Monday, June 21, 2010

2010 World Cup Results (18-20 June)


အုပ်စု (ဂ)

ချေပဂိုးတွေသာ ပြန်မရခဲ့ဘူးဆိုရင် အမေရိကန်အသင်း အိမ်ပြန်ရပြီလို့တောင် ပြောနိုင်တဲ့အနေအထားပါ။ ဘယ်သူမှ ထင်မှတ်မထားတာတွေကို စလိုဗေးနီးယားတို့ လုပ်ပြခဲ့ပါတယ်။ အင်္ဂလန်ကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တဲ့ အမေရိကန်အသင်းအနေနဲ့ သူတို့ကိုယ်တိုင်ပဲ ဖိအားတွေအောက်ကို ရောက်နေသလားဆိုတာတော့ သူတို့ကိုယ်တိုင်သာ သိပါလိမ့်မယ်။ ဒီပွဲမှာ နစ်နာခဲ့ရတာကတော့ စလိုဗေးနီးယားအသင်း ဖြစ်ပါတယ်။ အနိုင်သုံးမှတ်သာ ရခဲ့မယ်ဆိုရင် သူတို့အတွက် နောက်တစ်ဆင့်တက်ဖို့ လက်မှတ်တစ်စောင်ကို အသေအချာကို ရရှိခဲ့ပြီးဖြစ်မှာပါ။ အခုတော့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေရပေမယ့် နောက်ဆုံးအဆုံးအဖြတ်ပွဲအဖြစ် အင်္ဂလန်နဲ့ ရင်ဆိုင်ရဦးမှာပါ။ သရေကျခဲ့ရင်၊ သို့မဟုတ် အနိုင်ရခဲ့ရင် နောက်တစ်ဆင့်ကို တက်ရောက်သွားမှာဖြစ်ပေမယ့် အင်္ဂလန်ကို ရှုံးနိမ့်ခဲ့ရင်တော့ အမေရိကန်နဲ့ အယ်လ်ဂျီးရီးယားရဲ့ ရလဒ်က အရေးပါလာဦးမှာပါ။
Man of the Match - ဒိုနိုဗန် (အမေရိကန်)

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ကမောက်ကမအဖြစ်ဆုံး ပွဲစဉ်တွေထဲက တစ်ခုပါပဲ။ သရေရလဒ်အတွက် အယ်လ်ဂျီးရီးယားကို ချီးကျူးရမလား၊ တစ်စက်ကလေးမှ စွဲမက်စရာမရှိတဲ့ ကစားကွက်နဲ့ ကစားသွားခဲ့တဲ့ အင်္ဂလန်ကိုပဲ ရှုံ့ချရမလားဆိုတာကိုတော့ ကြည့်ခဲ့သူတိုင်း သိပြီးဖြစ်ပါလိမ့်မယ်။ ကာပယ်လိုဟာ ဟက်စကီးကို ဘာကြောင့်ရှေ့တန်းမှာ ယုံကြည်စွာနဲ့ တာဝန်ပေးနေသလဲဆိုတာ မေးခွန်းထုတ်စရာပါ။ လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုပိုင်းမှာ အားနည်းတဲ့အပြင် အခြားအသင်းသားတွေ ချိတ်ဆက်မှုမှာလည်း သာမန်အောက်မှာသာ ရှိနေခဲ့တာပါ။ ကာပယ်လိုရဲ့ အင်္ဂလန်အသင်းမှာ အဆိုးဝါးဆုံးကတော့ အလယ်တန်းကစားပုံပါပဲ။ ဂျရတ်နဲ့ လမ်းပတ်တွဲပြီး ပွဲထွက်ကစားရင် ဘယ်တော့မှ အသာစီးမရလေ့ရှိတဲ့ အစဉ်အလာကို ကာပယ်လို လျစ်လျူရှုခဲ့တာ အံ့သြစရာပါ။ ဘယ်ရီတစ်ယောက်တည်းက အလယ်တန်းမှာ ပုံဖော်ကစားရသလို ဖြစ်နေခဲ့တာကို အချိန်မီ မပြင်နိုင်ခဲ့ပါဘူး။ ဂျရတ်နဲ့ လမ်းပတ်ရဲ့ ကျော်ကြားမှုဟာ ကာပယ်လိုရဲ့ ဆုံးဖြတ်ချက်တွေကိုေ၀၀ါးနေစေတယ်ဆိုတာ အဲဒီပွဲက သက်သေပြနေခဲ့ပါတယ်။ လမ်းပတ်ဟာ တစ်ပွဲလုံး ဘာတစ်ခုမှ ဖန်တီးပေးနိုင်ခြင်းမရှိဘဲ ရှေ့တန်းတိုက်စစ်မှူးနေရာမှာ ရောက်နေခဲ့ပါတယ်။ အလယ်တန်းက ပံ့ပိုးပေးမယ့်လူ မရှိတဲ့အတွက် ရှေ့တန်းက ရွန်းနီလည်း ဘာမှမလုပ်နိုင်ဘဲ စိတ်ဓာတ်ကျစွာနဲ့ ယှဉ်ပြိုင်ခဲ့တာကို တွေ့ရပါတယ်။ အလယ်တန်းအထိ ဘောလုံးဆင်းယူပြီး ကိုယ်တိုင်ကစားကွက်ဖော်နေခဲ့တဲ့ ရွန်းနီကိုယ်တိုင်လည်း အဲဒီပွဲမှာ သာမန်ခြေစွမ်းအောက်မှာပဲ ရှိနေခဲ့ပါတယ်။ ဟက်စကီးကို စောစောစီးစီး လူစားမလဲခဲ့တာ၊ လင်နွန်ကိုထုတ်ပြီး ရိုက်ဖီးလစ်ကိုထည့်ခဲ့တာ၊ အလယ်တန်းမှာ ဘယ်လိုမှအံမ၀င်တဲ့ ဂျရတ်နဲ့ လမ်းပတ်ကို မထုတ်ခဲ့တာ၊ ကားရစ်ကို ထည့်မကစားတာတွေဟာ အင်္ဂလန်တို့အတွက်  အိပ်မက်ဆိုးတွေမက်စေဖို့ ဖြစ်လာခဲ့ပါပြီ။ နောက်ဆုံးပွဲစဉ်မှာသာ စလိုဗေးနီးယားကို အနိုင်မကစားနိုင်ခဲ့ရင် အင်္ဂလန်ကို ဘင်သံမပါဘဲ ပြန်သွားရနိုင်ပါတယ်။
Man of the Match - အက်ရှ်လေကိုး (အင်္ဂလန်)

အုပ်စု (ဃ)
ဒီနှစ်ကမ္ဘာ့ဖလားပွဲဟာ အင်မတန်မှကို ကမောက်ကမပွဲစဉ်တွေနဲ့ ပြည့်လွန်းလှပါတယ်။ အခုလည်း နာမည်ကြီးဂျာမနီကို ဆားဘီးယားက အနိုင်ယူပြလိုက်ပြန်ပါတယ်။ ကလိုဆေးအထုတ်ခံလိုက်ရတဲ့အတွက် တစ်ယောက်လျော့သွားတဲ့အချိန်မှာ တစ်ဂိုးပေးလိုက်ရတာဟာ အဆိုးကြီးလို့ မဆိုနိုင်သေးပါဘူး။ ဒါပေမယ့် တကယ့်အရေးကြီးတဲ့အချိန်မျိုးမှာ ရရှိတဲ့ပင်နယ်တီကို ပိုဒေါစကီး ၀င်အောင်မကန်သွင်းနိုင် ခဲ့တာကတော့ အင်မတန်မှကို ဆိုးဝါးလွန်းပါတယ်။ ပွဲဟာ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး အ၀ါကတ် (၉)ကတ်အထိ ပြသခဲ့ရတာကို တွေ့ရပါတယ်။ ဒီပွဲသရေကြောင့် ဂျာမနီတို့အနေနဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဂါနာအသင်းနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဆားဘီးယားကတော့ အိမ်ပြန်ဖို့ လက်မှတ်ဝယ်ပြီးဖြစ်နေတဲ့ သြစတြေးလျနဲ့ ကန်ရမှာမို့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေတယ်လို့ ဆိုနိုင်ပါတယ်။
Man of the Match - စတာခ်ျကိုဗစ် (ဂိုးသမား-ဆားဘီးယား)

ဒီနေ့ပွဲမှာ ကစားသွားခဲ့တဲ့ သြစတြေးလျရဲ့ ခြေစွမ်းကိုကြည့်ပြီးတဲ့အချိန်မှာ အိမ်ပြန်စောခဲ့ရခြင်းအတွက် နှမြောမိတာအမှန်ပါ။ အဖွင့်ဂိုးကို စောစီးစွာရခဲ့ပေမယ့် ၂၅ မိနစ်မှာ ဟယ်ရီကီးဝဲလ်အထုတ်ခံရပြီး ပင်နယ်တီပေးခဲ့ရတာက သြစတြေးလျအတွက် နစ်နာခဲ့ပါတယ်။ တစ်ယောက်လျော့သွားပေမယ့်လည်း ကစားကွက်အသာစီးရအောင် မလုပ်နိုင်ခဲ့တဲ့ ဂါနာနည်းပြရဲ့ အရည်အချင်းကလည်း မေးခွန်းထုတ်စရာပါ။ ဒီပွဲသာ အနိုင်ရခဲ့မယ်ဆိုရင် ဂါနာတို့အနေနဲ့ နောက်တစ်ဆင့်ကို သေချာပေါက်တက်ရောက်နိုင်ပြီ ဖြစ်ပေမယ့်လည်း နည်းပြဖြစ်သူရဲ့ ပေါ့လျော့မှုကြောင့် အုပ်စုနောက်ဆုံးပွဲအထိ စောင့်ရပါဦးမယ်။ ဂါနာတိုက်စစ်မှူးတွေသာ ဂိုးသွင်းသေချာခဲ့မယ်ဆိုရင် သေချာပေါက် အနိုင်ရသင့်တဲ့ပွဲပါ။ သြစတြေးလျအသင်းကလည်း တစ်ယောက်အထုတ်ခံလိုက်ရခါမှ ပိုကောင်းလာတယ်လို့တောင် ထင်မှတ်ရပါတယ်။ တစ်ပွဲကိုတစ်ယောက် အနီကတ်အပြခံရတာကလည်း သြစတြေးလျအသင်းရဲ့ ထူးခြားမှုတစ်ခုပါပဲ။ မထင်မှတ်ဘဲ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တဲ့အတွက် ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေ ကျေနပ်ခဲ့ရတဲ့ ပွဲတစ်ခုပါ။
Man of the Match - ဂျီယန် (ဂါနာ)

အုပ်စု (င)
ရှနိုက်ဒါရဲ့ အမှတ်မထင် အဝေးက အပြင်းကန်ချက်ကြောင့် ရခဲ့တဲ့ ဂိုးတစ်ဂိုးဟာ အနိုင်သုံးမှတ်အတွက် လုံလောက်ခဲ့ပါတယ်။ ဒါ့အပြင် နောက်တစ်ဆင့်အတွက်လည်း သေချာသွားစေခဲ့ပါတယ်။ ဂျပန်အသင်းဟာ ဟော်လန်အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် ရှေ့တန်းတိုက်စစ်မှူးတွေ ဟော်လန်နောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့တာကတော့ ဆိုးဝါးလွန်းပါတယ်။ ဂိုးရလုအနေအထားတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် ဂျပန်တိုက်စစ်မှူးတွေ ဂိုးလာဘ်ပျောက်နေခဲ့ပါတယ်။ အထူးသဖြင့် ဂျပန်အသင်းရဲ့ ဟွန်ဒါကို ဟော်လန်နောက်တန်းက လုံးဝကိုအလွတ်မပေးဘဲ လူကပ်ကစားခဲ့တာ မှန်သွားခဲ့ပါတယ်။ ဒီပွဲအရှုံးကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမယ့် ဒိန်းမတ်နဲ့ ဂျပန်ပွဲစဉ်ဟာ ကြည့်ကောင်းဦးမှာ အသေအချာပါပဲ။
Man of the Match - ရှနိုက်ဒါ (ဟော်လန်)

အာဖရိကနတ်ဘုရားတွေ ကင်မရွန်းအသင်းကို စိတ်ဆိုးခဲ့ကြဟန်တူပါရဲ့လို့ ပြောရမယ်ထင်ပါရဲ့။ ဒီပွဲကိုကြည့်နေစဉ်မှာပဲ တွေးနေမိတာက အာဖရိကအသင်းတွေဟာ ဘာကြောင့်များ ဒီလောက်မြန်မြန် တိုးတက်လာနေရသလဲ ဆိုတာပါပဲ။ နောက်တစ်ကြိမ် ကမ္ဘာ့ဖလားဆိုရင်တော့ ဥရောပအသင်းတွေနဲ့ တောင်အမေရိကအသင်းတွေသာ အားပြိုင်ကြမယ့် အခြေအနေမျိုး မရှိတော့ပါဘူး။ ကိုယ်ကာယသုံးပြီး ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုကို အသုံးချကာ ကစားတတ်တယ်လို့ သိထားတဲ့ အာဖရိကအသင်းတွေဟာ ကစားကွက်ပိုင်းနဲ့ နည်းဗျူဟာပိုင်းမှာ သိသိသာသာကို ပြောင်းလဲတိုးတက်လာပါတယ်။ ဒါဟာ ဥရောပကိုထွက်ပြီး ကစားနေကြတဲ့ ကစားသမားတွေကြောင့်လား၊ လစာငွေများစွာနဲ့ ငှားရမ်းထားတဲ့ နိုင်ငံခြား နည်းပြတွေကြောင့်လားဆိုတာ စိတ်ဝင်စားစရာပါ။ ဒိန်းမတ်အသင်းဟာ အပိုင်ရတဲ့ အခွင့်အရေးအချို့ကို မလွတ်တမ်းဆုပ်ကိုင်နိုင်ခဲ့လို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တကယ်ဆိုရင် ဒီပွဲဟာ သရေလောက်သာ ဖြစ်သင့်တဲ့ပွဲပါ။ ကင်မရွန်းအသင်းရဲ့ ကန်သွင်းမှုတွေအားလုံး အံ့သြလောက်အောင် ပျက်ပြယ်သွားရတာဟာ နားမလည်နိုင်စရာပါ။ ဒိန်းမတ်နောက်တန်းလူရဲ့ မျက်နှာကိုထိမှန်ပြီး ထွက်သွားတဲ့ဘောလုံးဆိုရင် သေချာပေါက်ဂိုးဝင်တဲ့ အနေအထားမှာပါ။ ချီးကျူးစရာကောင်းတာကတော့ ဒိန်းမတ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကစားပုံ ဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်ကနေပဲ နှစ်ဂိုးလုံးကို ရအောင်သွင်းသွားခဲ့တာပါ။
Man of the Match - အဂ္ဂါ (ဒိန်းမတ်)

အုပ်စု (စ)
အားလုံးထင်မှတ်ထားတဲ့အတိုင်းပဲ ပါရာဂွေးအသင်းကပဲ ခြေစွမ်းပြပြီး နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ပါရာဂွေးတို့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မျှော်လင့်ချက်ရှိနေသေးတဲ့ နယူးဇီလန်နဲ့ ကစားရမှာမို့ ပါရာဂွေးတို့ အခက်တွေ့နိုင်ပါသေးတယ်။
Man of the Match - ဗီရာ (ပါရာဂွေး)

ကမောက်ကမတွေထဲက နောက်ထပ်တစ်ခုပေါ့ဗျာ။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အသင်းကြီးတွေအတွက် အိပ်မက်ဆိုးတွေကို လက်ဆောင်ပေးထားသလိုပါပဲ။ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ အီတလီ စတဲ့ ဥရောပအသင်းတွေဟာ ဗိုလ်စွဲဖို့နေနေသာသာ နောက်တစ်ဆင့်အတွက်တောင် မျက်ခုံးလှုပ်နေရတဲ့ အနေအထားကို ရောက်နေရပါတယ်။ ပထမပွဲပြီးကတည်းက အီတလီအသင်းရဲ့ ကစားပုံကို ကျွန်တော်ဝေဖန်ခဲ့ပါတယ်။ ဒီနှစ်ကစားနေတဲ့ အီတလီအသင်းဟာ အီတလီစတိုင်လ် မဟုတ်ဘူးဆိုတာပါပဲ။ ဒီပွဲမှာလည်း အဲဒီအချက်ကို ထပ်မြင်တွေ့ခဲ့ရပါတယ်။ အီတလီအသင်း အင်္ဂလန်ဟန်နဲ့ လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုသုံးပြီး အဝေးဘောတွေ ကစားတာကိုကြည့်ရတာ ဘယ်လိုမှကို စွဲမက်စရာ မရှိပါဘူး။ အဖွင့်ဂိုးကို နယူးဇီလန်အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီရော့ဆီရဲ့ ကြိုးပမ်းမှုကြောင့် (ကျွန်တော်ကတော့ ဟန်ဆောင်ကောင်းမှုလို့ သုံးချင်ပါတယ်) အငြင်းပွားဖွယ် ပင်နယ်တီကနေ ချေပဂိုး ရရှိခဲ့တာပါ။ အီတလီလိုအသင်းမျိုးအနေနဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံးမှာ နောက်ထပ်တစ်ဂိုးရအောင် မသွင်းယူနိုင်ခဲ့တာကတော့ စိတ်ပျက်စရာပါ။ လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။ နယူးဇီလန်ကတော့ ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ အံ့သြစရာ အလုပ်ပြနိုင်ဆုံးလို့တောင် ဆိုရမလို ဖြစ်နေပါပြီ။ နောက်ဆုံးပွဲစဉ်မှာသာ ပါရာဂွေးကို အခက်တွေ့အောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ကာဟေးလ်တို့အုပ်စု သမုဒ္ဒရာပိုင်းဇုန်ကိုတောင် ပြန်လွမ်းနေဦးမလား မသိပါဘူး။
Man of the Match - ဒီရော့စီ (အီတလီ)

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၅၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics