မှတ်စု (၁၁)
Honesty is the best policy.ရိုးသားမှုဟာ အကောင်းဆုံးမူ ဖြစ်တယ်။
Without honesty there is no growth.
ရိုးသားမှုမရှိရင် တိုးတက်မှု၊ ကြီးပွားမှု မရှိဘူး။
Without honesty there is no freedom.
ရိုးသားမှုမရှိရင် လွတ်လပ်မှု မရှိဘူး။
Without honesty nothing is real.
ရိုးသားမှုမရှိရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်တော့ဘူး။
Without honesty nothing is.
ရိုးသားမှုမရှိရင် ဘာမှ မရှိတော့ဘူး။
===> မကြာခင်မှာ မျိုးတုန်းပျောက်ကွယ်သွားနိုင်တဲ့ ရှားပါးတိရစ္ဆာန်တစ်မျိုးအကြောင်းကို ဖတ်မိရင်းနဲ့ လူတွေမေ့ထားကြတဲ့ ရှားပါးပစ္စည်းတစ်ခုကို သတိရမိလို့ မှတ်စုထဲကနေ ပြန်ကူးပေးလိုက်တာပါ။ တချို့တွေကတော့ ရယ်ကြမလား၊ ပြုံးကြမလား မဆိုနိုင်ပါဘူး။ ချောင်းတစ်ခုရဲ့ ဟိုဘက်ဒီဘက်ထိပ်ကို အပင်တစ်ပင်လှဲပြီး တံတားအဖြစ် ကူးသွားရင်လည်း ရောက်နိုင်တဲ့ဟာကို ဘာကိစ္စ အလုပ်ရှုပ်ခံပြီး၊ သံကူကွန်ကရစ်တွေ၊ သံမဏိကြိုးတံတားတွေ ဆောက်နေကြသလဲမသိဘူးလို့ တွေးတတ်သူတွေအတွက်တော့ အပေါ်က မှတ်စု (၁၁) က အသုံးဝင်မှာ မဟုတ်ပါဘူး။
မှတ်စု (၁၂)
ပြုံးခြင်း ရယ်ခြင်း (၆) မျိုး- (သိတ) --------------------- မျက်လုံး၊ နှုတ်ခမ်း အနေပျက်ရုံ ပြုံးခြင်း။
- (ဟသိတ) ------------------ သွားပေါ်ရုံကလေး ပြုံးခြင်း။
- (၀ိဟသိတ) ---------------- ပကတိသော အသံညင်းညင်းထွက်ရုံ ရယ်ခြင်း။
- (ဥပဟသိတ) -------------- ပခုံး၊ ဦးခေါင်း လှုပ်အောင်ရယ်ခြင်း။
- (အပဟသိတ) ------------- မျက်ရည်ထွက်အောင် ရယ်ခြင်း။
- (အတိဟသိတ) ------------ ခြေပစ်လက်ပစ် မရှူမရှိုက်နိုင်အောင် ရယ်ခြင်း။
===> အခုတလော မြန်မာဇာတ်ကားအများစုက ဟာသကားတွေချည်းပဲ ဖြစ်နေတယ်ဆိုတော့ လူတွေအားလုံး ရယ်မောနေကြတာပဲလို့ ပြောလို့ရပါ့မလားလို့ တွေးမိတယ်လေ။ အဲဒီတော့ သူတို့တွေ ရယ်တဲ့အခါ၊ ပြုံးတဲ့အခါ ဘယ်အချက်နဲ့အညီ ပြုံးကြ၊ ရယ်ကြသလဲလို့ ပေါက်ပေါက်ရှာရှာ စဉ်းစားတတ်သူတွေအတွက် အသုံးဝင်မယ်ထင်ပ။ ဒါပေမယ့် "ခင်ဗျားကလည်းဗျာ... အပဟသိတ မလုပ်ပါနဲ့" လို့ သွားပြောရင်တော့ အပြောခံရတဲ့လူက ရယ်တာရပ်သွားပြီး ခင်ဗျားကို မှုန်ကုပ်ကုပ်နဲ့ ပြန်ကြည့်မယ်ဆိုတာကိုတော့ မေ့မထားနဲ့ပေါ့ဗျာ။ စိတ်ထဲမှာပဲ ဘယ်လိုအမျိုးအစားလဲဆိုတာ သတ်မှတ်ကြည့်စေချင်တာပါ။
မှတ်စု (၁၃)
နာမည် နှင့် လူ (၄) မျိုး (၄) စား- လူသေသော်လည်း နာမည် မသေသောသူ
- လူမသေသော်လည်း နာမည် သေသွားသောသူ
- လူလည်းသေ နာမည်လည်း သေသွားသောသူ
- လူလည်းမသေ နာမည်လည်း မသေသောသူ
===> နံပါတ်(၄) အချက်က အမွန်မြတ်ဆုံးပါတဲ့။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ကျားသေရင် သားရေ ကျန်ရမယ်။ လူသေရင် နာမည် ချန်ရမယ်တဲ့။ အမှတ်မမှားရင်တော့ ဆရာမင်းဆွေရဲ့ စာအုပ်တစ်အုပ်ထဲမှာလို့ ထင်တာပါပဲ။ ထားပါလေ။ နာမည်ဆိုတာ သတ်မှတ်ချက်တစ်ခုပါလို့ ပေါ့ပေါ့တန်တန် ပြောတတ်တဲ့လူတွေ အတော်များတာ တွေ့ရတယ်။ အဲဒီလို ပြောတဲ့လူတွေဟာ သာမန်လူတွေ ဖြစ်နေတတ်ပါတယ်။ သာမန်ဆိုတော့လည်း သာမန်ပဲ တွေးမှာပေါ့လေ။ နာမည်တစ်ခုရဲ့ စွမ်းပကားကို အဲဒီလိုလူတွေသိအောင် ဘယ်လိုပြောပြရရင် ကောင်းမလဲလို့ တွေးကြည့်မိတယ်။ ဘ၀သံသရာ လည်ဦးမယ်ဆိုရင်တောင် အကြိမ် တစ်ရာမက လည်ပြီးဖြစ်နေလောက်တဲ့ လူတွေရဲ့ နာမည်တွေကို ဒီနေ့အချိန်အထိ လူသားတွေ ဘာကြောင့် တသသ ပြောနေ၊ သုံးနေ၊ ကိုးကားနေရသလဲဆိုတာကို စဉ်းစားမိလိုက်ရင် ခပ်ရေးရေးတော့ သဘောပေါက်ကြမယ် ထင်ပါရဲ့လို့ ဖြေတွေးလေး တွေးမိတယ်။ အသက်ရှင်နေတုန်းမှာ လူနဲ့နာမည် နှစ်ခုလုံးမသေအောင် ကြိုးစားကြဦးစို့လားဗျာ။
မှတ်စု (၁၄)
ပါတော်မူဖူးခဲ့ပြီ - ငွေတာရီပါဖူးခဲ့ပြီ
မညီမညွတ်၊ စည်းပြေကျွတ်၍
လက်လွတ်ပြည်လုံး၊ မင်းပါဆုံးခဲ့
နှလုံးသည်းတိုင်၊ ပြတ်လုယိုင်သည်
ကျွန်နိုင်ငံ ဖြစ်ဖူးပြီကော။
===> ဆရာမငွေတာရီရဲ့ ကဗျာတစ်ပုဒ်ဆိုတာတော့ မှတ်တဲ့အထဲမှာ ရေးထားပါတယ်။ အဲဒီအချိန်တုန်းက အခုလိုမျိုး အမြင်မကျယ်သေး၊ စနစ်လည်းမကျသေးတော့ ဘယ်ကကူးထားလိုက်တယ်၊ ဘယ်သူပြောတာ စသည်ဖြင့် မရေးထားပါဘူး။ နောင်တရချင်သလိုလို ဖြစ်မိပေမယ့် မလုပ်ခဲ့တာထက်စာရင်တော့ အခုလို စာလေးတွေ ရှိသေးတယ်ဆိုတဲ့အတွက် ၀မ်းသာကျေနပ်ရတယ်။ ကဗျာက ဒီအတိုင်းကိုပဲ တစ်ပုဒ်လုံးလား၊ အခုအပေါ်မှာ ရေးထားတာက တစ်စိတ်တစ်ပိုင်းလားဆိုတာကို သေသေချာချာမသိတာ အမှန်ပါ။ သိတဲ့လူရှိရင် ကူညီကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။ သူချည်းပဲ တစ်ပုဒ်ဖြစ်နိုင်သလို၊ အခြားအပိုင်းတွေလည်း ရှိနိုင်သေးတယ်လို့ ယူဆမိပါတယ်။ အဲဒီကဗျာကို ဖတ်မိတဲ့သူ၊ မှတ်ထားတဲ့သူများရှိခဲ့ရင် လက်တို့လိုက်ကြပါဦးဗျာ။
မှတ်စု (၁၅)
ကိုယ်တကယ်ချစ်တဲ့သူနဲ့ ဆုံတဲ့အခါ သူနဲ့တစ်သက်တာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့ သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။
ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
ကိုယ်ချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။
ကိုယ့်မုန်းခဲ့ဖူးတဲ့သူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
ကိုယ့်နဲ့အတူနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝ ကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နူးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။
ကိုယ် တိတ်တခိုး ချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။
ကိုယ့်ကို ထားခဲ့တဲ့သူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။
မှတ်စု (၁၆)
လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု (Rich Environment) လိုအပ်တယ်။ ဘ၀အောင်မြင်မှုအတွက် အရေးကြီးတဲ့ အရာတွေပေါ့။ စာအုပ်တွေလိုမယ်။ ခေတ်ကို အမီလိုက်ဖို့ သင့်တင့်တဲ့ နည်းပညာတွေလိုမယ်။ ပညာကို ကိုယ့်ကို လက်ဆင့်ကမ်းနိုင်မယ့် လူတွေလိုမယ်။ အဲဒီ ပတ်ဝန်းကျင်ဆိုတာက တချို့အတွက် အလိုအလျောက်ရှိနေပြီး တချို့အတွက်တော့ ကိုယ်တိုင်အားထုတ်ဖန်တီးမှ ရတယ်။ ပညာက ကိုယ့်အနားကို မလာရင် ကိုယ်က ပညာဆီသွားရမှာပဲ။===> ဂျူး ရဲ့ စောင့်နေမယ်လို့ မပြောလိုက်ရဘူး စာအုပ်ထဲက စာသားတချို့ပါ။ အများစု သိပြီးဖတ်ပြီး ဖြစ်မယ်ထင်ပါတယ်။ တွေးစရာတွေ အများကြီးပါတာမို့ တွေးလို့မဆုံးတဲ့ စာလုံးလေးတွေဆိုပါတော့။ ချဲ့နိုင်ရင် ချဲ့နိုင်သလောက် နိုင်ငံနဲ့ချီပြီး၊ လူမျိုးနဲ့ချီပြီး တွေးကြည့်နိုင်တာမျိုးပါ။ တွေးမိတိုင်းလည်း သက်ပြင်းချမိတာ ဘာကြောင့်ရယ်မှန်း ကိုယ့်ကိုယ်ကိုယ် မသိပါဘူး။
နောက်များမှ ဆက်ပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၁ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၅၀ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၁၁ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၅၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment