Thursday, May 27, 2010

မင်းတုန်းမင်းနှင့် ငါးခြောက်ပြား၊ ကြိမ်လုံးနှင့် ကျောင်းသား၊ ဆရာနှင့် .....


ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသား ဘ၀တုန်းက ကြုံခဲ့ရတာလေးတခုကို အမြဲ သတိရနေမိပါတယ်။

မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက "မင်းတုန်းမင်းနှင့်ငါးခြောက်ပြား" ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသူကြီးငကြူက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့မရဘဲ ဗျာများနေခိုက် "ဟဲ့ ငလွင်၊ မရသေးဘူးလား" လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။ "ငလွင် လာခဲ့" လို့ ထားဝယ်ကြိမ်ကိုဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့်အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ် ၀င်သွားပါသတဲ့။ "ဟဲ့ ငလွင်၊ နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကိုအုပ်ချုပ် မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ" လို့ မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခုက "စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား" လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာ အချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းကနဲမြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ ကျောင်းသားကို ပေးလိုက်တယ်။

"ဒါ မင့် အဖြေလား"

"ဟုတ်ပါတယ် ဆရာ"

"အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း"

နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူမကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း။ ပြီးတော့ ဒါဟာ ဒီလောက်ရိုက်နှက် အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာရှိကြောင်း၊ ဘုရားသားတော်တို့မည်သည် ရသတဏှာဖြင့် ဆွမ်းဘုဉ်းမပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ၀ိနည်းကို မတိန်းသိမ်းနိုင်ဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း အဲဒီလိုတွေ ဖြေထားတာဗျ။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိကနဲ ကြိတ်ရယ်လိုက်ကြနဲ့ ။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။

ကျောင်းသား ဖတ်ပြီးသွားတော့ ဆရာက သူ့ကို မေးတယ်။

"မင်း ငါ့ကို နောက်တာလား"

"ဟာ.....၊ မဟုတ်ဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ"

"ကဲ....၊ အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီမေးမယ်၊ ကဲ မင်းကစ၊ သူဖြေတာ မှန်သလား မှားသလား"

ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံကကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကိုကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုပဲလို့ ထင်တယ်။ သူတို့မျက်နှာတွေကိုကြည့်ရင် သိသာပါတယ်။

"ဟေ့ကောင် ဖြေလေကွာ"

ရှေ့ဆုံးက ကျောင်းသားခမြာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်း (၂) ခုကို မေးနေတယ်ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ဝန်းကျင် အငွေ့အသက်တွေက "မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး" လို့ ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။

"သူဖြေတာ မှားပါတယ်"

"ဟုတ်ပြီ နောက်တစ်ယောက်"

"မှား....အဲ....မှားပါတယ်"

"နောက်တစ်ယောက်"

"မှားပါတယ်"
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

"မှားပါတယ်"

အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်ကစာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း အဲဒီလိုပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာ,နာသွားသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာပါ။

အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်းပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ ဒီလိုကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရတာလဲ။

အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက်ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.......။ ခက်ထန်တဲ့ အမူအရာတွေ။ ၀ဲခနဲ..... ၀ဲခနဲ၊ တင်းခနဲ...... တင်းခနဲ၊ ရွှမ်းခနဲ.......ရွှမ်းခနဲ၊ အမေရေ..........ကျွန်တော် ကြောက်လှချည့်။

[မောင်သစ်ဆင်း ၏ ကြောက်စိတ်ဆောင်းပါးမှ ကောက်နုတ်ဖော်ပြချက်]

******************************************************************************************
Google Buzz မှာ ဖတ်ရတဲ့စာတစ်ပုဒ်ပါ။ သဘောကျလွန်းလို့ ပြန်ကူးပြီးတင်ပေးလိုက်တာပါ။ စာလုံးပေါင်းအချို့နဲ့ စာကြောင်းဖွဲ့စည်းပုံအချို့ကို ဖတ်လို့အဆင်ပြေအောင် ပြန်ပြင်ရေးထားတာကလွဲရင် ကိုကျော်ကျော်ဆိုသူရဲ့ Buzz မှာ ဖတ်ရတဲ့အတိုင်း ပြန်တင်ပေးထားပါတယ်။ ပို့စ်ခေါင်းစဉ်ကတော့ ကျွန်တော်စိတ်ကူးမိသလို ပေးလိုက်တာပါ။

No comments:

Post a Comment

 
Web Statistics