Wednesday, May 19, 2010

ဝမ်းနည်းနှမြောရပါသည် ဦးသုမောင်


thumg.gif
ဦးဗလ
(အကယ်ဒမီ သုမောင်)
အသက် (၆၀) နှစ်


မေလ ၁၇ ရက်နေ့က သတင်းစာဖတ်ရင်း နာရေးကြော်ငြာမှာ ဦးဗလ (အကယ်ဒမီ သုမောင်) ဆိုတဲ့ နာမည်ကို တွေ့လိုက်ရတဲ့အတွက် လန့်သွားတယ်။ အံ့သြလည်း အံ့သြသွားတယ်။ မဟုတ်ပါစေနဲ့လို့လည်း စိတ်ထဲမှာ တွေးနေမိတယ်။ ဖတ်ကြည့်လိုက်တော့ လုံးဝကို မလွဲပါဘူး။ ဟုတ်ပါရဲ့… အကယ်ဒမီ ဦးသုမောင်ဆိုတာ နာမည်တူမှ မရှိနိုင်တာပဲ။ ဘယ်လိုလုပ်ပြီး အခြားသော ဦးသုမောင်တစ်ယောက် ဖြစ်ပါလိမ့်မလဲ။ စိတ်ထဲမှာ နင့်ကနဲဖြစ်သွားတာကို ဘယ်လိုမှကို မထိန်းလိုက်နိုင်ဘူး။

အခြားသော အနုပညာရှင်တွေ၊ အဆိုတော်တွေ၊ စာရေးဆရာတွေလည်း ကြွေလွင့်နေကြတာပါပဲ။ ကိုယ်အရမ်းသဘောကျတဲ့ အနုပညာရှင်တွေ၊ စာရေးဆရာတွေ ကွယ်လွန်သွားတယ်ဆိုရင် စိတ်မကောင်းဖြစ်ရုံ၊ နှမြောရုံပါပဲ။ ဒီလောက်ပါပဲ။ ဒါပေမယ့် ဦးသုမောင်ကြီး သေသွားတာကျမှ ဘယ်လိုဖြစ်ပြီး ကျွန်တော့်ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားရတယ်ဆိုတာ သေသေချာချာ မသိနိုင်ခဲ့ဘူး။

ဦးသုမောင်ဇာတ်ကားတွေကိုလည်း ကြည့်ဖူးပါတယ်။ တခြားမင်းသားတွေနဲ့ မတူတဲ့ သူ့ရဲ့ပုံစံကို သဘောကျခဲ့ဖူးပါတယ်။ သူနဲ့သရုပ်ဆောင်ပုံချင်း ခပ်ဆင်ဆင်တူတယ်လို့ ကျွန်တော်သတ်မှတ်ထားတဲ့ နောက်တစ်ယောက်က (ဦး)အောင်ပြည့်ပါ။ သူတို့ရဲ့ပြောဟန်ဆိုဟန်မှာ ဘာမှန်းမသိတဲ့ စွဲဆောင်မှုတစ်ခုခု ရှိနေတယ်လို့ ထင်မိလို့ပါ။ ဦးသုမောင်သီချင်းတွေကိုလည်း အဖေ့ကျေးဇူးကြောင့် ငယ်ငယ်လေးကတည်းက နားယဉ်ခဲ့ရပါတယ်။ သူ့ဝတ္ထုတွေကိုတော့ ဘာကြောင့်မှန်းမသိပါဘူး၊ သိပ်မကြိုက်လှပါဘူး။ နောက်ပိုင်းရေးတဲ့ ကွမ်းစကားတို့၊ မျိုးရိုးထဲမှ ဆိုးပေကြီးများတို့ စတဲ့ သူတို့မိသားစုအကြောင်း၊ အမျိုးတွေအကြောင်းကို ရေးတဲ့စာတွေကိုတော့ အတော်သဘောကျခဲ့ရတယ်။

သေသေချာချာ စဉ်းစားကြည့်မိတဲ့အခါကျတော့မှ ဦးသုမောင်ကို ကျွန်တော်ဘာကြောင့် သံယောဇဉ်ပိုပြီး တရင်းတနှီးဖြစ်နေရသလဲဆိုတာကို တွေးမိပါတယ်။ အခြားမဟုတ်ပါဘူး။ မန္တလေးအက်ဖ်အမ်ကနေ အပတ်စဉ်လာနေတဲ့ "သြော်… ဒါနဲ့ စကားမစပ်" ဆိုတဲ့ အစီအစဉ်ကြောင့်ပါ။ အပတ်စဉ်မဟုတ်တောင် တစ်ခါပဲဖြစ်ဖြစ် နားထောင်ဖူးတဲ့ လူတွေဆိုရင် အဲဒီအစီအစဉ်အကြောင်းကို သိကြပါလိမ့်မယ်။ မကြာသေးခင်ကမှ အဲဒီအစီအစဉ်မှာ ဦးသုမောင်ပြောတဲ့ အချက်ကလေးတွေကို သဘောကျလွန်းလို့ ပြန်ရေးပြီး ဘလော့ဂ်မှာ တင်ပေးခဲ့ပါသေးတယ်။ အဲဒီအစီအစဉ်ကို နားထောင်လိုက်တာနဲ့ ဦးသုမောင်က "သြော်… ဒါနဲ့ စကားမစပ်" ဆိုတဲ့စကားကို ပြောလိုက်တာနဲ့ အခြားအရာတွေကို အာရုံမစိုက်နိုင်တော့ပါဘူး။ ဦးသုမောင်ကြီး ဒီအပတ်မှာ ဘာများပြောမှာပါလိမ့်ဆိုပြီး ရေဒီယိုကိုပဲ စိတ်ရောက်သွားရတာပေါ့။ ကျွန်တော်ရေးခဲ့ဖူးသလိုပဲ… ဦးသုမောင်ဟာ စာရေးကောင်းတာလည်း မပြောနဲ့လေ၊ စကားပြောလည်း အင်မတန်မှကို ကောင်းတာကိုး။ ဘယ်လောက်အထိ ကောင်းသလဲဆိုရင် သူပြောနေတာကို နားထောင်နေရတာဟာ ကိုယ့်ဘေးမှာ ကိုယ့်ဘကြီး၊ ကိုယ့်ဦးလေးတစ်ယောက် လာထိုင်ပြီး ကိုယ့်ကို ရှေးဟောင်းနှောင်းဖြစ်တွေ၊ ဘ၀အတွေ့အကြုံတွေ လာပြောပြနေသလိုမျိုး ခံစားရမိတဲ့အထိပါပဲ။ ပြောတာကလည်း အကြောင်းအရာစုံ၊ သင်ခန်းစာအစုံ၊ အတွေ့အကြုံစုံဆိုတော့ နားထောင်ရတဲ့လူတွေမှာ အဲဒီအစီအစဉ်လေး အချိန်ပြည့်ပြီး ပြီးဆုံးသွားတယ်ဆိုရင်ပဲ ရင်ထဲမှာ တသသနဲ့ ကျန်ရစ်ခဲ့ရတဲ့အထိပါပဲ။ ပြောတာ ခဏလေးပဲရှိသေးတယ်ဆိုပြီး နားထောင်လို့မ၀ဘဲ အားမလို၊ အားမရ ဖြစ်ရတာပေါ့လေ။

အခုတော့ မန္တလေးအက်ဖ်အမ်မှာ ကျွန်တော်စွဲလန်းနေရတဲ့ "သြော်… ဒါနဲ့ စကားမစပ်" ဆိုတဲ့အသံကို နောင်ဆိုရင် ကြားရတော့မှာ မဟုတ်ပါဘူး။ ဦးသုမောင်မှာ ပြောစရာတွေ အများကြီးကျန်နေဦးမယ် ထင်ပါရဲ့။ သူ့ရင်ထဲမှာ ပြောစရာတွေ ကုန်ဦးမယ် မထင်ပါဘူး။ သူ့ပရိသတ်တွေ၊ လူငယ်တွေအတွက် သူပြောချင်တာတွေ၊ လက်ဆင့်ကမ်းချင်တာတွေ၊ သင်ခန်းစာပေးချင်တာတွေ၊ ဆုံးမချင်တာတွေ အများကြီး ရှိနေဦးမယ်ထင်ပါရဲ့။ ဒါပေမယ့် သူမပြောနိုင်တော့ပါဘူး။ လူတိုင်းရှောင်လွှဲလို့ မရတဲ့လမ်းကို သူထွက်သွားရပြီလေ။

၁၆-၅-၂၀၁၀ ရက် (တနင်္ဂနွေနေ့) ည ၉ နာရီတွင် ရန်ကုန်မြို့၊ သုခကမ္ဘာအထူးကုဆေးခန်းမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဦးသုမောင်တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ ကျန်ရစ်သူမိသားစုအတွက်လည်း ၀မ်းနည်းကြေကွဲရပါကြောင်း။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲမှာတော့ "သုမောင်"ဆိုတဲ့ နာမည်နဲ့ "သြော်… ဒါနဲ့ စကားမစပ်" ဆိုတဲ့ စကားသံလေးကတော့ မသိနိုင်သေးတဲ့ အချိန်ကာလတစ်ခုအထိ စွဲထင်ကျန်ရစ်နေဦးမယ်ဆိုတာ အသေအချာပါပဲ။
ဝမ်းနည်းစွာဖြင့်
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁ နာရီ ၄၆ မိနစ်တွင်ပြီး၏။
*****စာကြွင်း*****
ဆရာကြီး မောင်မိုးသူရဲ့ "လွမ်းတော်မူဖို့ စာကိုစီတယ်" ကို စောင့်ဖတ်ရဦးမယ်။ သုမောင်အကြောင်းဆိုတော့ ဆရာမောင်မိုးသူလည်း အတော်လေး ရေးလို့ကောင်းမယ်ထင်ပါရဲ့။ ဦးသုမောင်က စွယ်စုံရအနုပညာရှင်ကိုး။ အမျိုးသားစာပေဆုရ စာရေးဆရာ၊ အကယ်ဒမီဆုရ ရုပ်ရှင်သရုပ်ဆောင်၊ နိုင်ငံကျော် အဆိုတော်၊ ဒါရိုက်တာဆိုတော့ ရေးစရာများမယ် ထင်လို့ပါ။ ထင်တဲ့အတိုင်း၊ မြင်တဲ့အတိုင်း မခြွင်းမချန်ရေးတတ်တဲ့ ဆရာမောင်မိုးသူတစ်ယောက် လွမ်းတော်မူလို့ စီမယ့်စာကို စောင့်မျှော်နေကြောင်းပါ။ မြန်မြန်လွမ်းပါ ဆရာမောင်မိုးသူရေ...။

No comments:

Post a Comment

 
Web Statistics