(၁)
“ငွေကြေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူသားအားလုံး ကိုးကွယ်ယုံကြည်မှု တူညီသွားကြသည်” -------[ဗော်လ်တိုင်းယား]တော်လိုက်တဲ့ပညာရှိလို့ ချီးကျူးရင်လည်း လူရယ်စရာဖြစ်ဦးမယ်ထင်ပါရဲ့။ စိတ်ထဲကနေပဲ ချီးကျူးလိုက်တော့တယ်။ ခေတ်ကိုကြိုမြင်နေတာလား၊ ခေတ်ရှေ့ပြေးစွာနဲ့ စဉ်းစားတွေးတောပြီး ပြောခဲ့တာလားဆိုတာကတော့ သူကိုယ်တိုင်မှပဲ သိနိုင်မယ်ထင်ပါရဲ့။ နောက်တစ်ခု စဉ်းစားမိတာက သူတို့ခေတ်တုန်းက လူသားတွေလည်း အခုခေတ်လူသားတွေနဲ့မခြား နေထိုင်ကျင့်ကြံခဲ့ကြသလား ဆိုတဲ့မေးခွန်းပါ။ အဲဒီလိုဆိုရင်တော့ လူသားတွေရဲ့ တိုးတက်မှုဆိုတာတွေကို သံသယဖြစ်စရာ ရှိလာပြီ။ အရင်တုန်းက တဲကုပ်ကလေးတွေမှာ နေကြတယ်။ အခုတော့ မိုးမျှော်တိုက်ကြီးတွေမှာ နေကြတယ်။ အရင်က မြင်းလှည်းတွေ၊ နွားလှည်းတွေနဲ့ သွားလာကြတယ်။ အခုတော့ ကျည်ဆံရထားတွေ၊ လေယာဉ်ပျံတွေနဲ့ ကမ္ဘာပတ်နေကြတယ်။ ဒါပေမယ့် လူသားရဲ့စရိုက်၊ လူသားရဲ့ အတ္တတွေကတော့ တိုးတက်လာသလားလို့ မေးခွန်းထုတ်စရာ ဖြစ်ရတယ်။ ငွေကြေးဟာ အရာအားလုံးကို မဖန်တီးနိုင်ဘူးလို့ ပြောကြတဲ့အခါ မျက်စိမှိတ်ပြီး ပြောကြတာလားဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။ အချို့ကတော့ ပြောင်ပြောင်တင်းတင်းပဲ Money makes everything လို့ ကြွေးကြော်ကြတယ်။ အဲဒါကြောင့်လည်း ငွေကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်ကြတာ ဖြစ်လိမ့်မယ်ထင်ပါရဲ့ဗျာ။ ဗော်လ်တိုင်းယားကိုယ်တိုင်ရော အခြားသူတွေနဲ့ ကိုယ်ကွယ်တဲ့အရာ တူညီသလားဆိုတာကို မမေးလိုက်ရတာ အတော်နာသကိုးဗျ။
(၂)
လူတွေကို လွှမ်းမိုးနိုင်တဲ့အရာ သုံးခု ရှိတယ်လို့ စာအုပ်ထဲမှာ မှတ်ထားတယ်ဗျ။ ဘယ်အထဲက ကူးယူထားမိသလဲ မသိတော့ဘူး။ ပြန်ဝေငှပါရစေ။ မှတ်စုထဲမှာ အတိုကောက်အဖြစ် 3M လို့ ဆိုပါတယ်။1. Music
2. Movies
3. Money တို့ပါတဲ့။
ကဲ... ဘယ်လိုသဘောရသလဲ မိတ်ဆွေ....? သြော်.. ကျွန်တော့်ကို ပြန်မေးနေပြန်ပါပြီဗျာ။ ကျွန်တော်လား? အင်း... ဂီတလည်းကြိုက်တယ်။ ရုပ်ရှင်လည်း ကြိုက်တာပဲ။ ပိုက်ဆံကတော့ မကြိုက်လို့မရတဲ့ လိုအပ်ချက်ပဲဗျာ။ ပြောစရာမလိုပါဘူး။ အဲ...ဘာဖြစ်လို့ အဲဒီ (၃)ခုကိုပဲ အဓိကထားပြီး ပြောထားသလဲဆိုတာ စဉ်းစားလို့မရဘူး။ အခြားသော လွှမ်းမိုးနိုင်တဲ့အရာတွေလည်း ရှိပါသေးသဗျ။ ကျွန်တော့်အထင်တော့ လူတိုင်းလူတိုင်း မကြိုက်သူမရှိတဲ့ အချက်တွေလို့လား ဆိုလိုချင်သလား မသိပါဘူး။ စာအုပ်ထဲမှာ မှတ်ထားမိလို့ပါ။
(၃)
တစ်ခုခုကို အရူးအမူးစွဲပြီဆိုရင် ဘ၀သေပြီလို့ မှတ်ပါ။ဘယ်သူပြောသလဲဆိုတာ မှတ်မထားဘူးဗျ။ အဲဒီစကားက စဉ်းစားစရာတော့ ကောင်းတယ်။ အရူးအမူးဆိုတာ ဘယ်အဆင့်အထိကို ဆိုလိုသလဲဆိုတာတော့ နည်းနည်းမေးစရာရှိတယ်။ တစ်ဖက်စွန်းရောက်တဲ့အထိလား၊ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်လား။ အတွေးခေါင်ခေါင်နဲ့ ထပ်ပြီးစဉ်းစားမိတာက သီချင်းတွေမှာ၊ ကဗျာတွေမှာ၊ စာတွေထဲမှာ မင်းကို အရူးအမူး ချစ်နေတယ်၊ လွမ်းနေတယ်ဆိုတာ မင်းကြောင့် ငါ့ဘ၀သေပြီလို့ ကြေညာနေတယ်လို့ ဆိုလိုချင်သလား ဆိုတာပါပဲ။ အဲလိုလည်း မဟုတ်သေးဘူးထင်ပါရဲ့။ ကျုပ်ကတော့ အရက်ကို မသောက်ရ မနေနိုင်အောင် အရူးအမူးဖြစ်နေပြီ ဆိုတာမျိုးကတော့ လက်ခံလို့ ရသားဗျ။ မသိတော့ပါဘူးဗျာ။ စာဖတ်သူလည်း ကြိုက်သလိုသာ စဉ်းစားပါတော့။
(၄)
I'm only really alive when I'm working. --------------[Tennessee Williams]အင်း... တွေးစရာစကားလေးပါ။ သိတော့သိတယ်။ ဒါပေမယ့် ခက်သားနော်။ တစ်ခါတလေမှာ ပြောရတာထက် လိုက်လုပ်ရတာ အတော်ခက်တာဗျ။ အဲဒီအထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြောရတာ၊ ကိုယ့်ကိုယ်ကိုယ် ဆုံးမရတာ သာပြီးခက်သေးတယ်။ တစ်ခုပဲ စိတ်ဝင်စားတယ်။ ဒီစကားကို ပြောခဲ့တဲ့ ၀ီလျံဆိုတာကို ကျွန်တော်သေချာမသိဘူးဗျ။ သူ့စကားက အရမ်းကောင်းတယ်။ ဒါပေမယ့် သူရော အဲဒီစကားနဲ့အညီ ဖြစ်ခဲ့ရဲ့လားဆိုတာကို သံသယဖြစ်မိတယ်။ သေချာတာကတော့ ကျွန်တော်သူ့ကို မသိဘူး။ (ကျွန်တော့်ရဲ့ လေ့လာမှုအားနည်းတာ၊ ဗဟုသုတ မကျယ်ပြန့်တာကြောင့်လည်း ဖြစ်မှာပါ။) ပြောချင်တာက အချို့သော ပုဂ္ဂိုလ်တွေလိုမျိုး နာမည်ကြားလိုက်တာနဲ့ ချက်ချင်းသိတဲ့ ပညာရှင်မျိုး၊ ပုဂ္ဂိုလ်မျိုးတော့ မဟုတ်ဘူးဆိုတာပါပဲ။ သူ့ဘ၀သက်တမ်း ဘယ်လောက်ရှည်ခဲ့သလဲ၊ သူဘာတွေ လုပ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားနေမိတယ်။ စကားနောက်မှာ တရားပါရဲ့လားလို့ ဆန်းစစ်ကြည့်ချင်လို့ပါ။
(၅)
ဂျူးလူမျိုးများသည် မူလက ကိုယ်ပိုင်နိုင်ငံမရှိ၊ အာရေးဘီးယား သဲကန္တာရတွင် လှည့်လည်နေထိုင်ခဲ့ကြ။ ဘီစီ ၁၄၀၀ မှ ၁၂၀၀ ကြားမှာ ပါလက်စတိုင်းဒေသသို့ ၀င်ရောက်နေထိုင် အခြေချခဲ့ကြ။ အဆီးရီးယန်းနှင့် ရောမလူမျိုးများက ဂျေရုဆလင်ကို ၀င်ရောက်တိုက်ခိုက်၍ နိုင်ငံမဲ့။ First World War မှာ ဗြိတိသျှက ပါလက်စတိုင်းသိမ်းပြီး ထိုဒေသ၌ ဂျူးအတွက် နိုင်ငံတည်ထောင်ပေးရေးနှင့် ပတ်သက်သော သဘောထား ကြေညာစာတမ်းထုတ်။ လမ်းစရပြီး ဂျူးနိုင်ငံ တည်ထောင်နိုင်အောင်ကြိုးပမ်း။ ၁၉၄၈ ခုနှစ်မှာ ဂျူးတို့က ဒေသကို လွတ်လပ်သော အစ္စရေးနိုင်ငံအဖြစ် ကြေညာခဲ့။မှတ်ထားတဲ့အတိုင်း ပြန်ရေးပေးထားပါတယ်။ ဘာရယ်မဟုတ်ဘူး။ အခုပြန်ဖတ်တော့လည်း ပြန်တွေးနေမိတာပဲ။ အခုလတ်တလောက အစ္စရေးနဲ့ ပါလက်စတိုင်းပြဿနာက ထိပ်တန်းအကြောင်းအရာ ဖြစ်နေတာကိုး။ တရားကျဖို့တော့ အကောင်းသားနော်။ သူများနိုင်ငံကို ကျူးကျော်ခဲ့တယ်ဆိုပြီး ရှုံ့ချရမှာလား၊ ဘာမှမရှိတဲ့ဘ၀ကနေ ကမ္ဘာသိ ကိုယ်ပိုင်နိုင်ငံတစ်ခု ဖြစ်လာအောင်၊ အစ္စရေးဆိုတဲ့နိုင်ငံကို ကမ္ဘာသိဖြစ်အောင် ဆောင်ရွက်နိုင်တာကိုပဲ ချီးကျူးရမလား ဝေခွဲမရဘူး။ သေချာတာကတော့ အစ္စရေးတွေရဲ့ လုပ်ရပ်ဟာ တောတွင်းဥပဒေ ဆန်တယ်ဆိုတာပါပဲ။ အားကြီးသူက အားနည်းသူကို အနိုင်ယူစမြဲ၊ စားစမြဲလေ။ အာရပ်တွေဘက်ကနေ တွေးကြည့်မိတော့လည်း မျက်ရည်ပဲ ကျရမလို၊ အတော်အသုံးမကျတဲ့ အကောင်တွေဆိုပြီးပဲ ဒေါသထွက်ရမလိုလိုပါပဲ။ ကျွန်တော်က လူမျိုးရေးတွေ၊ ဘာသာရေးတွေ၊ ပထ၀ီတွေ၊ ဘာတွေညာတွေကို မပြောချင်ဘူး။ စိတ်ဝင်စားတာ တစ်ခုပဲ ရှိတယ်။ အစ္စရေးဟာ ပါလက်စတိုင်းတွေရဲ့ နယ်မြေကို မတရားကျူးကျော်ခဲ့တယ်ဆိုတာ တစ်ကမ္ဘာလုံးသိတယ်။ သူတို့ကိုယ်တိုင်လည်း သိတယ်။ ဒါပေမယ့် ပါလက်စတိုင်းတွေဟာ အစ္စရေးကို ဘာကြောင့်အခုအချိန်အထိ မယှဉ်နိုင်သလဲ၊ ဘာကြောင့် အသာမရသလဲဆိုတဲ့ မေးခွန်းကိုပဲ စိတ်ဝင်စားတယ်။ စာဖတ်သူလည်း တွေးကြည့်စေချင်ပါတယ်။ ရှုထောင့်တော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တဲ့ ရှုထောင့်နဲ့ စာဖတ်သူ့ရဲ့ အတွေးတူညီခဲ့မယ်ဆိုရင် အဲဒီစိတ်ဝင်စားစရာ အချက်ကို သေသေချာချာကို မြင်ပါလိမ့်မယ်။ အခြားအချက်တွေဆိုတာ ထည့်တွက်လို့သာ ပါနေကြတာပါ။ လျစ်လျူရှုထားလို့ ရတယ်။ အဲဒီအချက်ကတော့ ဘယ်လိုပဲတွက်တွက် မပါမဖြစ်တဲ့ အကြောင်းအချက် ဆိုပါတော့။ ကျွန်တော့်အတွေးပါနော်။
(၆)
“နတ္ထိ လောကေ အနိန္ဒိတော”လောကမှာ အပြစ်တင် အကဲ့ရဲ့ မခံရတဲ့သူ မရှိပါဘူး။
ကဲ... စာဖတ်သူမိတ်ဆွေ၊ ရှင်းပါရဲ့နော်။ သင့်ရဲ့ တစ်နေ့တာဘ၀တွေမှာ ကြုံလာသမျှကို အလကားနေရင်း စိတ်ပင်ပန်းခံမနေပါနဲ့။ အဆူခံရတဲ့အခါ ဒီရုံးမှာ အဆူမခံဘူးတဲ့လူ မရှိဘူး။ အငေါက်ခံရတဲ့အခါ ဒီဌာနမှာ အငေါက်မခံရဘဲ အငြိမ်းစားယူသွားတဲ့လူ မရှိဘူး။ အပြစ်တင်ခံရတဲ့အခါ ဒီအလုပ်မှာ အပြစ်တင်မခံရဘဲ ပြီးသွားတဲ့လူ မရှိဘူးဆိုတဲ့ စိတ်ကလေးတွေထားပြီး ဖြေတွေးလိုက်မယ်ဆိုရင် ဘ၀ဟာ အနည်းငယ်တော့ ပေါ့ပါးသွားမှာပါ။ ကျွန်တော်တို့ရဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားသော်မှ အကဲ့ရဲ့ အပြစ်တင်တွေ ခံခဲ့ရသေးတယ်လေ။ ကျွန်တော်တို့တွေက သာမန်လူသား ပုထုဇဉ်တွေပါ။ စာဖွဲ့မနေစမ်းပါနဲ့။
(၇)
If you deliberately set out to be less than you are capable, you will be unhappy for the rest of your life.ကိုယ်တတ်နိုင်ပါလျက်နဲ့ တတ်နိုင်သလောက်ကို မလုပ်ဘဲ တမင်တကာ လျှော့လျှော့ပေါ့ပေါ့ လုပ်လိုက်မယ်ဆိုရင် သင်ဟာ တစ်သက်တာလုံး စိတ်မချမ်းမသာနဲ့ နေသွားရတော့မယ်။
အို.... ကောင်းလိုက်တဲ့စကားလေးပါဗျာ။ ဘယ်သူပြောခဲ့သလဲဆိုတာ မှတ်မထားဘူးဗျ။ ဘာပဲလုပ်လုပ် အကောင်းဆုံးပဲလုပ်ပါလို့များ ဆိုလို့ရမလား မသိပါဘူးဗျာ။ အချို့တွေက ကိုယ်လုပ်နိုင်သလောက်တောင် လုပ်ဖို့နေနေသာသာ လုပ်ချင်ယောင်ဆောင်ပြီး ဘ၀ကို ဖြတ်သန်းနေကြတယ်လေ။ အပေါ်ကစကားကို ဖတ်ပြီးတဲ့အခါ အဲဒီလူတွေက ရယ်ကြမှာပဲနော်။ ဒါပေမယ့် သူ့ကိုယ်စောင့်နတ်ကလည်း သူ့ကို ရယ်နေတယ်ဆိုတာ သိနိုင်မယ် မထင်ဘူး။ ကိုယ်စောင့်နတ်ဆိုတာလည်း တကယ်တမ်းတော့ ကိုယ်ကိုယ်တိုင်ပဲလို့ ထင်ပါရဲ့။ ဘာကြောင့်လဲဆိုတော့ ဘယ်သူတွေသိသိ၊ မသိသိ ကိုယ်တိုင်တော့ သိနေတယ်မဟုတ်လား။ သိစိတ်၊ မသိစိတ်တို့ ဆိုတာတွေကလည်း ဒါပဲနဲ့ တူပါရဲ့ဗျာ။
(၈)
အတွေးတွေကို သတိထားပါ။ သူတို့ဟာ စကားလုံးတွေ ဖြစ်လာတယ်။စကားလုံးတွေကို သတိထားပါ။ သူတို့ဟာ အပြုအမူတွေ ဖြစ်လာတယ်။
အပြုအမူတွေကို သတိထားပါ။ သူတို့ဟာ အလေ့အကျင့်တွေ ဖြစ်လာတယ်။
အလေ့အကျင့်တွေကို သတိထားပါ။ သူတို့ဟာ စရိုက် ဖြစ်လာတယ်။
စရိုက်ကို သတိထားပါ။ သူက ကံကြမ္မာ ဖြစ်လာတယ်။
ပြောစရာစကား၊ ရှင်းပြစရာစကား မရှိတော့ပါဘူး။ ဖတ်လိုက်တာနဲ့ကို သိနိုင်၊ နားလည်နိုင်တဲ့ စကားတွေပါဗျာ။ အားတိုင်းတွေးနေတတ်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ ပြန်ဆန်းစစ်မိတယ်။ အိုး.... အံ့သြစရာ ကောင်းလိုက်ပါရဲ့ဗျာ။ ဘာတွေများ အံ့သြနေသလဲဆိုတာကို သိချင်ရင် စာဖတ်သူကိုယ်တိုင်ပဲ အတွေးတွေကို စာအုပ်တစ်အုပ်ထဲမှာ ချရေးထားကြည့်ပါ။ နောက်တစ်လလောက် နေတဲ့အခါ ပြန်ဖတ်ကြည့်ပေါ့ဗျာ။ မှန်မမှန် ပြန်သုံးသပ်ကြည့်စေချင်တာပါ။ အဲ... အခြားအရာတွေရောပေါ့။
(၉)
အာရုံ (၆) ပါး1. အဆင်း (ရူပါရုံ)
2. အသံ (သဒ္ဒါရုံ)
3. အနံ့ (ဂန္ဓာရုံ)
4. အရသာ (ရသာရုံ)
5. အထိအတွေ့ (ဖောဌဗ္ဗာရုံ)
6. စိတ်ခံစားမှု (ဓမ္မာရုံ)
မှတ်ထားတာကို ပြန်ရေးပေးရုံသက်သက်ပါ။ အချို့တွေအတွက် အသုံးဝင်ပါလိမ့်မယ်။ သိပြီးတဲ့လူ အများစုဖြစ်မယ် ထင်ပါတယ်။ ဗဟုသုတအဖြစ် ပြန်ဖတ်ရတယ်လို့ သဘောထားလိုက်ပါ။
(၁၀)
စိတ်ကောင်းရှိဖို့က | ပထမ |
ဝိနည်းလေးစားဖို့က | ဒုတိယ |
ကျန်းမာဖို့က | တတိယ |
သန့်ရှင်းဖို့က | စတုတ္ထ |
ဝတ်စားတတ်ဖို့က | ပဉ္စမ |
အနေအထိုင်တတ်ဖို့က | ဆဋ္ဌမ |
အပြောအဆိုတတ်ဖို့က | သတ္တမ |
အသွားအလာတတ်ဖို့က | အဋ္ဌမ |
စည်းကမ်းလိုက်နာဖို့က | န၀မ |
စာတတ်ဖို့က | ဒဿမ |
(မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ)
တစ်ခါက စာပေဟောပြောပွဲအကြောင်း ပြန်ရေးပြတုန်းက ဆရာချစ်နိုင်ပြောတဲ့အထဲမှာ ပါတဲ့(၁၀)ချက်ပါ။ အဲဒီတုန်းက မှတ်ထားတာကို ပြန်ရှာမတွေ့ဘူး။ အခုမှ စာအုပ်ဖတ်ရင်း အမှတ်မထင် ပြန်တွေ့တယ်။ နောင်ပြန်ဖတ်ချင်ရင် အလွယ်တကူ ဖတ်လို့ရှာလို့ရအောင် တင်ပေးလိုက်တာပါ။ စိတ်ကောင်းရှိဖို့က ပထမတဲ့။ အင်မတန်ရဲတင်းလိုက်ပါဘိ ဆရာတော်ရယ်လို့ပဲ မှတ်ချက်ချမိပါတယ်။ အကြောင်းမဲ့တော့ ဆိုခဲ့ဟန် မတူပါ။ ဆရာတော်ရဲ့ ပညာ၊ ဆရာတော်ရဲ့ အတွေ့အကြုံအရ ဆိုခဲ့တာဖြစ်လို့ ဟုတ်မှဟုတ်ပါ့မလားလို့ တွေးရတာတောင် မ၀ံ့မရဲဖြစ်မိတယ်။ နားလည်အောင်တော့ အများကြီး ကြိုးစားရဦးမယ်ထင်ပါရဲ့၊
အလျဉ်းသင့်သလို ဆက်ရေးပါဦးမည်။ ဝေဖန်အကြံပြုမှုများကို ကြိုဆိုလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၇ ရက်၊ သောကြာနေ့။
ညနေ ၃ နာရီ ၁၃ မိနစ်တွင်ပြီး၏။
No comments:
Post a Comment