Monday, May 17, 2010

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


(၁)
ဇာတ်ကားအမည် - ဇောင်း
ဇာတ်လမ်း၊ ဇာတ်ညွှန်း - လှဝင်း (အေ၀မ်း)
ဒါရိုက်တာ - ခင်စောမျိုး (အဖေ့ပညာ)
သရုပ်ဆောင်များ - မိုးအောင်ရင်၊ မို့မို့မြင့်အောင်၊ မေသက်ခိုင်၊ အောင်အောင်၊ အောင်ခိုင်၊ ၀ါဝါအောင်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
မစွံပါဘူးဗျာ။ ဇာတ်ကားသာပြီးသွားတယ် ပရိသတ်ကို ပေးချင်တာဘာလဲ သေချာမသိလိုက်ရဘူး။ ဇာတ်လမ်းကလည်း ဟိုးလွန်ခဲ့တဲ့ အနှစ် (၂၀)လောက်က ဇာတ်ကွက်မျိုးကို ပြန်ရိုက်ထားတယ်။ စစချင်းအခန်းမှာကတည်းက အောင်ခိုင်ဟာ ကလေးချင်းလဲတော့မယ်၊ မအေနဲ့ သားနဲ့က တကျက်ကျက် ဖြစ်တော့မယ်၊ နောက်ဆုံးတော့ မြန်မာဇာတ်လမ်းများ ထုံးစံအတိုင်း မရရအောင် ဆုံပေး၊ ပေါင်းပေးမယ်ဆိုတာကို သိနေတော့ ကြည့်ရတာ ဘယ်လောက် အရသာပျက်သလဲ စဉ်းစားကြည့်ပေါ့ဗျာ။ မို့မို့မြင့်အောင်ရဲ့ မလိုအပ်တဲ့ အိုဗာအက်ရှင်တွေကလည်း ကြည့်ရတာ စိတ်ညစ်ရတယ်။

(၂)
ဇာတ်ကားအမည် - ၀င်စားတဲ့စိတ်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - အာယု
သရုပ်ဆောင်များ - ပြေတီဦး၊ မိုးဟေကို၊ ၀ိုင်းစုခိုင်သိန်း၊ နေဆန်း
ကလေးသရုပ်ဆောင် - ယွန်းယွန်း
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ဇာတ်လမ်းက စိတ်ဝင်စားစရာတော့ ကောင်းသားဗျ။ ဒါပေမယ့် တည်းဖြတ်ထားတာက အတော်ကြီးကို စုတ်ပြတ်နေတယ်ဗျာ။ ဇာတ်ကွက်တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိဘဲ ကြည့်ရတဲ့အခန်းက အတော်များတယ်။
ဇာတ်လမ်းနဲ့မပြချင်ရင်လည်း ပါးစပ်နဲ့ဖြစ်ဖြစ် ပြောပြတာလောက်တော့ လုပ်သင့်တာပေါ့။ အခုတော့ အဲဒီလို မဟုတ်ဘူး။ ကြည့်ရတာတော့ ရိုက်ထားတာက အတော်ကြီးရှည်နေလို့ ဖြတ်တောက်လိုက်ရာကနေ ဟိုတစ်ကွက်၊ ဒီတစ်ကွက်တွေ ဖြစ်ကုန်ရတယ် ထင်ပါတယ်။ မိုးဟေကိုကလည်း နာလန်ထနဲ့ ဇာတ်ကားရိုက်ထားသလား မပြောတတ်ဘူး။ ဒီဇာတ်ကားမှာ လုံးဝကို မလှဘူး။ မိတ်ကပ်ကပဲ ညံ့တာလားတော့ မသိပါဘူး။ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ အပျင်းပြေ ဟာသကားလည်း မဟုတ်၊ ခံစားပြီးအလေးအနက် ကြည့်ရလောက်တဲ့ ဒရမ်မာကားလည်း မဟုတ်ဆိုတော့ မိတ်ဆွေသဘောအတိုင်းပါပဲ။

(၃)
ဇာတ်ကားအမည် - ဟတ်ဖိုး
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ဆာဆိုရီ
ဒါရိုက်တာ - ညိုမင်းလွင်
သရုပ်ဆောင်များ - ရဲတိုက်၊ န၀ရတ်၊ နန္ဒ၊ ချစ်သုဝေ
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ဆာတိုရီနဲ့ ရဲတိုက်ရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာ စွဲဆောင်မှုတွေနဲ့ ဇာတ်လမ်းတစ်ခုပေါ့ဗျာ။ သာမန်ဇာတ်လမ်းတစ်ခုကိုတောင် ဆာတိုရီနဲ့ ရဲတိုက် ပူးပေါင်းပြီး ဖန်တီးလိုက်တဲ့အခါ မတူခြားနားတဲ့ အမြင်တွေ၊ အတွေးတွေ၊ စကားလုံးတွေ၊ ရိုက်ချက်တွေ၊ တင်ပြပုံတွေနဲ့ ကြည့်ရတတ်ပါတယ်။ ဒီဇာတ်ကားမှာလည်း မထင်မှတ်တဲ့ လှည့်ကွက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားဦးမှာ အသေအချာပါ။ ကျွန်တော်မညွှန်းရင်လည်း ငှားကြည့်ကြမယ့်ဇာတ်ကားဆိုတာ သိပြီးသားမို့ အထွေအထူး လက်တို့မနေတော့ပါဘူးနော်။

(၄)
ဇာတ်ကားအမည် - ဖီလင် ၃၉
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုရွှေမိုးသက်၊ မိုးကျော် (MKA)
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ချောရတနာ၊ ၀ိုင်းစုခိုင်သိန်း၊ မိုးကျော်အောင်၊ ယွန်းယွန်း၊ ကိုပေါက်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
မဖြစ်နိုင်တဲ့ဇာတ်လမ်းတစ်ခုကို ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာအားကိုးနဲ့ မရ,ရအောင် ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုချင်ပါတယ်။ ဗီဒီယိုကြည့်နေတာမှန်ပေမယ့် နည်းနည်းပါးပါးပဲဖြစ်ဖြစ် ယုတ္တိရှိအောင်တော့ ရိုက်ကြပေါ့ဗျာ။ အတင်းကလိထိုး၊ အတင်းပို့တာမျိုးတော့ မလုပ်သင့်ဘူးထင်တယ်။ ကျွန်တော်ကတော့ ဘာမှကို ကိုယ့်အတွက် မကျန်လိုက်တဲ့ဇာတ်ကားလို့ မှတ်ယူလိုက်ပါတယ်။ ကိုဇော်ဟာ အပျိုကြီး၊ လူပျိုကြီးတွေကို အတော်စိတ်ဝင်စားတဲ့လူပဲလို့လည်း မှတ်ချက်ချမိသေးတယ်။ ထူးဆန်းတာက သူရိုက်သမျှ အပျိုကြီး၊ လူပျိုကြီးတွေကလည်း ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာပဲ ဖြစ်နေတာပါ။ နည်းနည်းတော့ လွဲနေတယ်ထင်တာပါပဲ။

(၅)
ဇာတ်ကားအမည် - နှလုံးသားဝှိုက်ဘုတ်
ဝတ္ထု - နတ်ရွာမိုး
ဇာတ်ညွှန်း - လွမ်းဝေအောင် နှင့် မြင့်သန်းအောင်
တွဲဖက်ဒါရိုက်တာ - သြရသ
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ထွန်းထွန်းဝင်း၊ မေသဉ္ဇာဦး
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ကောင်းချင်သလိုလိုနဲ့ မကောင်းတဲ့ဇာတ်လမ်းပါ။ ၀တ္ထုစာအုပ်အဖြစ် ဖတ်ရရင်တော့ အဆင်ပြေနိုင်မယ့် ဇာတ်ကွက်အလှည့်တွေက ဗီဒီယိုမှာကျတော့ အဆင်မပြေတာ တွေ့ရပါတယ်။ အပျော်ကြည့်ရုံသက်သက်အတွက် ဆိုရင်တော့ စဉ်းစားစရာ မလိုဘူးပေါ့လေ။ အချိန်ပေးကြည့်ရတာနဲ့တန်အောင် တစ်ခုခုပြန်ရမှ ကျေနပ်မယ့်လူတွေအတွက်တော့ ကြည့်ရကျိုးနပ်မယ် မထင်ဘူး။ လင်မယားချင်း အဆင်မပြေ ဖြစ်ချင်တော့လည်း လွယ်လိုက်တာ။ အဲဒီလို အဆင်မပြေဖြစ်တာကို ပြန်ပြေလည်စေချင်တော့လည်း လွယ်လိုက်တာ။ ပိုဆိုးတာက သားနဲ့အဖေရဲ့ ဆက်ဆံရေးကို ရိုက်ပြထားပုံက မတွေးရဲစရာပဲ။ ကြည့်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိပါတယ်။

(၆)
ဇာတ်ကားအမည် - ဘိုင်စကုတ်ထဲကလိုချစ်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ဂေါက်ကြီး
ဒါရိုက်တာ - မိုက်တီး ရဲ့ ရိုက်ချက်
သရုပ်ဆောင်များ - ကောင်းခန့်၊ ခိုင်သင်းကြည်၊ အရိုင်း၊ ခင်လှိုင်၊ မေသဉ္ဇာဦး၊ စိုးမိုးကြည်၊ ဇော်ဇော်အောင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ထူး၊ ညောင်ညောင်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ဇာတ်လမ်းဇာတ်ညွှန်းရေးတဲ့လူဟာ ဘာဖြစ်လို့ အဲဒီနာမည်ဖြစ်နေသလဲဆိုတာ ဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ သဘောပေါက်တယ်။ ကွက်ကွက်ကွင်းကွင်းကို မြင်သွားတယ်။ အဲဒီနာမည်နဲ့လည်း အတော်လေးကို လိုက်ပါပေ့ဗျာ။ ဘာမှ ရေရေရာရာမရှိတဲ့၊ မဖြစ်နိုင်တဲ့၊ မဖြစ်သင့်တဲ့ ဇာတ်လမ်းကို ဗီဒီယိုတစ်ခွေ မဖြစ်ဖြစ်အောင် ရိုက်သွားတာကို အံ့သြရမလား၊ ချီးကျူးရမလားပဲ။ မိုက်တီးရဲ့ ရိုက်ချက်ဆိုတဲ့ စာတန်းအစား မိုက်တီးရဲ့ ပေါချက်လို့ ပြောင်းလိုက်သင့်တယ်။ အဲလိုမိဘတွေနဲ့ အဲလိုသားသမီးတွေများ တကယ်ရှိခဲ့ရင်ဆိုပြီး ဘုရားတမိတယ်။ ရင်ရှုပ်ရပါတယ်ဗျာ။

(၇)
ဇာတ်ကားအမည် - အသည်းကွဲမုဆိုး
ဇာတ်လမ်း - အောင်ကြီး
ဇာတ်ညွှန်း - ထူးနွယ်အိမ်
ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
သရုပ်ဆောင်များ - သူထူးစံ၊ အိန္ဒြာကျော်ဇင်၊ အေးမြတ်သူ၊ နေဆန်း၊ အောင်ခိုင်၊ ထွန်းထွန်းဝင်း၊ ၀ါးခယ်မရဲမောင်၊ ဘရိတ်ကီ၊ သျှင်ဒီစော၊ ဟဲဗီးဖြိုး
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ပထမဆုံးအနေနဲ့ နိုင်ငံခြားဇာတ်လမ်းတစ်ခုနဲ့ တူလိုက်တာလို့ ရေရွတ်လိုက်ရတဲ့ဇာတ်ကားပါ။ ကျောရိုးပဲယူထားတာလား၊ တစ်ကိုယ်လုံးပဲ ယူထားသလားဆိုတာတော့ ကြည့်ဖူးတဲ့လူတွေက သိပြီးဖြစ်ပါလိမ့်မယ်။ ဇာတ်ကားနာမည်က အသည်းကွဲမုဆိုးပါ။ အဲဒီနာမည်ရဖို့အတွက် အရေးကြီးတာက မုဆိုးနဲ့ နတ်သမီး ပုံပြင်ပါ။ ဒါပေမယ့် ဇာတ်ကားထဲမှာ အဲဒီပုံပြင်ကို ပြောပြမထားတာက ဘယ်လိုနားလည်ရမှန်း မသိဘူး။ အဲဒီပုံပြင်ကို သိပြီးသားလူတွေအတွက် အကြောင်းမဟုတ်ပေမယ့် မသိတဲ့လူတွေက ဘယ်လိုလုပ်ပြီး ပေးချင်တဲ့ message ကို ရပါတော့မလဲ။ အတူတူထိုင်ကြည့်တဲ့ သူငယ်ချင်းတစ်ယောက်က အဲဒီအထဲမှာ သူတို့ညွှန်းတဲ့ ပုံပြင်နှစ်ခုလုံးကို မသိပါဘူး။ ကျွန်တော့်အထင်ကတော့ အဲဒီပုံပြင်တွေနဲ့ပတ်သက်တာကို ရိုက်တုန်းကတော့ ပါမယ်ထင်တာပါပဲ။ နောက်မှ ဇာတ်လမ်းက အရမ်းရှည်နေတဲ့အတွက် တည်းဖြတ်လိုက်တဲ့အခါ အဲဒီအခန်းတွေကို ဖြတ်ပစ်လိုက်တယ် ထင်တာပါပဲ။ အဲဒါကြောင့်လည်း ဇာတ်လမ်းက အဆက်အစပ်မရှိဘဲ ဆားမပါတဲ့ဟင်း ဖြစ်သွားရတာပါ။ ဇာတ်လမ်းလေးက ကောင်းချင်ပါလျက်၊ ပေးချင်တဲ့အကြောင်းအရာက ကောင်းချင်ပါလျက်နဲ့၊ မူရင်းမှီငြမ်းထားတာကလည်း ကောင်းပါလျက်နဲ့ လွတ်သွားတာလေးအချို့ကြောင့် ပေါ့သွားရတာ နှမြောဖို့ကောင်းတယ်။ သိပ်ပြီးကြည့်လို့မရတဲ့ သူထူးစံတောင် ဒီဇာတ်ကားမှာ အတော်လေးကောင်းနေတာကို အံ့သြရသေးတယ်။ ဇာတ်လမ်းထဲကဇာတ်ကောင် ဖြစ်လာတဲ့အထိတော့ မဟုတ်ပါဘူး။

(၈)
ဇာတ်ကားအမည် - ရိုးရိုးလေးလည်း လန်းပါတယ်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ဂေါက်ကြီး
ဒါရိုက်တာ - မိုက်တီး ရဲ့ ရိုက်ချက်
သရုပ်ဆောင်များ - ကောင်းခန့်၊ သက်မွန်မြင့်၊ ဇော်ဇော်အောင်၊ နေလင်း၊ ကျော်ထူး၊ မောင်မြင့်၊ ချစ်စု၊ နန်းမြတ်စန္ဒီ၊ အင်ကြင်း
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ဂေါက်ကြီးနဲ့ ကျွန်တော်ကပဲ ရေစက်ဆုံလွန်းတာလား မသိပါဘူးဗျာ။ အပေါ်မှာရေးပြထားတဲ့ လူကိုးယောက်နဲ့ ဇာတ်ကားတစ်ကား ဖြစ်အောင်ရိုက်သွားတာပါပဲ။ ကောင်းခန့်လည်း ဘယ်လိုဖြစ်ပြီး ဒီအဖွဲ့တွေနဲ့ တွဲမိနေတယ်မသိပါဘူး။ ဘိုင်စကုတ်ထဲကလိုချစ် ဇာတ်ကားနဲ့စာရင်တော့ ဒီဇာတ်ကားလေးက နည်းနည်းတော့ ကြည့်လို့ကောင်းသေးတယ်လို့ ပြောရမလိုပဲ။ အဲဒီလောက် တုံးတဲ့လူ ဒီနေ့ခေတ်ကြီးထဲမှာ ရှိနေသေးတယ်ဆိုရင်လည်း ရှိပါစေတော့ဗျာ။ မိန်းမတွေဈေးကျလိုက်တာလို့ မိန်းကလေးပရိသတ်တွေက ပြောပါ့မလားလို့လည်း စိတ်ပူနေမိတယ်။ ကိုရီးယားကားတွေရဲ့ ယဉ်ကျေးမှုတွေ မြန်မာဇာတ်ကားတွေထဲကို ၀င်ရောက်နေပြီလား မသိပါဘူး။ အဲဒီလောက်ရိုးရိုးအအ၊ တုံးတုံးတတကိုမှ ကြိုက်တတ်တယ်ဆိုရင်တော့ ကျွန်တော့်ကို ဘယ်သူမှ ကြိုက်ကြမယ်မထင်ဘူး။ ကျွန်တော့်ကိုမှ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း ကြိုက်စရာ ရှိကြမယ်မထင်ပါဘူး။ ရိုးရိုးလေးလည်း လန်းပါတယ်တဲ့။ သူတို့ကတော့ ပိုက်ဆံရတော့ လန်းမှာပေါ့။ ကြည့်လိုက်ရတဲ့လူကတော့ မလန်းပါဘူးဗျာ။

(၉)
ဇာတ်ကားအမည် - ဆယ်ရက်အတွင်း ယောက္ခမ သိမ်းသွင်းနည်း
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ပဉ္စမံဒီရိုင်း
တွဲဖက်ဒါရိုက်တာ - နေမျိုးသူရ
ရိုက်ညွှန်း - သံလွင်ခက်
ဒါရိုက်တာ - နေသူရိန်
သရုပ်ဆောင်များ - ရန်အောင်၊ မိုးအောင်ရင်၊ စိုးပြည့်သဇင်၊ သန်းသန်းစိုး၊ ထူးသာ၊ ကျော်ထူး
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
အနူတောမှာ လူချောဆိုတဲ့စကားကို အခုမှပဲ ကောင်းကောင်းသဘောပေါက်တော့တယ်။ ကြည့်ရသမျှ ဇာတ်ကားတွေက အဆင်မပြေတော့ စိတ်ညစ်နေတဲ့အချိန်မှာ ဒီဇာတ်ကားကို ကြည့်လိုက်ရတဲ့အတွက် အထိုက်အလျောက်တော့ စိတ်သက်သာသွားတယ်။ ဇာတ်လမ်းဇာတ်ညွှန်းက ပဉ္စမံဒီရိုင်းဆိုပြီး စာတန်းထိုးကတည်းက စိတ်ဝင်စားနေတာ။ တကယ်လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ယောက္ခမအဖြစ် ရန်အောင်ကို ရွေးထားတာကလည်း မှန်ကန်တယ်လို့ ပြောရမှာပဲ။ သူ့ကြောင့်ပဲ ရယ်ရတဲ့ အခန်းတွေ အတော်များများ ကြည့်လိုက်ရတယ်။ ဇာတ်ကားမှာ ဒိုင်ယာလော့ခ်လိုလို၊ ကဗျာလိုလို၊ စာသားလေးတွေကို စာတန်းထိုးပြတာ ပါပါတယ်။ အတော်လေးလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် စာမဖတ်တတ်သူတွေ၊ စာဖတ်မသွားတဲ့လူတွေအတွက် အဆင်ပြေမယ် မထင်ဘူး။ ကျွန်တော်တောင်မှ အချို့စာသားလေးတွေဆိုရင် ပြန်ရစ်ကြည့်ပြီး ပြန်ဖတ်ရတယ်။ အဲဒီလို စာတန်းထိုးမယ့်အစား တစ်ယောက်ယောက်အသံနဲ့ ပြောပြတာမျိုးဆိုရင် ပိုကောင်းသွားမလားလို့ မြင်မိတယ်။ မိုးအောင်ရင်တောင် ဒီဇာတ်ကားမှာ အတော်လေးငြိမ်အောင် သရုပ်ဆောင်နိုင်တာ တွေ့ရတဲ့အတွက် တစ်ခါမှမကြားဖူးသေးတဲ့ ဒါရိုက်တာတွေကို ချီးကျူးမိတယ်။ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ ညွှန်းလိုက်ပါရစေ။ ယောက္ခမနဲ့ အတူကြည့်မယ်ဆိုရင်တော့ စဉ်းစားဦးပေါ့နော်။

(၁၀)
ဇာတ်ကားအမည် - ၀လုံးရေးဖို့ ညီမလေးထိုင်
ဇာတ်လမ်း - မောင်မောင်မြင့်သိန်း
ဇာတ်ညွှန်း - လှဝင်း (ဘောဂဗေဒ)
တွဲဖက်ဒါရိုက်တာ - ပုညကုသိုလ်
ဒါရိုက်တာ - ကုသိုလ်
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ ခိုင်သင်းကြည်၊ ဇော်ဦး၊ စိုးမိုးကြည်၊ ခင်မို့မို့အေး၊ သတိုးစော၊ ကျော်ဇင်ထွဋ်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
ဇာတ်လမ်းက စိတ်ဝင်စားစရာလေးပါ။ ဒါပေမယ့် အတင်းကာရော မရမက ဆန့်ပြီး ရိုက်ထားတာကတော့ ဆိုးလွန်းပါတယ်။ ဇာတ်လမ်းတိုအဆင့်လောက်နဲ့ ပြီးနိုင်တဲ့ ဇာတ်လမ်းတစ်ခုကို စီဒီနှစ်ချပ်စာရအောင် ရိုက်ပြထားပုံက သိသာလွန်းတယ်။ ကုသိုလ်ရိုက်တဲ့ ဇာတ်ကားတွေထဲမှာ အညံ့ဆုံးဇာတ်ကားလို့ ဆိုပါရစေ။ မင်းမော်ကွန်းက သူ့ညီမလေးကို ချစ်တဲ့အကြောင်းတွေကို ဒီထက်ပိုပီပြင်အောင် ဖန်တီးရိုက်ပြမယ်ဆိုရင်တောင် တစ်ချပ်စာလောက် အေးအေးဆေးဆေး ရိုက်လို့ရနိုင်ပါတယ်။ အခုတော့ မလိုအပ်ဘဲ လမ်းတွေလျှောက်ခိုင်း၊ သီိချင်းတွေဆိုခိုင်း၊ ရှုခင်းတွေရိုက်ပြလိုက်တော့ ဇာတ်လမ်းက ပေါ့သွားတော့တာပေါ့။ အမှန်တကယ်ဆိုရင် ဒီဇာတ်လမ်းက တကယ့်ကို ဇာတ်နာ။ ဇာတ်မနာ,နာအောင်၊ ပရိသတ် မျက်ရည်မကျ,ကျအောင် ရိုက်ပြရမယ့်ဇာတ်ကား။ အခုတော့ ဇာတ်ရှိန်က မြင့်တော့မလိုလိုနဲ့ ပြန်ပြန်ပြီး ပြုတ်ကျသွားတာ အတော်ဆိုးတယ်။ ဒါရိုက်တာ ၀င်းထွန်းထွန်းကို ချက်ချင်းပြေးမြင်မိတယ်။ ထင်သလောက် မကောင်းတဲ့ဇာတ်ကားဗျ။ ဇာတ်လမ်းအဖွင့်မှာ ကလေးတစ်ယောက်က ပိုက်ဆံအကြွေစေ့လေးတွေထောင်ပြီး ဒိုးနဲ့ပစ်တဲ့အခန်းကလေးရဲ့ ပေးချင်တဲ့ message ကိုတော့ သဘောအကျဆုံးပဲ။ ဒီဇာတ်ကားတစ်ခုလုံးရဲ့ ကျွန်တော်အကြိုက်ဆုံး အခန်းပဲ။

(၁၁)
ဇာတ်ကားအမည် - သူနှင့် သူ့အစ်ကိုများ
ဝတ္ထု - မင်းလူ
ဇာတ်ညွှန်း - မြမြင့်မိုရ်
ဒါရိုက်တာ - လွင်မင်း
သရုပ်ဆောင်များ - နေတိုး၊ ချစ်သုဝေ၊ မေတ္တာ၊ နေဆန်း၊ သားညီ၊ ဒေါ်တင်တင်လှ၊ ကိုပေါက်၊ ယွန်းရွှေရည်
(ကျွန်တော့်အမြင်၊ ကျွန်တော့်မှတ်ချက်)
မင်းလူဆိုတဲ့ နာမည်ရယ်၊ မိညီမဆိုတဲ့ နာမည်ဟာ စာဖတ်ပရိသတ် အတော်များများအတွက် ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါရဲ့။ မင်းလူဝတ္ထုကို အရမ်းကြိုက်လို့များတော့ ဒီဇာတ်ကားကို ငှားမကြည့်လိုက်ပါနဲ့။ ညံ့လိုက်တဲ့ဇာတ်ကားလို့ ပြောရမှာမို့ပါ။ မင်းလူဝတ္ထုကိုတောင် သနားသွားမိသေးတော့တယ်။ မိညီမရဲ့ အစ်ကိုတွေဟာ ဒီဇာတ်ကားရဲ့ အဓိကပွိုင့်တွေပါ။ ဒါပေမယ့် မေတ္တာ၊ နေဆန်း၊ သားညီတို့ရဲ့ ပေါချက်တွေကြားမှာ ဇာတ်လမ်းလည်းပျက်၊ ရသလည်းပျက် ဖြစ်ရတော့တာပါပဲ။ ပေါလိုက်တဲ့အစ်ကိုတွေလို့သာ အော်လိုက်ချင်ပါတော့တယ်။ မြန်မာဇာတ်ကားတွေမှာ အစ်ကိုတွေ၊ အစ်မတွေ၊ ဦးလေးတွေ၊ အဒေါ်တွေကို အမြဲတမ်း ပေါကြောင်ကြောင် လုပ်ခိုင်းရတာ ဘာကြောင့်လဲဆိုတာ တွေးလို့မရဘူး။ နောက်တစ်ခုက မင်းလူရဲ့ ဇာတ်ကောင်စရိုက်နဲ့ နေတိုးဟာ လုံးဝကို မလိုက်ဖက်တာပါပဲ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၇ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၃၅ မိနစ်တွင်ပြီး၏။

2 comments:

  1. အောင်မော်11:09 AM

    မြန်မာကားတွေကို စိတ်မကုန်သေးဘူးလား ကိုညဏ်ရယ်..ဟိုးအရင်က
    ကျနော်လဲ ၀ါသနာရှင်ဗျ..
    မြန်မာကားကြည့်ချင်ရင် ဒါရိုက်တာဆို မောင်တင်ဦး၊ခင်မောင်ဦး စိုးသိမ်းထွဋ်၊
    မီးပွား၊မိုက်တီး၊မောင်မျိုးမင်း...စသည်..စသည် ရွေးကြည့်တာ..
    ကျနော် အချဉ်ဆုံးက ကိုဇော်(အရုံဦး)နဲ့မောင်မောင်ဦး(စနိုးဝှိုက်)။ ။
    တဖြည်းဖြည်းနဲ့ စိတ်ကုန်လာတာ ခုဆိုမြန်မာကားကို မကြည့်ဖြစ်တော့ဘူး.
    အရင်ကအထင်ကြီးခဲ့ရတဲ့ ဒါရိုက်တာတွေလဲ သောက်သုံး မကျတော့ဘူး...
    ခေတ်နောက်လိုက်တယ် ငွေနောက်လိုက်တယ်...သောက်ပေါတွေဖြစ်ကုန်ပြီ၊
    ပြောရင်ဒေါသဖြစ်တယ်ဗျာ....တော်ပြီ..

    ReplyDelete
  2. စိတ်မကုန်နိုင်သေးပါဘူး ကိုအောင်မော်ရေ...
    ကျွန်တော်က မြန်မာဆိုတော့လည်း မြန်မာဒါရိုက်တာတွေ ဘာတွေရိုက်နေ၊ ပရိသတ်တွေကို ဘာတွေပေးနေသလဲဆိုတာကို လိုက်ကြည့်ရတာပေါ့ဗျာ။ ကိုအောင်မော်က သူတို့တွေနဲ့ အင်တာဗျူးတွေကို သိပ်မဖတ်ဖူးလို့ ဖြစ်မယ်ထင်တယ်ဗျ။ သူတို့ရိုက်တဲ့ ဇာတ်ကားတွေကိုကြည့်၊ ပြီးရင် မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ သူတို့တွေပြောထားတဲ့ စကားလုံးတွေကို ဖတ်ရတာ အတော်ရယ်ဖို့ကောင်းတာကိုးဗျ။ အူတက်နေအောင်ကို ရယ်ရတယ်။ အဲဒါကြောင့် တမင်ကို မြန်မာကားတွေ ကြည့်နေတာပါ။ တစ်ချို့ဇာတ်ကားလေးတွေကတော့ တကယ်ကို ကောင်းကြပါတယ်ဗျာ။ သူတို့ပေးချင်တဲ့ မက်ဆေ့ခ်ျကို ရောက်အောင် ပေးနိုင်ကြတယ်။ သရုပ်ဆောင်ကြောင့်၊ တင်ပြပုံကြောင့် ဇာတ်ကားက မကောင်းလျှင်တောင်မှ သူတို့ဘာကိုပေးချင်တယ်၊ ဘာကိုပြချင်တယ်ဆိုတာကို သိရတဲ့အခါမျိုးမှာ ကျွန်တော်သဘောကျမိ၊ ချီးကျူးမိတာတွေလည်း ရှိပါတယ်။ မြန်မာကားတွေကို ကြည့်ရခြင်းက အပျင်းပြေ အပျော်သက်သက် မဟုတ်ပါဘူး။ ကျွန်တော့်အတွက် တွေးစရာ၊ ရေးစရာလေးတွေ ရတတ်လို့ပါ။ ၀မ်းတစ်ထွာအတွက် လုပ်စားနေကြတာကိုတော့ ပညာရှင်စစ်စစ် မဟုတ်ကြလို့ပဲလို့ ဖြေတွေးလိုက်ပါဗျာ။ တကယ့်ဒါရိုက်တာ စစ်စစ်တွေကတော့ ပေါကြောင်ကြောင်ကားတွေ မရိုက်ကြပါဘူး။ အဲဒါတော့ သေချာပါတယ်။ လာရောက်ဖတ်ရှုတဲ့အတွက်နဲ့ ကွန်းမန့်အတွက် ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete

 
Web Statistics