"ကိုသစ္စာ"
"ဘာလဲ"
"တော့်ဆီ ဆင်ဆယ်တန် မရှိဘူးလား"
"ဘာ ဆင်ဆယ်တန်လဲ"
"ဆင်ရုပ်နဲ့ တစ်ဆယ်တန် အပြာလေးတော်"
"မရှိဘူး။ မင်းက ဘာလုပ်ဖို့လဲ"
"အဲဒီအပေါ် အင်းရေးပြီး ဆောင်ထားရင် ငွေမပြတ်တော့ဘူး"
"ရူးပါ့ကွာ"
ကိုသစ္စာ၏ မှတ်ချက်ကြောင့် မဖော့က မျက်စောင်းကို ခေါင်းပါရမ်း၍ ထိုးလိုက်သည်။
"လူဆိုတာ ကိုယ့်အားကိုယ်ကိုး ရတယ်ကွ"
"ကျုပ်အား ကျုပ်ကိုးလို့ ထမင်းစားနေရတာပေါ့။ တော့်သာ အားကိုးမိရင် ငါးပါးသီလ မယူဘဲ ဥပုသ်စောင့်နေရတာ ကြာပြီ။ ခုဟာက ကျောင်းတွေဖွင့်တော့ တော့်အားကိုးမရလို့ ဆင်ဆယ်တန် အားကိုးမလို့။ အဲဒါ ဘာဖြစ်လဲ"
မဖော့၏ စကားကြောင့် ကိုသစ္စာ ငြိမ်သွားသည်။ ရှေ့ဆက် တိုးပါက သူသာ နာဖွယ်ရာ ရှိသောကြောင့် ငြိမ်လိုက်ရခြင်း ဖြစ်ပါသည်။ မဖော့က ဆေးပေါ့လိပ်ကို နှစ်ဖွာ၊ သုံးဖွာ ဖွာလိုက်ပြီးမှ…..
"တော့်ဆီ စာတိုက်က စာမူခ လာတယ်မဟုတ်လား"
"လာလို့ မင်းကို လေးရာ ပေးလိုက်တာလေ"
"အဲဒါက ကြွေးဆပ်လို့ ကုန်ပြီ။ တော် သုံးဖို့ဆို ယူထားတဲ့ တစ်ရာရှိသေးတယ် မဟုတ်လား"
ကိုသစ္စာက မျက်လုံးအပြူသားနှင့် ကြည့်လိုက်သည်။
"အဲဒီအထဲက ကျုပ်ကို ငါးဆယ်ပေး"
"ဘာလုပ်မလို့လဲ"
"ပေးမှာသာ ပေးစမ်းပါတော်"
သို့ဖြင့် မဖော့သည် ကိုသစ္စာထံမှ ငွေငါးဆယ်ကို ယူကာ ထွက်သွားတော့သည်။ ကွမ်းတစ်ရာညက်ခန့်အကြာတွင် ဆင်ဆယ်တန်နှင့်အတူ မဖော့ ပြန်ရောက်လာသည်။
"ဒီမယ် ရခဲ့ပြီ"
"ဘယ်က ရတာလဲ"
"ဈေးကောက် ကိုစံပြူးဆီက ငါးဆယ်နဲ့ ၀ယ်လာတာ"
"ဟေ…"
ကိုသစ္စာမှာ ဟေမှတစ်ပါး အခြားပြောရန် မရှိ၍ "ဟေ" ဟူသော အသံကို ပြုပြီးနောက် ရပ်သွားသည်။
"ကိုစံပြူးဆီမှာက ဆင်ဆယ်တန် နှစ်ရွက်ရှိတယ်။ ဒါနဲ့ တောင်းပန်ပြီး တစ်ရွက်ဝယ်လာတာ။ ဒီမယ်… တော့်မျက်လုံးကြီးက မင်း အ,ရန်ကောဆို ကြည့်နေတာ မဟုတ်လား။ ကျုပ်လည်လို့ ငါးဆယ်နဲ့ ရခဲ့တာနော်။ ဟို အရက်သမား ဖိုးတေဆီက ဆင်ဆယ်တန်ဆိုရင် စိန်ပွဲစား ဒေါ်မမလေးက သုံးရာပေး ၀ယ်သွားတာ"
"သြော်….. မင်းထက် အ,တဲ့လူ ရှိသေးသကိုး"
"ဒီမယ် ကိုသစ္စာ"
"ပြော"
"မနော်ဟရီလမ်းက ဒေါက်တာ စိန်အေးတို့၊ ဈေးထောင့်က ရှေ့နေမ ဒေါ်ယုယုတို့ရော အ,တာပဲလား"
"ဘာဆိုင်လို့လဲ"
"သွားကြည့်စမ်း၊ သူတို့ တိုက်အ၀င်ဝမှာ ဆင်ဆယ်တန်ကို တွဲလောင်းတွဲလောင်းနဲ့ ပလတ်စတစ်လောင်းပြီး ဆွဲထားတာ"
"သွားကြည့်မနေနဲ့ ဟုတ်တယ်"
မဖော့ဘက်မှ ထောက်ခံရင်း ၀င်လာသူက မောင်မြေဖွား ဖြစ်ပါ၏။
"ကျွန်တော်တောင်မှ အမေက ဆင်ဆယ်တန် ရှာပေးပါဆိုလို့ ရှာပေးခဲ့ရပြီ"
"နေပါဦး၊ အဲဒီ ဆင်ဆယ်တန် ဇာတ်လမ်းက ဘယ်ကစ ပေါ်လာတာလဲ"
"ကျွန်တော့်အိမ် သယ်လာတာကတော့ ကိုချစ်စရာပဲ"
ကိုချစ်စရာမှာ မန္တလေးမှ လူရွှင်တော် စာရေးဆရာ ကိုချစ်စရာ ဖြစ်ပါသည်။
"ကိုချစ်စရာ ပြောတော့ အင်းရေးပေးတာက "ဘဘ" တဲ့။ မုတ်ဆိတ်မွှေး ဖြူဖြူရှည်ရှည်နဲ့။ အသက် ၇၀ လောက် ရှိပြီ ပြောတာပဲ"
"ကိုချစ်စရာကရော ယုံသတဲ့လား"
"သူကတော့ အရင်က ဖဲရှုံးပြီဆိုရင် အကုန်ပြောင်တာ။ ခုတော့ အနည်းဆုံး အဲဒီတစ်ရွက်ဖြစ်ဖြစ် ကျန်နေရစ်လို့ ငွေမပြတ်ဘူးဆိုတာတော့ မှန်တယ်လို့ ပြောတာပဲ"
မောင်မြေဖွားက ပြုံးစိစိနှင့် ပြောသည်။ မဖော့က မျက်စောင်းထိုးပြီး ထိုင်နေရာက ထ,ထွက်သွားသည်။
ကိုသစ္စာသည် သူ့အိတ်ထဲမှ လက်ကျန်ငွေ ငါးဆယ်အတွက် ရင်တမမ ဖြစ်နေရပါသည်။ မနေ့က မဖော့လက်မှ ဆင်ဆယ်တန်က ရောက်နေပြီ။ ဒီနေ့ အင်းရေးရန် ဘဘဆီ သွားမည်ဟုဆိုသည်။ ဘဘဆီသွားရန် စရိတ်က လိုသေးသည်။ ကိုသစ္စာမှာ ဆင်ဆယ်တန်ကြောင့် တော်တော် စိတ်ညစ်ညူးနေသည်။
ကိုးနာရီထိုးပြီ။ ခုထိတော့ မဖော့က သူ့ထံ စရိတ်မတောင်းသေး။ မဖော့သည် ကလေးတွေကို ကျောင်းပို့ပြီးကတည်းက သူ၏ တစ်ထည်တည်းသော အကောင်းဆုံးဟု သတ်မှတ်ထားပါသည့် ပါတိတ်လုံချည်ကို ထုတ်ဝတ်သည်။ အင်္ကျီလဲသည်။ သနပ်ခါးလိမ်းသည်။ သွားရန် ဟန်ပြင်ပြီးပြီ။ ကိုသစ္စာက မသိမသာ အကဲခတ်ပြီး ခေါင်းကိုငုံ့ကာ စိတ်မ၀င်စားဘဲနှင့် စာတစ်အုပ်ကို ဖတ်နေသည်။
"တီတီ"
အိမ်ရှေ့မှ ကားဟွန်းသံကြောင့် ကိုသစ္စာ လှမ်းကြည့်လိုက်သည်။ မန်နေဂျာတစ်ယောက်၏ ဇနီးကို တွေ့ရသည်။ မဟာသိပ္ပံဘွဲ့ ရပြီးသား။
"လာပြီ၊ လာပြီ"
မဖော့က အသံပေးရင်း ထရပ်သည်။ ကိုသစ္စာ သူ့မျက်လုံး သူပွတ်ကြည့်သည်။ အမြင်မမှားပါ။ မဖော့ ကားပေါ်တက်နေစဉ်….
"နေရာတော့ မဖော့ သိတယ်နော်"
"သိပါတယ်"
"မဖော့က ကံကောင်းတာ။ ကျွန်မ နှစ်ရာတောင် ပေးလိုက်ရတယ်။ ရတာကတော့ အသစ်ကလေးကို ရတာပါ"
Wednesday, May 19, 2010
ဆင်ဆယ်တန် - ကံချွန်
Posted by Ko Nyan Posted Time 3:31 PM
Labels ၀တ္ထု-Novel
Subscribe to:
Post Comments (Atom)
No comments:
Post a Comment