၂၆။ RELATIVITY THEORY - နှိုင်းရတရား
အိုင်းစတိုင်းဖော်ထုတ်ခဲ့တဲ့ ကမ္ဘာကျော်သီအိုရီပဲ။ သူ့သီအိုရီကို ကြားပြီးတဲ့အခါမှာ ကျွန်တော့်အတွက်တော့ လူတွေကို မှတ်ချက်ပေးဖို့ ခက်သွားတယ်။
လူဆိုးလူကောင်းကို သိပ်မခွဲနိုင်တော့သလိုပဲ။ အကောင်းအဆိုးဆိုတာ နှိုင်းယှဉ်ပြီးမှ သိရတာမဟုတ်လား။ လူဆိုးတစ်ယောက် ဆိုပါစို့။ သူ့ထက်ဆိုးတဲ့လူနဲ့ယှဉ်ရင် သူက မဆိုးသလို ဖြစ်သွားတယ်။ လူကောင်းတစ်ယောက် ဆိုပါစို့။ သူ့ထက်ကောင်းတဲ့လူနဲ့ယှဉ်ရင် သူက မကောင်းသလို ဖြစ်သွားတယ်။
လမ်းထဲက "ဒေါ်ကောက်ပု" ကြိးကို ကျွန်တော် မကြိုက်ဘူး။ နှုတ်ကြမ်းလျှာကြမ်းနဲ့ ဆိုးတယ်လို့ ထင်ရတယ်။ ဒါ... သူ့လောက်မဆိုးတဲ့ မိန်းမကြီးတွေနဲ့ ယှဉ်ကြည့်မိလို့လေ။ သူ့ထက်ဆိုးတဲ့ မိန်းမကြီးတွေနဲ့ ယှဉ်ကြည့်ရင် သူက ကောင်းနေမှာပါပဲ။ သူ့ကို ကျွန်တော် အကောင်း,အဆိုး မှတ်ချက်မပေးလိုတော့ဘူး။ အောက်ပါအတိုင်းပဲ မှတ်ချက်ပေးလိုက်ရတယ်။ ကြားချင်ရင်ပေါ့လေ။
"ဒေါ်ကောက်ပုသည် မိန်းမကြီးတစ်ယောက်ဖြစ်သည်"။
၂၇။ SMOKING - ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တဲ့အတွက် လူတွေဟာ အချိန်မတိုင်မီ သေကြရတယ်တဲ့။ Premature Death လို့ ခေါ်တယ်။
စဉ်းစားစရာပဲ။ အဲရစ်ဖရွန်းကလည်း ပြောဖူးတယ်။ "လူတွေဟာ အပြည့်အ၀ မရှင်သန်ရသေးခင်မှာ သေသွားကြတယ်" တဲ့။ အဲဒီစကား ဟုတ်တယ်။ လူတွေ၊ ဘ၀တွေကို ကျွန်တော်လည်း မြင်တွေ့နေရတာပဲ။ ကိုယ်ကိုယ်တိုင်လည်း ပါဝင်နေရတာပေါ့။ လူတွေဟာ အချိန်မတိုင်မီ သေတတ်ကြတယ်။
မြင်မိတဲ့အချက်တစ်ချက်ရှိတယ်။ ဆေးလိပ်သောက်သောက် မသောက်သောက် အားလုံးသောလူတွေအတွက် Premature Death က စောင့်နေတယ်။
ဒါမှမဟုတ် Premature Death ဟာ လူတိုင်းမှာရှိတယ်။ လူတိုင်းအတွက် ရှိနေတယ်။ (အဲဒါကြောင့် လူတိုင်း ဆေးလိပ်သောက်တယ်။)
၂၉။ TORNADO - လေပွေလေပြင်း
"မိုးသက်မုန်တိုင်းထက်တောင် ပိုပြင်းတယ်" တဲ့။ အထဲက လေထုဟာ အနုတ်လက္ခဏာဖြစ်နေတယ်။ ပြင်ပလေထုထက် ဖိအားနည်းတယ်။ အိမ်တစ်လုံးကိုတောင် ပေါက်ကွဲသွားစေတယ်။
တချို့လူတွေဟာ အရမ်းကို ရေရွတ်ညည်းတွားတတ်ကြတယ်။ သူတို့ပြောသမျှ စကားတွေထဲမှာ အပေါင်းလက္ခဏာသဘော တစ်ခုမှမပါဘူး။ အနုတ်လက္ခဏာချည်းပဲ။ သူတို့ကို ကျွန်တော် ကြောက်လာတယ်။ သူတို့ပါးစပ်ထဲက လျှာကြီးကို "တော်နေးဒိုး" လေပွေကြီးလို ကျွန်တော် မြင်လာတယ်။
သူတို့ကြောင့် ကိုယ်... ပေါက်ကွဲမိရင် ခက်ဦးမယ်။ ဘုရား..... ဘုရား။
၃၀။ UNCERTAINTY PRINCIPLE - မရေရာခြင်းနိယာမ
အင်မတန်တိကျပါတယ်ဆိုတဲ့ သိပ္ပံပညာက အမှန်ကန်ဆုံးအဖြစ် ရှာတွေ့ထားတဲ့ နိယာမပေါ့။ မရေရာခြင်းနိယာမတဲ့။
အင်း... သဘောပေါက်ကြဖို့တော့ ကောင်းပြီ။
၃၁။ ZERO POINT ENERGY - သုညမှတ်စွမ်းအင်
အပူသုညဖြစ်နေတဲ့ အရာဝတ္ထုရဲ့ စွမ်းအင်ကို ခေါ်တာ။ ကျွန်တော်တို့ ပုထုဇဉ်လူသားတွေမှာဖြင့် အပူအပင်တွေ များလှချည်ရဲ့။ အဲဒီစွမ်းအင်ကို ဘယ်တော့များမှ ထိတွေ့နားလည်ရပါ့မလဲ။
No comments:
Post a Comment