သူတို့က ဒါနဲ့ မပြီးသေးပါဘူး။ သူတို့ဂျာနယ်မှာ အကြံပေးနာယကအဖြစ် ထည့်သွင်းဖော်ပြပါရစေလို့ ပြောလာပြန်တယ်။ အကူအညီတောင်းတာ မှန်သမျှ စိမ်းစိမ်းကျက်ကျက် မငြင်းတတ်ပေမယ့် ဒီတစ်ချက်တော့ မဖြစ်ပါဘူး။ ရှေးယခင်က တပည့်ဟောင်းတွေကို ငြင်းပယ်ခဲ့သလို သူတို့ကိုလည်း ငြင်းလိုက်ရတယ်။ စိတ်တော့ မကောင်းဘူး။ ဒါပေမယ့် သူတို့ကောင်းဖို့အတွက် ငြင်းလိုက်ရတာဖြစ်တယ်။
သူတို့တစ်တွေဟာ မငယ်ကြတော့ပါဘူး။ ပညာတတ်လူကြီးကလေးတွေ ဖြစ်နေကြပြီ။ တချို့ဆို ဘွဲ့တွေ၊ ဒီပလိုမာတွေတောင် လေး၊ ငါးခု ရနေကြပြီ။ ဘာကြောင့် ခုထိမရင့်ကျက်သေးဘဲ လူကြီးတွေရဲ့ ထီးရိပ်အောက်က မထွက်ချင်ကြသေးတာလဲ။ လောင်းရိပ်မိတဲ့ပန်းပင်ဟာ အပွင့်တွေ ဝေေ၀ဆာဆာနဲ့ ဘယ်တော့မှ ဖြစ်မလာတတ်တာ သူတို့ သတိမေ့လျော့နေကြသလား။
သူတို့တစ်တွေ ရင့်ကျက်မလာတာဟာ ရိုးရာမိသားစု ဆက်ဆံရေးပုံစံနဲ့ ဆိုင်လေသလား၊ ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး နည်းစနစ်တွေနဲ့ပဲ ပတ်သက်လေသလား၊ ပညာသင်ကြားရေးတို့၊ ကျောင်းပတ်ဝန်းကျင်တို့နဲ့ပဲ ဆက်စပ်နေသလား တစ်ခုခုတော့ တစ်ခုခုကြောင့်ဆိုတာ သေချာတယ်။ ဒီခေတ်လူငယ်လေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းကြတယ်။ လူစွမ်းလူစ လူရည်လူသွေးနဲ့ ငါဟဲ့ ယောက်ျား မတစ်ထောင်တစ်ကောင်ဘွား ဆိုတဲ့စိတ်မျိုး တယ်မရှိကြဘူး။
သူတို့တစ်တွေဟာ ငယ်ငယ်က မိဘကို မှီခိုအားထားလွန်းပြီး ကျောင်းရောက်တော့လည်း ဆရာတွေကို တအားမှီခိုတယ်။ နို့ကို ပုလင်းထဲထည့်ပြီး ပါးစပ်မှာ တပ်ပေးမှ စို့ချင်ကြတယ်။ ကျောင်းပြင်ပမှာလည်း သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်း တစ်ယောက်ယောက်နဲ့မှ သွားတတ်၊ လာတတ်၊ လုပ်တတ်၊ ကိုင်တတ်တယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်ဖောက် လျှောက်မယ်ဆိုတဲ့စိတ်မျိုး သိပ်မရှိကြဘူး။
အဲဒီလိုမျိုး တစ်ယောက်ယောက်ရဲ့ လောင်းရိပ်အောက်မှာ အကြောင့်ကြခံပြီး နေကြလေတော့ ကိုယ့်မှာရှိတဲ့ အစွမ်းအစ၊ အရည်အသွေးတွေဟာ သံချေးတက်တဲ့ဓားများလို ဘာမှသုံးမရတော့ဘူး။ ဓားဆိုတာ သွေးလေ ထက်လေဆိုတဲ့ သဘာဝကို သတိပြုသင့်ကြတယ်။ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နေမကျတော့ ဘာမဆို မလုပ်ရဲ၊ မကိုင်ရဲ ဖြစ်တတ်တယ်။ ကိုယ့်လုပ်လို့ ဖြစ်မှဖြစ်ပါ့မလား၊ မှားများသွားလေမလားနဲ့ မရွံ့မရဲ ဖြစ်နေလေ့ရှိတယ်။
မှားပါစေ၊ မှားတာဘာဖြစ်သလဲ၊ မှားဖူးမှ အမှန်ဆိုတာ သိမှာပေါ့။ မလုပ်ရင် မမှားဘူး၊ ဘာပညာမှလည်း ရမှာမဟုတ်ဘူး။ အမှားမလုပ်ဖူးဘူးဆိုတာ အထင်ကြီးစရာ မဟုတ်ဘူး။ ဘာအမှားမှ မလုပ်ဖူးသူဆိုတာ ဘာမှမသိ၊ မတတ်၊ နားမလည်တဲ့သူသာ ဖြစ်လိမ့်မယ်။ လူနုံ၊ လူအ,သာ ဖြစ်လိမ့်မယ်။ ပညာရှိဆိုတာ ကိုယ့်အမှားတွေ၊ သူများအမှားတွေကို အများကြီးကြုံတွေ့ဖူးပြီး အဲဒီအမှားတွေထဲက သင်ခန်းစာထုတ်ယူနိုင်သူမျိုးကို ဆိုလိုတာဖြစ်တယ်။
လူငယ်တွေအနေနဲ့ မှားမှာကြောက်ပြီး တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေသင့်ဘူး။ ကိုယ်မှန်တယ်ထင်တာကို ရဲရဲသာလုပ်လိုက်ပါ။ ဘာကိုမှ မငဲ့မကွက်ဘဲ ကိုယ်မှန်တယ်ထင်တဲ့ အရာအတွက် တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရဲတဲ့စိတ်ဓာတ်ဆိုတာ လူငယ်ဘ၀မှာသာ ရှိနိုင်တာဖြစ်တယ်။ ဘာမဆို စွန့်လွှတ်ရဲတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း လူငယ်ဘ၀မှာသာ ရှိနိုင်တာဖြစ်တယ်။
အသက်ကြီးလာတာနဲ့အမျှ ငဲ့ကွက်စရာတွေ၊ ထောက်ထားစရာတွေ များလာပြီး စွန့်လွှတ်၊ စွန့်စားလုပ်ရဲတဲ့စိတ် လျော့ပါးလာတယ်။ ရှေ့ရေး၊ နောင်ရေး ဘ၀လုံခြုံရေးဆိုတဲ့ အတွေးတွေလွန်ကဲပြီး အတ္တရှေ့တန်း ရောက်လာတတ်တယ်။ ကမ္ဘာမှာ တစ်ဖက်ဖက်က ပေါက်ပေါက်မြောက်မြောက်ဖြစ်ပြီး ထူးချွန်ထင်ရှားသူတွေဟာ ငယ်စဉ်ကမက်ခဲ့တဲ့ အိပ်မက်တွေနောက်ကို တုံးတိုက်တိုက် ကျားကိုက်ကိုက် လိုက်ခဲ့ကြသူတွေသာဖြစ်တာ တွေ့နိုင်တယ်။
အိပ်မက်မက်တယ်ဆိုတာ လူငယ်ရဲ့ သင်္ကေတဖြစ်တယ်။ စိတ်ကူးယဉ်တယ်ဆိုတာလည်း လူငယ်တွေသာ ပိုင်ဆိုင်တဲ့အရာဖြစ်တယ်။ စိတ်ကူးယဉ်အိပ်မက် မက်တတ်တဲ့သူတွေက ကမ္ဘာကြီးကို လှအောင်ဖန်တီးခဲ့ကြတာ ဖြစ်တယ်။ သိဒ္ဓတ္တမင်းသားဟာ အသက် ၃၀ မပြည့်မီ အရွယ်မှာ အမှောင်ကို တွေ့ရှိသဘောပေါက် နားလည်ပြီး တောဝင်သွားခဲ့တယ်။ အသက် ၃၀ ကျော်စ အရွယ်မှာ အလင်းကိုတွေ့ရှိပြီး ဘုရားအဖြစ်ကို ရောက်ခဲ့တယ်။ မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းလည်း အသက် ၃၀ မတိုင်မီမှာပဲ ဖဆပလအဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့တာပဲ။
လူငယ်ဘ၀ဆိုတာ အတက်ကြွဆုံး၊ အလန်းဆန်းဆုံးဖြစ်တယ်။ အဖြူစင်ဆုံးကာလလည်း ဖြစ်တယ်။ ဒီအရွယ်မှာ လုပ်ချင်စိတ်သာရှိ၊ ဘာမဆို လုပ်နိုင်၊ ဖြစ်နိုင်တယ်။ အိပ်မက်တွေကို ရဲရဲသာမက်။ အဲ... အရိပ်တော့ မခိုနဲ့။ သစ်ရိပ်ခိုတာလည်း မကောင်းဘူး။ လူရိပ်ခိုတာလည်း မကောင်းဘူး။ အညွန့်မထွက်ဘဲ တုံးသွားတတ်တယ်။ လောကမှာ ကယ်တင်ရှင်မရှိဘူးဆိုတာ လူငယ်တွေ စွဲစွဲမြဲမြဲ သဘောပေါက်ထားစေချင်တယ်။ ဘာမဆို "ဥစ္စာရင်လို ဥစ္စာရင်ခဲ" ဆိုသလိုပဲ၊ ကိုယ်လုပ်မှ ကိုယ်ရတယ်။ သူများကူညီမှာ၊ ကယ်တင်မှာကိုပဲ ထိုင်စောင့်ပြီး ကိုယ်တိုင်က ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ကယ်တယ်ရှင်မမျှော်နဲ့၊ အရိပ်မခိုနဲ့လို့ လူငယ်တွေကို ပြောလိုက်ချင်ပါတယ်။
No comments:
Post a Comment