Saturday, May 08, 2010

ကမ္ဘာ့ကြက်ခြေနီနေ့


မေလ ၈ ရက်နေ့ (ယနေ့)သည် ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြက်ခြေနီနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်ကြပါသည်။ ကြက်ခြေနီနှင့် ပတ်သက်၍ အားလုံးနီးပါး သိနားလည်ထားပြီးဖြစ်သည်ဟု ယုံကြည်ပါသည်။ လူသားများ ကြုံခဲ့ရသည့် ကမ္ဘာစစ်ကြီး နှစ်ခုစလုံးတွင် ကြက်ခြေနီများသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်ကို အားလုံးသိပြီး ဖြစ်ပါသည်။ မိမိအသက်ကို ပဓာနမထားဘဲ မွန်မြတ်သည့်စိတ်ဓာတ်ဖြင့် ဒဏ်ရာရသူများကို ကူညီကယ်တင်ပေးခဲ့သည့် ကြက်ခြေနီအဖွဲ့ဝင်များ၏ လုပ်ရပ်များကလည်း သမိုင်းမှတ်တမ်းတွင် အထင်အရှား ဖြစ်ပါသည်။

ကြက်ခြေနီနေ့ အခမ်းအနားများကို မေလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရခြင်းမှာ ထိုနေ့သည် ဟင်နရီဒူးနန့်၏ မွေးနေ့ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ကြက်ခြေနီအဖွဲ့ကြီး ဖြစ်ပေါ်လာအောင် စတင်အုတ်မြစ်ချ တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ်ထူးဖြစ်ပါသည်။ ထို့ကြောင့်ပင် သူ၏မွေးနေ့ဖြစ်သည့် မေလ ၈ ရက်နေ့တွင် ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်ကြခြင်း ဖြစ်ပါသည်။

ကမ္ဘာအရပ်ရပ်တွင် မွန်မြတ်သောစိတ်ထား၊ စွန့်လွှတ်အနစ်နာခံသည့် စိတ်ဓာတ်၊ သနားကြင်နာသည့် နှလုံးသားများဖြင့် ဘာသာအမျိုးမျိုး၊ လူမျိုးအထွေထွေ၊ စရိုက်အဖုံဖုံသော လူသားများကို အမှန်တကယ် ကူညီကယ်တင် စောင့်ရှောက်ပေးနေသည့် ကြက်ခြေနီအဖွဲ့ဝင်များ အားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ယနေ့ ၂၀၁၀ ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၈ ရက်၊ စနေနေ့။
ကမ္ဘာ့ကြက်ခြေနီနေ့။
ည ၈ နာရီ ၂၁ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics