အုပ်စု (င)
နောက်ထပ် အာရှအသင်းတစ်သင်းက အံ့သြစရာ လုပ်ပြခဲ့ပြန်ပါပြီ။ အာဖရိကမြေပေါ်မှာ ခြေစွာပါတယ်ဆိုတဲ့ အီတိုးတို့လူသိုက်ကို ဟွန်ဒါက အသည်းခွဲခဲ့ပြန်ပါပြီ။ ဒီနိုင်ပွဲဟာ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အာရှအသင်းတွေအတွက် ဂုဏ်ယူစရာဖြစ်ခဲ့သလို ဂျပန်အသင်းအတွက်လည်း စံချိန်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ ဂျပန်အသင်းဟာ အိမ်ရှင်လုပ်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကလွဲရင် အခြားမြေပေါ်မှာ ဘယ်တုန်းကမှ နိုင်ပွဲမရခဲ့ဖူးတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါပဲ။ သူတို့အတွက် နိုင်ငံပြင်ပမှာ ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲကို ရရှိသွားခဲ့တာပါ။ နာကာမူရာကို မသုံးခဲ့ဘဲ ရုရှားကလပ် စီအက်စ်ကေအေက ဟွန်ဒါကို ယုံကြည်စွာအားကိုးခဲ့တဲ့ နည်းပြရဲ့လုပ်ရပ် မှန်ကန်ခဲ့ပါတယ်။ ကင်မရွန်းအနေနဲ့ ဟွန်ဒါကို အတော်လေးကို ထိန်းချုပ်ခဲ့ရပါတယ်။ ဒီပွဲအနိုင်ကြောင့် ဂျပန်အတွက် မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပြီး ဒိန်းမတ်အသင်းနဲ့ပွဲဟာ အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ ဒိန်းမတ်ကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အုပ်စုကတက်ဖို့ အခွင့်အလမ်းတွေ ရလာပါလိမ့်မယ်။ ဘာပဲပြောပြော ဂျပန်အသင်းရဲ့ အောင်ပွဲအတွက် အာရှသားတွေ ကျေနပ်ခဲ့ကြရမှာတော့ အမှန်ပါပဲ။
အုပ်စု (စ)
မထင်မှတ်တဲ့ ပွဲစဉ်တွေထဲမှာ အဆိုးဆုံးပွဲစဉ်လို့တောင် ဆိုချင်ပါတယ်။ ရလဒ်ပိုင်းအရတင်မဟုတ်ဘဲ ကိုယ်ပိုင်ကစားဟန်တွေပါ ပျောက်ဆုံးနေခဲ့တဲ့ အီတလီအသင်းကို ကျွန်တော်အနေနဲ့ အတော်လေးကို စိတ်ကုန်သွားခဲ့ပါတယ်။ ဘောလုံးမှာ အနိုင်၊ အရှုံး၊ သရေဆိုတာ ရှိတတ်စမြဲမို့ သရေကျတာကို လက်ခံပါတယ်။ ဒါပေမယ့် အီတလီအသင်းက အီတလီလို မကစားဘဲ အင်္ဂလန်လိုမျိုး ကန်တင်ပြေးပုံစံနဲ့ ခွန်အားသုံးပြီး အမြန်ပေးကစားခဲ့တာကိုတော့ ကြည့်ရတာ အဆင်မပြေခဲ့ပါဘူး။ လူငယ်တွေနဲ့ ပွဲထွက်လာခဲ့တာမို့ ကြံ့ခိုင်မှု၊ လျင်မြန်မှုတွေ ကောင်းမွန်ခဲ့ပေမယ့် ကွင်းလယ်ကစားကွက် အသာစီးမရခဲ့တာကတော့ စိတ်ပျက်စရာပါ။ အီတလီရဲ့ ကစားဟန်ဖြစ်တဲ့ အပေးအယူ အချိတ်အဆက်မိမိနဲ့ ဘောလုံးကို စိတ်ရှည်လက်ရှည် ကိုင်ကစားပြီး တိုက်စစ်ဆင်တာမျိုးကို မကြည့်ခဲ့တဲ့အတွက် ဟာတာတာကြီး ဖြစ်ခဲ့ရပါတယ်။ အခုဆိုရင် လက်ရှိချန်ပီယံအသင်းရဲ့ ခြေစွမ်းကို မေးခွန်းထုတ်နေကြပါပြီ။ ဒီရော့ဆီသာ မကယ်တင်ခဲ့ရင် အီတလီအသင်း ရေတိမ်နစ်သွားနိုင်တဲ့ အနေအထားမျိုးပါ။ တစ်ခုတော့ ရှိပါရဲ့။ အီတလီဟာ အမြဲတမ်း အဲဒီလိုမျိုး လှုပ်ပဲ့လှုပ်ပဲ့နဲ့ နောက်တစ်ဆင့်ကို တက်လာတတ်တာပါပဲ။ အဲဒီလို တက်လာပြီဆိုရင်လည်း ကြောက်စရာကောင်းတတ်ပါတယ်။ နောက်ပွဲစဉ်တွေမှာ ဘာလုပ်ပြနိုင်မလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။
ရှေ့ကနှစ်သင်း သရေကျထားတဲ့အတွက် တစ်သင်းသင်းသာ အနိုင်ရခဲ့မယ်ဆိုရင် အတော်လေးကို ကောင်းမွန်တဲ့အခြေအနေတွေ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပေမယ့် သူတို့လည်း ရှေ့နှစ်သင်းရဲ့ ခြေရာကို ထပ်တူထပ်မျှ လိုက်နင်းခဲ့ကြပါတယ်။ စလိုဗက်ကီးယားအတွက် အခံရခက်စေတာကတော့ ရထားတဲ့အနိုင်ဂိုးကို ပွဲပြီးအချိန်ပို ၉၄ မိနစ်ကျမှ ပြန်ချေပခံလိုက်ရတာပါပဲ။ အနိုင်သုံးမှတ်အတွက် အိပ်မက်တွေကောင်းနေတုန်းမှာ နယူးဇီလန်ရဲ့ ချေပဂိုးဟာ ရေနဲ့လောင်းပြီး နှိုးလိုက်သလို ဖြစ်သွားခဲ့ရပါတယ်။ သူတို့နှစ်သင်း သရေကျသွားတဲ့အတွက် ဒီအုပ်စုမှာ အီတလီနဲ့ ပါရာဂွေးတို့သာ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။
အုပ်စု (ဆ)
မရဏအုပ်စုရဲ့ အဖွင့်ပွဲစဉ်ဟာ သရေရလဒ်နဲ့အတူ တစ်ယောက်တစ်မှတ်စီ ခွဲဝေယူသွားခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးဟာ အကောင်းဆုံးပုံစံနဲ့ မကစားနိုင်ခဲ့ကြပါဘူး။ ပေါ်တူဂီအသင်းက အလယ်တန်းကစားကွက် ပျက်နေခဲ့ပြီး ဒရော့ဘာမပါတဲ့ အိုင်ဗရီကို့စ်ကလည်း အဆိပ်မရှိတဲ့မြွေလိုပါပဲ။ နှစ်သင်းစလုံးအတွက် အကောင်းဆုံး ဖြစ်ခဲ့တာကတော့ ခံစစ်နောက်တန်းတွေ ဖြစ်ပါတယ်။ ပထမပိုင်းမှာ အိုင်ဗရီကို့စ်ကွင်း တစ်ဝက်လောက်ကနေ စီရော်နယ်လ်ဒို ကန်သွင်းတဲ့ဘောလုံး ဂိုးတိုင်မှန်ပြီး ထွက်သွားခဲ့ရတာဟာ နစ်နာလှပါတယ်။ အင်မတန်လှပပြီး အဆင့်မြင့်တဲ့ ကန်သွင်းချက်ပါ။ ဒရော့ဘာလူစားလဲ ၀င်ရောက်စားခဲ့ပေမယ့် ပွဲအဖြေကိုတော့ မပြောင်းလဲပေးနိုင်ခဲ့ပါဘူး။ ပေါ်တူဂီအသင်းမှာ ရော်နယ်လ်ဒိုတစ်ဦးတည်း ရုန်းကန်ခဲ့ရပြီး ဆီမာအိုဝင်လာမှ တိုက်စစ်ပိုင်း အနည်းငယ်တက်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားပွဲမစခင် နာနီနာသွားခဲ့ရတာဟာ ပေါ်တူဂီအတွက် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်ခဲ့ရပါတယ်။
တစ်ကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စောင့်မျှော်ခဲ့ရတဲ့ ဘရာဇီးလ်အသင်းရဲ့ ခြေစွမ်းကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ချီးကျူးစရာ ဖြစ်ခဲ့တာကတော့ မြောက်ကိုရီးယားရဲ့ ကစားပုံပါပဲ။ ဘရာဇီးလ်လိုအသင်းကို ပထမပိုင်းတစ်ခုလုံး ဂိုးမပေးရတဲ့အပြင် အပြန်အလှန် ခြိမ်းခြောက်ကစားသွားနိုင်ခဲ့ပါတယ်။ အာရှအသင်းတွေကို လျှော့တွက်ထားကြသူတွေ အတွက်ကတော့ မြောက်ကိုရီးယားဟာ နတ်ဆိုးတစ်ကောင် ဖြစ်ခဲ့ပါတယ်။ မဖြစ်နိုင်တဲ့ အနေအထားကနေ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပေါင်းစပ်ပြီး ကန်သွင်းယူသွားခဲ့တဲ့ မိုင်ကွန်ရဲ့ အဖွင့်ဂိုးဟာ ဒီပွဲအတွက် အရေးပါဆုံးဂိုး ဖြစ်ခဲ့ပါတယ်။ ဂိုးမရတဲ့အတွက် တထိတ်ထိတ်နဲ့ စိုးရိမ်စိတ်များနေတဲ့ အသင်းသားတွေကို မိုင်ကွန်ရဲ့ဂိုးက ဖိအားတွေ လျော့စေခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဘရာဇီးလ်တို့အနေနဲ့ ကစားကွက်ပိုင်းကို အေးအေးဆေးဆေး ပြန်တည်ပြီး ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ရော်ဘင်ဟို အထူးခြေစွမ်းပြပြီး ကစားသွားခဲ့ပါတယ်။ ဒုတိယအနိုင်ဂိုးကို သွင်းယူဖို့အတွက် အီလန်နိုကို ချပေးလိုက်တဲ့ ဘောလုံးအခင်းအကျင်းဟာ အံ့လောက်စရာပါ။ အီလန်နိုရဲ့ အချိန်ကိုက် အသာအယာပိတ်သွင်းမှုနဲ့အတူ ဂိုးရရှိခဲ့ပါတယ်။ နှစ်ဂိုးရှုံး မြောက်ကိုရီးယားဟာ စိတ်ဓာတ်ကျသွားခြင်း မရှိဘဲ ဘရာဇီးလ်အသင်းကို ခပ်မာမာ တုံ့ပြန်ကစားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပွဲချိန် ၈၉ မိနစ်ခန့်မှာ အဖိုးတန် ချေပဂိုးတစ်ဂိုး ရရှိခဲ့တာပါ။ ရှုံးနေမှန်း သိပါလျက်နဲ့ ဘရာဇီးလ်လို ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းကို ဂိုးသွင်းနိုင်ခဲ့တယ်ဆိုတဲ့ ဂုဏ်ယူပျော်ရွှင်မှုကို မြောက်ကိုရီးအသင်းသားတွေရဲ့ မျက်နှာမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။ မိနစ် ၈၀ လောက်ကတည်းကသာ အဲဒီလို ချေပဂိုးရခဲ့မယ်ဆိုရင် ဘရာဇီးလ်တို့ မလွယ်လှပါဘူး။ သေချာတာကတော့ ပေါ်တူဂီနဲ့ အိုင်ဗရီကို့စ်တို့အတွက် မြောက်ကိုရီးယားဟာ ဖျက်မြင်းတစ်ကောင် ဖြစ်နေပြီဆိုတာပါပဲ။ အဲဒီပွဲမှာ နိုင်ပွဲရခဲ့တဲ့ ဘရာဇီးလ်တို့ရဲ့ အပျော်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မြောက်ကိုရီးယားတို့ရဲ့အပျော် ဘယ်ဟာကသာသလဲဆိုတာတောင် စဉ်းစားလို့ မရတော့ပါဘူး။ သေချာတာကတော့ မြောက်ကိုရီးယားဟာ အိမ်ဖြည့်အသင်းတစ်သင်း မဟုတ်ဘူးဆိုတာပါပဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁ နာရီ ၄၄ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁ နာရီ ၄၄ မိနစ်တွင်ပြီး၏။
No comments:
Post a Comment