Monday, June 21, 2010

၂၀၁၀ အလွန် သုံးပွင့်ဆိုင်ပေါ်လစီအခင်းအကျင်း - ကျော်ဝင်း


kyawwin.jpg

စစ်အေးပုံပြင်
စစ်အေးခေတ်တွင် နိုင်ငံရေးပုံပြင်တွေ တော်တော်များများ ထွက်ခဲ့ဖူးသည်။ ဤလိုပုံပြင်မျိုး စာရေးသူအများဆုံး ဖတ်ခဲ့ရသည်မှာ "ရီးဒါးဒိုင်ဂျက်" (R.D)မဂ္ဂဇင်းမှ ဖြစ်သည်။ များသောအားဖြင့် လက်ဝဲနိုင်ငံများနှင့် လက်ဝဲခေါင်းဆောင်တွေကို လှောင်ထားသော လက်ယာဘက်မှ ပုံပြင်တွေဖြစ်ပါသည်။ အကြောင်းသင့်လာ၍ အဆိုပါပုံပြင်များထဲမှ တစ်ခုကို ပြန်ပြောလိုသည်။ ယခုလို....။

ကျူးဘားတော်လှန်ရေးအောင်ပွဲခံပြီးခါစအချိန် ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင် "ဖီဒယ်ကက်စ်ထရို" က သူ့ရဲဘော်တွေကို တန်းစီစေပြီး ယခုလို မေးလိုက်သည်ဆို၏။ "ဒို့ထဲမှာ အီကောနောမစ် ပါလားဟေ့"။ ဤတွင် ခပ်လှမ်းလှမ်းရောက်နေ၍ "အီကောနောမစ်" ကို "ကွန်မြူနစ်" ဟု နားကြားလွဲသွားသော "ချေ-ဂွေ-ဗားရား" က "ပါသဗျို့" ဟု ပြန်အော်လိုက်သည် ဆိုသတတ်။ သည်လိုနှင့် ချေဂွေဗားရားမှာ ကျူးဘားနိုင်ငံသစ်၏ ပထမဆုံး စက်မှုလက်မှုဝန်ကြီး ဖြစ်သွားခဲ့သည်ဟု ပုံပြင်လေးက ဆိုပါသည်။

ဝန်ခံရလျှင် ဤပုံပြင်ကို ဖတ်ရခါစက စာရေးသူ အလွန်ဒေါကန်ပါသည်။ အခုမှ ပြန်တွေးကြည့်တော့ အပေါ့စားပုံပြင်ဖြစ်သည့်တိုင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ရပ်ကို သွယ်ဝိုက်ရည်ညွှန်းရာ ရောက်သည်ဟု စဉ်းစားမိသည်။ ကွန်မြူနစ်နိုင်ငံများ (ပြောရလျှင် ကွန်မြူနစ်နိုင်ငံများချည်း မဟုတ်၊ လွတ်လပ်ခါစနိုင်ငံအများစု) ရင်ဆိုင်ကြုံတွေ့ရတတ်သော "ပညာရှင်ရှားပါးမှု" ပြဿနာဖြစ်ပါသည်။

တာဝန်ခံမှု - အတို၊ အရှည်
သီအိုရီအရပြောရလျှင် ဒီမိုကရေစီဆိုသည်မှာ လူထုကိုယ်တိုင်က သူတို့ကိုယ်စား၊ သူတို့အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ရန်၊ သူတို့စိတ်ကြိုက် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ကြရသည့် လုပ်ထုံးလုပ်နည်းဖြစ်သည်။ "မဲဆန္ဒရှင်လူထု" (Principal) နှင့် "လူထုကိုယ်စားလှယ်" (Agent)ဆိုသော ဒေါက်နှစ်ဒေါက်နှင့် လည်ပတ်စေသော အခင်းအကျင်းဖြစ်သည်။ လက်တွေ့ကျင့်သုံးရာတွင်မူ မဲဆန္ဒရှင် လူထု၏ လိုအင်ဆန္ဒနှင့် လူထုကိုယ်စားလှယ်တို့၏ ဆောင်ရွက်ချက်တို့မှာ တစ်ထပ်တည်းမကျသည်က များပါသည်။

ဤတွင် အကျင့်ပျက်ခြစားမှုများ၊ အရှင်မွေးသူကောင်းပြုမှုများ၊ ပေါ်လစီအရေးနိမ့်မှုများ၊ အားနည်းချည့်နဲ့သည့် စီမံခန့်ခွဲမှုများ စသည်စသည်တို့ ပေါ်ထွက်လာလေတော့သည်။ "အေဂျင်စီပြဿနာများ" (Agency Problems)ဟု ခေါ်ပါသည်။ ဤသို့သော ပြဿနာများပေါ်လာလျှင် (သီအိုရီအလိုအရ) "ဒီမိုကရက်တစ်တာဝန်ခံမှု" (Democratic Accountability) ဖြင့် ဖြေရှင်းကြရသည်။ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအရ ရွေးကောက်ပွဲများကျင်းပခြင်း၊ လွှတ်တော်များဖွဲ့စည်းခြင်း၊ အာဏာသုံးရပ် ခွဲခြားကျင့်သုံးခြင်း စသည်တို့ဖြစ်သည်။

နှောင်းခေတ်ပညာရှင်များက ဆိုခဲ့ပါ လပ်ထုံးလုပ်နည်းများကို "လမ်းကြောင်းရှည် တာဝန်ခံမှု" (Long Route Accountability)ဟု ခေါ်ကြသည်။ "အလျားလိုက် တာဝန်ခံမှု" (Horizontal Accountability) ဟုလည်း ခေါ်သည်။ တကယ့်လက်တွေ့တွင် ဤမျှနှင့် မလုံလောက်ပါ။ လူထုကိုယ်စားလှယ်များကို ကူညီအားဖြည့်ပေးနိုင်မည့် အင်အားစုများ (ပညာရှင်များ၊ မီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများ) ပါဝင်လှုပ်ရှားနိုင်ရန်၊ တာဝန်ခံမှုကို "ခွင်" ချဲ့ယူကြရပါသည်။ ဤသို့သော တိုးချဲ့ခွင်မျိုးကို "လမ်းကြောင်းတို တာဝန်ခံမှု" (Short Route Accountability) ဟုခေါ်သည်။ "ဒေါင်လိုက်တာဝန်ခံမှု" (Vertical Accountability) သဘောမျိုး ဖြစ်ပါသည်။ ဥပမာဆိုရလျှင် ၁၉၉၄ ခုနှစ်က ဘိုလစ်ဗီးယားနိုင်ငံတွင် ချမှတ်အကောင်အထည်ဖော်ခဲ့သော "လူထုပါဝင်ဆောင်ရွက်နိုင်ရေး ဥပဒေ" (Law of Popular Participation) မျိုးဖြစ်သည်။ အမေရိကတွင် လက်တွေ့အလုပ်ဖြစ်နေသော "စီးပွားရေးအကြံပေးကောင်စီ" လိုမျိုးဖြစ်ပါသည်။

ဖိုခုံလောက်ဆိုင်
အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့နိုင်ငံတွင် ရွေးကောက်ပွဲများ မကြာခင် ကျင်းပတော့မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲပြီးလျှင် လွှတ်တော်အဆင့်ဆင့် ပေါ်ထွက်လာပေတော့မည်။ ဤလွှတ်တော်များတွင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်မည့် တပ်ကိုယ်စားလှယ်များပါ ပါဝင်ကြမည်ဖြစ်သည်။ ဤအင်အားစုနှစ်ရပ်ကို ဖိုခုံလောက်ဆိုင်ပြီးသကာလ ဒီမိုကရေစီအိုးကြီးကိုတည်ကာ အများမျှော်လင့်နေကြသော "ခေတ်မီနိုင်ငံတော်" ဟင်းလျာကို စီမံကြတော့မည်ဖြစ်သည်။

ဤတွင် စာရေးသူ ပူပန်မိသည်မှာ ဆိုခဲ့ပါ ဖိုခုံလောက်နှစ်လုံးတည်းနှင့် ဒီမိုကရေစီအိုးကြီး ငြိမ်ပါ့မလားဆိုသော အတွေးဖြစ်သည်။ ဖိုခုံလောက်မငြိမ်လျှင် စီမံဟင်းလျာတွေ အဖိတ်အစင် ရှိကောင်းရှိနိုင်သည်။ ပိုငြိမ်အောင်၊ ပိုအခြေခိုင်အောင် နောက်ထပ် ဖိုခုံလောက်တစ်လုံး အားဖြည့်နိုင်လျှင် မကောင်းလား စဉ်းစားမိသည်။ သီအိုရီလာ လက်တန်ရှည်တာဝန်ခံမှုကို လက်တန်တိုတာဝန်ခံမှုများ တီထွင်ပြီး အားဖြည့်ထောက်ကူကြဖို့ ဖြစ်ပါသည်။

နိုင်ငံရေးပါတီကိုယ်စားလှယ်များတွင် နိုင်ငံရေးအတွေ့အကြုံ ဖြတ်သန်းမှုများ ရှိကြပါလိမ့်မည်။ တပ်မတော် ကိုယ်စားလှယ် များတွင်လည်း စစ်ရေးအတွေ့အကြုံ၊ အုပ်ချုပ်ရေးအတွေ့အကြုံများ ရှိကြသည်သာ ဖြစ်ပါသည်။ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် အသုံးတည့် အဖိုးတန်မည့် အတွေ့အကြုံကောင်းတွေ ဖြစ်ပါသည်။ သို့သော် အားမရသေးပါ။ ပညာရှင်များ၏ ပညာအတွေ့အကြုံများပါ အားဖြည့်စေချင်ပါသေးသည်။ အထူးသဖြင့် ပေါ်လစီရေးရာများတွင် သက်ဆိုင်ရာပညာရှင်များ ကူညီအားဖြည့်နိုင်ရန် (ဖွဲ့စည်းပုံစည်းမျဉ်း ဥပဒေက ခွင့်ပြုသည့် ဘောင်အတွင်းမှာပင်) "လှုပ်ရှားခွင်" အသစ်များ တီထွင်ဖန်တီးကြဖို့ ဖြစ်ပါသည်။ ဆိုရလျှင် အနာဂတ်မြန်မာ့နိုင်ငံရေး ကွန်ခြာကို နိုင်ငံရေးပါတီ၊ တပ်မတော်၊ ပညာရှင်ဆိုသော အင်အားစုသုံးရပ်ဖြင့် စုစည်းပုံဖော်ကြဖို့ ဖြစ်ပါကြောင်း.....။

2 comments:

  1. Anonymous9:00 AM

    တတိယတန်းမှာတနေရာလိုချင်သတဲ့လား?
    တပ်မတော်ကိုတတ်သိအမတ်တောင်းနေတာပေါ့။
    နေဝင်းပြောင်၊ကျောင်ဝင်း၊မောင်ရန်းသန်း
    သက်တော်ရှည် အမတ်တနေရာစီယူစေ
    ပုံ/ ချုပ်ချုပ်

    ထူးပါဘူး အူကြောင်ကျားNGOတွေကဆရာတွေ
    ပြည်ပကမြန်မာ့အရေးကျွမ်းကျင်သူတွေ
    ကြောင်နိုင်ဦး၊ကြောင်ရင်လှိုင်တို့
    ငဖွလော်ကြီး ကြောင်ဇံသာတို့
    လုပ်စားဟန်ကြောင်ဝေတို့ပါခေါ်လိုက်၊
    ပွဲစည်အောင် လေကြီးမိုးကြီးပါခေါ်
    ဖိနပ်နဲ့ပစ်ပြမယ်။

    ReplyDelete
  2. Anonymous4:57 PM

    An excellent post, articulate in
    thought and a well written piece.

    ReplyDelete

 
Web Statistics