ့ရသလဲဆိုတာကို နားမလည်နိုင်ဘူး။ မြင်းဆိုတာ ကန်တတ်ပါတယ်။ စိတ်မထင်ရင်လည်း စီးနေတဲ့သူကို ခါချတတ်ပါတယ်။ မြင်းကန်ခံရရင်၊ ခါချလို့ မြင်းပေါ်က ပြုတ်ကျရင် စီးတဲ့လူအတွက် ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကိုကြောက်လို့ မြင်းဆိုတာကို မထိဘူး၊ မကိုင်ဘူး၊ မစီးဘူးဆိုရင်တော့ သဘာဝမကျပါဘူး။ မြင်းနဲ့ခရီးနှင်ရင် ဘယ်လောက်ခရီးပေါက်တယ်၊ မြင်းတစ်ကောင်ကို အသုံးချနိုင်ရင် ဘယ်လောက်အကျိုးများတယ်ဆိုတာ သုံးနေတဲ့လူတွေကို သွားမေးကြည့်စရာတောင် လိုမယ်မထင်ပါဘူး။ သူများတွေ မြင်းစီးပြီး ခရီးနှင်နေတဲ့အချိန်မှာ ခြေလျင်လျှောက်ပြီး "အန္တရာယ်ကင်းတယ်ကွ" လို့ အော်နေတာမျိုးကတော့ ဂလိုဘယ်မဖြစ်လှဘူးလို့ ထင်မိတာပါပဲဗျာ။ ကျွန်တော်တို့တွေ ဘယ်တော့များမှ မြင်းစီးခွင့်ရမလဲလို့ တွေးမိတဲ့အခါတိုင်း ရင်ထဲမှာ အသက်ရှူကြပ်လာမိတယ်။]
သူငယ်ချင်းရယ်.. နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်အောင်ဆိုတာ ကြိုးစားရင် ရပါတယ်။ အရေးကြီးတာက ကိုယ့်အစဉ်အလာ၊ ကိုယ့်ကိုယ်ပိုင် သဘာဝနဲ့ ကိုယ့်ယဉ်ကျေးမှုကို ထိန်းနိုင်တဲ့သတ္တိ ရှိဖို့ပါပဲ။
[ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်တာဟာ နိုင်ငံသားတိုင်းရဲ့ဆန္ဒဖြစ်ပါလိမ့်မယ်။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူချင်တာဟာလည်း မွေးရာပါမျှော်လင့်ချက် ဖြစ်ပါလိမ့်မယ်။ ငါ့နိုင်ငံဆိုတဲ့စိတ်နဲ့ လက်မထောင်ချင်၊ ခေါင်းမော့ချင်၊ ၀ံ့ကြွားပြောဆိုချင်ကြမှာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့်လည်း အဲဒီလို ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ ကိုယ့်ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေ၊ အစဉ်အလာဓလေ့ထုံးတမ်းတွေ ပွန်းပဲ့သွားတာမျိုးကို ဘာဖြစ်လို့ ခွင့်ပြုနေကြရသလဲ ဆိုတဲ့မေးခွန်းကို မကြာခဏ စဉ်းစားနေမိတယ်။ စနစ်တစ်ခု၊ နည်းပညာတစ်ခုဆိုတာ သင်ရင်တတ်နိုင်တယ်၊ ပိုက်ဆံရှိရင် ၀ယ်နိုင်တယ်၊ အခွင့်အလမ်းရှိရင် ဖန်တီးနိုင်တယ်။ ဒါပေမယ့် ဘိုးစဉ်ဘောင်စဉ် ရှေးပဝေသဏီကတည်းက လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တဲ့ အစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေဆိုတာကတော့ ဆယ်နှစ်ဆယ်မိုးလောက်နဲ့ ဖန်တီးလို့ရတာမျိုး မဟုတ်ပါဘူး။ မိုးပျံအဆောက်အအုံတစ်ခု ဆောက်လုပ်ဖို့အတွက် သတ်မှတ်ထားတဲ့ နည်းပညာ၊ ငွေကြေး၊ အချိန်ကာလ၊ အခွင့်အလမ်းတစ်ခုပဲ လိုအပ်တာပါ။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုတစ်ခု တည်တံ့ခိုင်မြဲဖို့ဆိုတာကတော့ ဘာနဲ့မှ ၀ယ်လို့မရတဲ့၊ အစားထိုးလို့မရတဲ့ ဘိုးဘွားအမွေတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံမှာ တိုးတက်ဖွံ့ဖြိုးမှုတွေ အများကြီးမြင်တွေ့လာရတာဟာ ဘယ်လိုမှ မငြင်းနိုင်တဲ့အချက်ပါ။ တစ်ဆက်တည်းမှာပဲ အဲဒီတိုးတက်မှုတွေအတွက် ကျွန်တော်တို့တွေ ပေးခဲ့ရတာတွေနဲ့ ထိုက်တန်ရဲ့လားဆိုတာကို တွေးမိတဲ့အခါမှာတော့…]
နောက်များမှ ဆက်ပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၂၈ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၂၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment