အုပ်စု (ဇ)
တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအတွက် ကမောက်ကမအဖြစ်ဆုံးနဲ့ စိတ်အညစ်ဆုံးပွဲစဉ် ဖြစ်ခဲ့မယ်ထင်ပါတယ်။ ဒီနှစ်ချန်ပီယံအတွက်တောင် မျှော်မှန်းခဲ့ကြတဲ့ စပိန်အသင်း ဖိုးသင်းမျောက် လုပ်ပြလိုက်ပုံကတော့ အင်မတန်မှကို သင်းတာကိုးဗျ။ အားလုံးက တောရက်စ်ဘယ်နှဂိုးသွင်းမလဲ၊ ဒေးဗစ်ဗီလာ ဟက်ထရစ်ယူမှာလား စသည်ဖြင့် စိတ်ကူးတွေယဉ်နေကြတာ။ တကယ်လည်းကန်ရော စပိန်အသင်း လုပ်လိုက်ပုံကတော့ ပြောကိုမပြောချင်တော့ပါဘူးဗျာ။ ဆွစ်ဇာလန်အသင်းရဲ့ ဒုတိယဂိုးသာ ရလိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ မဟာစပိန်အသင်းကြီး နှစ်ဂိုးပြတ်နဲ့ ရေတိမ်နစ်ဦးမလို့ပါ။ ဘာပဲပြောပြော အခုလိုမျိုး မထင်မှတ်တာတွေ ဖြစ်တတ်တာကြောင့်လည်း ဘောလုံးဆိုတာကို လူတွေရူးသွပ်ကြတာပါ။ စပိန်နဲ့ ဆွစ်ဇာလန်ကန်ရင် စပိန်နိုင်မယ်လို့ ခန့်မှန်းတယ်။ ခန့်မှန်းတဲ့အတိုင်းလည်း စပိန်နိုင်တယ်။ အဲဒါဆိုရင် ဘယ်ကလာပြီး စိတ်ဝင်စားစရာ ကောင်းတော့မလဲ။ ဘောလုံးပွဲဆိုတာ သင်္ချာတွက်တာမှ မဟုတ်တာပဲ။ မဟုတ်ဘူးလားဗျာ။ :D
အုပ်စု (က)
အိမ်ရှင်အသင်းအတွက် စိတ်ဓာတ်ကျသွားစေခဲ့တဲ့ ပွဲပါ။ ပရိသတ်တွေရှေ့မှာ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် တစ်ဦးချင်းစွမ်းရည်မြင့်တဲ့ ကစားတွေပါတဲ့ ဥရုဂွေးအသင်းကို အနိုင်ရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ပေးလိုက်ရတဲ့ ဖော်လန်ရဲ့ အဖွင့်ဂိုးဟာ ဒီပွဲအပေါ်မှာ အများကြီး သက်ရောက်မှုရှိခဲ့ပါတယ်။ ချေပဂိုးရဖို့ ကြိုးစားနေရင်းနဲ့ ဒုတိယပိုင်းမှာ တစ်ယောက်အထုတ်ခံလိုက်ရတာကလည်း အိမ်ရှင်အတွက် နစ်နာသွားစေခဲ့ပါတယ်။ ဖော်လန်ရဲ့ ပင်နယ်တီဂိုးကို ခွင့်ပြုလိုက်ရချိန်မှာတော့ အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပါတယ်။ အိမ်ရှင်တောင်အာဖရိကအတွက် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်သွားရတော့မှာ အသေအချာပါပဲ။
ဘောလုံးပွဲခန့်မှန်းသူတွေကို အရှက်တကွဲအကျိုးနည်းဖြစ်အောင် ကောင်းကောင်းကြီး လုပ်ပြနေတာကတော့ ပြင်သစ်အသင်းပါပဲ။ အခုလည်းပဲ မက္ကစီကိုအသင်းကို နှစ်ဂိုးပြတ်နဲ့ရှုံးနိမ့်ပြီး အုပ်စုပွဲစဉ်တွေပြီးတဲ့အခါ ကျွန်တော်တို့တွေကို ပြင်သစ်ကိုပြန်ခွင့်ပြုပါလို့ သူတို့ဘာသာသူတို့ ခွင့်တောင်းနေပါပြီ။ တကယ်လည်း ပြန်ရတော့မယ့် အနေအထားပါ။ အုပ်စုနောက်ဆုံးပွဲစဉ်မှာသာ ဥရုဂွေးနဲ့ မက္ကစီကိုတို့ သရေကန်ခဲ့မယ်ဆိုရင် ပြင်သစ်အသင်းအနေနဲ့ တောင်အာဖရိကကို ဂိုးတစ်ရာပဲ သွင်းနိုင်ပါစေဦးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။ ပြင်သစ်တို့လုပ်ပုံကတော့ ဘာပြောရမှန်းကို မသိတော့ဘူးဆိုသလိုပါပဲ။
အုပ်စု (ခ)
ဒီနှစ်အတွက် ရေပန်းစားနေတဲ့ အာဂျင်တီးနားဟာ အာရှထိပ်သီး တောင်ကိုရီးယားကို ဂိုးပြတ်နဲ့ အနိုင်ယူပြပြီး ကျန်အသင်းတွေကို စိန်ခေါ်လိုက်ပါပြီ။ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ် ဆိုပေမယ့်လည်း ရသွားတဲ့ဂိုးတွေအတွက်တော့ ပြောစရာ ဖြစ်ခဲ့ရပါတယ်။ ပထမဆုံးဂိုးဟာ တောင်ကိုရီးယား ကစားသမားတစ်ယောက်ရဲ့ ခြေထောက်ကိုထိပြီး ၀င်သွားခဲ့တာပါ။ ဒုတိယဂိုးကိုလည်း မပေးသင့်တဲ့ ဟီဂူအင်ရဲ့ ခေါင်းတိုက်ချက်ကနေ ရသွားခဲ့တာပါ။ တတိယဂိုးအတွက် တကယ်တမ်းဂိုးရခဲ့သင့်တာက မက်ဆီဖြစ်ပေမယ့် သူမှမသွင်းရင် ဘယ်သူမှကန်မယ့်လူ မရှိတော့တဲ့ အနေအထားကနေ ဟီဂူအင်ကပဲ သွင်းယူခဲ့ရပါတယ်။ စတုတ္ထဂိုးကိုကလည်း ခေါင်းပေါ်ရောက်လာတဲ့ ဘောလုံးကို ဟီဂူအင်က အသာအယာလေး ခေါင်းတိုက်လိုက်တာကနေ ဂိုးရသွားခဲ့တာပါ။ ဒီပွဲစဉ်အတွက် ဟီဂူအင်ကို အာဖရိကနတ်တွေက စောင့်ရှောက်ခဲ့ကြဟန် တူပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားရဲ့ ပထမဆုံးဟက်ထရစ်ကို မပင်မပန်းဘဲ အေးအေးဆေးဆေး ရသွားခဲ့ပါတယ်။ တဒိုင်းဒိုင်းသွင်းနေတဲ့ မက်ဆီခမျာ သူကဂိုးမရဘဲ ဟီဂူအင်ကပဲ ဂိုးတွေရနေတဲ့အတွက် စိတ်ဓာတ်ကျနေတဲ့ အမူအရာတွေကိုတောင် မြင်တွေ့ခဲ့ရပါတယ်။ တောင်ကိုရီးယားအတွက် ချေပဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာ အာဂျင်တီးနားနောက်တန်း အမှားကနေ သွင်းယူသွားခဲ့တာပါ။ အာဂျင်တီးနားတို့ နောက်တစ်ဆင့်ကို သေချာပေါက် တက်ရောက်သွားပြီဖြစ်ပြီး ကျန်သုံးသင်းကတော့ စိတ်ဝင်စားစရာအနေအထားနဲ့ စောင့်ကြည့်ရပါဦးမယ်။ ဒီနှစ်သင်းကြားကွာခြားချက်ကတော့ ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းရည်နဲ့ အတွေ့အကြုံ ကွာခြားမှုပဲ ဖြစ်ပါတယ်။ မက်ဆီနဲ့ တီဗက်ဇ်ကို နှစ်ယောက်/သုံးယောက် ထိန်းနေရတာကိုက ကိုရီးယားတွေအတွက် အလုပ်တစ်ခု ဖြစ်နေခဲ့ရတာပါ။
ဂရိရဲ့အနိုင်ကို ထိုက်တန်လို့ ပြောချင်ပေမယ့် နိုင်ဂျီးရီးယားရဲ့ အရှုံးကတော့ ခါးသီးလှပါတယ်။ အရှုံးနဲ့ မထိုက်တန်ဘူးလို့ ပြောချင်ပေမယ့် ပထမပိုင်းမှာ အရိုင်းစိတ်နဲ့ လုပ်ခဲ့တဲ့ ကစားသမားတစ်ဦးကြောင့် အာဖရိကလင်းယုန်တွေ အတောင်ကျိုးသွားခဲ့ရပါတယ်။ ဆယ်ယောက်ကျန်နိုင်ဂျီးရီးယားကို ဂရိတို့ ဖိကစားသွားနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ခြေစွမ်းအမှန် ဟုတ်ပါလေစဆိုတာ သံသယဖြစ်စရာပါ။ ဆယ့်တစ်ယောက်ချင်း ကစားစဉ်တုန်းက နိုင်ဂျီးရီးယားကို လုံးဝကို အသာစီးမရခဲ့လို့ပါ။ ဒီနေ့ပွဲစဉ်ဟာ သရေရလဒ်သာ ဖြစ်သင့်ပေမယ့် ကံကြမ္မာက အဲဒါကို ခွင့်မပြုခဲ့ပါဘူး။ ဂရိအသင်းရဲ့ ကန်သွင်းသမျှကို လက်စွမ်းပြပြီး ကာကွယ်ပေးခဲ့တဲ့ နိုင်ဂျီးရီးယားဂိုးသမားအတွက် ပွဲကြည့်ပရိသတ်အားလုံး စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပွဲစဉ်တွေ ကစားပြီးသမျှထဲမှာ အကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ သူ့စွမ်းဆောင်ချက်တွေဟာ အထင်ကြီးစရာပါ။ တကယ်လည်း အံ့သြလောက်ဖွယ် ကာကွယ်မှုတွေ လုပ်ပြခဲ့တာ အာဂျင်တီးနားနဲ့ ပွဲစဉ်မှာ ကမ္ဘာတစ်ဝန်းလုံးက ကြည့်ခဲ့ရပြီးသားပါ။ နောက်ဆုံးပွဲစဉ်မှာ အာဖရိကလင်းယုန်တွေ ပြန်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်၊ သောကြာနေ့။
ညနေ ၃ နာရီ ၂၁ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်၊ သောကြာနေ့။
ညနေ ၃ နာရီ ၂၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment