Thursday, June 17, 2010

အစွဲအလမ်းများ၊ အယူအဆများ၊ ထုံးတမ်းစဉ်လာများနှင့် နေထိုင်ခြင်း


traditional.png
(အစွဲ) - စွဲလန်းသော အယူအဆ၊ ယုံကြည်မှု စသည်။
(အယူ) - (၁) ထင်မြင်ယူဆမှု။ (၂) ကိုးကွယ်ယုံကြည်မှု။
(အယူသီး) - တစ်ဖက်သတ် အယူဝါဒ အစွဲအလမ်းကြီးသည်။
(ထုံးစံ) - လိုက်နာစံပြုစရာနည်းလမ်း။ အရိုးအစဉ်။ အစဉ်အလာ။ ဓလေ့။
(ထုံးတမ်းစဉ်လာ) - အစဉ်အလာ လိုက်နာမှတ်သားဖွယ်ရာ။ ဓလေ့ထုံးစံ။

အပေါ်မှာ ရေးထားတာတွေကတော့ မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်တဲ့ မြန်မာအဘိဓာန်ထဲက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေပါ။ ကာလအတော်ကြာကတည်းက ရေးဖို့အတွက် စိတ်ကူးထဲမှာ တေးမှတ်ထားတဲ့ အကြောင်းအရာတွေကို ချရေးချင်လို့ပါ။ အသေအချာ သုတေသနပြု၊ ဝေဖန်ဆန်းစစ်ထားတာ မဟုတ်ဘဲ ကျွန်တော်တွေးမိသလို၊ ကျွန်တော်မြင်မိသလို၊ ကျွန်တော်နားလည်မိသလို ပြန်လည်ဝေငှပေးထားခြင်းသာ ဖြစ်ပါတယ်။ အချို့အရာတွေမှာ ကျွန်တော်တို့ မသိသေးတဲ့၊ မသိနိုင်တဲ့၊ နားမလည်သေးတဲ့၊ နားမလည်နိုင်တဲ့ အကြောင်းအရာပေါင်းများစွာ ရှိနေဦးမယ်ဆိုတာကို လက်ခံထားပြီးသားပါ။ ဒါပေမယ့်လည်း ကျွန်တော့်စိတ်နဲ့ အခန့်မသင့်တာလေးတွေကိုတော့ ပြောပြခွင့်ပြုပါ။

ပြဿဒါး၊ ရက်ရာဇာ
မြန်မာအများစု အမြဲတမ်းပြောလေ့ရှိကြတဲ့ စကားလုံးတွေထဲက အချို့ဆိုပါတော့။ တစ်ခုခုလုပ်စရာရှိရင် ဒီနေ့က ပြဿဒါးကြီး၊ နေ့ရက်မကောင်းဘူး၊ နောက်နေ့မှလုပ်။ ဒီနေ့ကတော့ ရက်ရာဇာပဲ လုပ်စရာရှိတာ ရဲရဲသာလုပ်လို့ ပြောတတ်ကြတာ ကြားဖူးကြမှာပါ။ အဲဒီလိုပြောတတ်သူ အများစု၊ လက်ခံယုံကြည်ကြသူ အများစုကို ရှေးရိုးစွဲ ခေတ်မမီတော့တဲ့ သနားစရာတွေလို့ပြောရင် ကျွန်တော့်ကိုများ ၀ိုင်းရိုက်ကြမလား မဆိုနိုင်ဘူး။ ဆရာတော်ကြီးတစ်ပါးရဲ့ ဥပမာပေးပုံလေးက ရှင်းပါတယ်။ လိုရင်းကိုပြောရရင် သကြားဆိုတာ ချိုတဲ့အမျိုးအစားပါ။ ရက်ရာဇာမှာပဲ စားစား၊ ပြဿဒါးနေ့မှာပဲ စားစား၊ အဲဒီသကြားဟာ ချိုနေမှာပါပဲ။ ကိုယ့်မှာရှိနေတဲ့ အကျိုးပေးဟာ ကောင်းတဲ့ဟာဆိုရင် ပြဿဒါးတွေ ရက်ရာဇာတွေ ရွေးနေမှာမဟုတ်ပါဘူး။ ကောင်းတဲ့အတိုင်း အကျိုးပေးမှာပါ။ ဆိုတဲ့ကံကလည်း ဆိုးတဲ့အတိုင်းပေပဲပေါ့။ အဲဒီလို အယူကြီးကြသူတွေနဲ့သာ အလုပ်လုပ်ရရင် စတော့အိတ်ချိန်းတွေအကုန်လုံး ထမင်းငတ်ကုန်မယ် ထင်ပါရဲ့ဗျာ။ သြော်... ဒီနေ့က ပြဿဒါးလား၊ ရက်ရာဇာလားတောင် ကျွန်တော် မသိပါဘူးဗျာ။ တကယ်လို့များ ဒီနေ့ဟာ ပြဿဒါးနေ့ဆိုရင်တော့ ဒီပို့စ်အတွက် ကျွန်တော်အဆဲခံရမယ် ထင်ပါရဲ့။ ရက်ရာဇာဆိုရင်လည်း ချီးမွမ်းသံတွေများ ကြားရမလား မသိပါဘူး။ :D

လူစားတယ်
ငယ်ငယ်လေးကတည်းက မကြားချင်အဆုံး ကြားခဲ့ရတာကတော့ ရေကန်ကြီးကြီးတွေ၊ တံတားကြီးတွေ၊ မြစ်တွေချောင်းတွေနဲ့ ပြောလေ့ရှိတတ်တာတစ်ခုပါ။ အဲဒီရေကန်နားမသွားနဲ့၊ လူစားတယ်။ အဲဒီမြစ်ကို ရေသွားမကူးနဲ့ လူစားတယ်။ အဲဒီတံတားကတော့လေ ပြီးသာသွားတယ် လူစားလိုက်တာ မပြောပါနဲ့တော့ ဆိုတာမျိုးတွေပါ။ ကျွန်တော်စဉ်းစားကြည့်တယ်။ မြစ်တွေ၊ ချောင်းတွေ၊ ရေကန်တွေ၊ တံတားတွေဟာ သက်ရှိတွေမှ မဟုတ်ကြတာပဲ။ ဘာဖြစ်လို့ လူစားရသလဲ။ တချို့ကလည်း မြစ်စောင့်နတ်တို့၊ ကန်စောင့်နတ်တို့၊ တံတားစောင့်နတ်တို့ စသည်ဖြင့် ပြောတတ်ကြပါသေးတယ်။ ခြေခြေမြစ်မြစ်တော့ မရှိလှပါဘူး။ မြစ်ချောင်းဆိုတဲ့အမျိုးဟာ ရေရှိနေတဲ့ နေရာတွေကို ခေါ်တာပါ။ ရေရှိတဲ့နေရာမှာ ရေနစ်တတ်တာ သဘာဝပါပဲ။ ရေနစ်တာကို အချိန်မီ မဆယ်တင်နိုင်ရင်၊ ဒါမှမဟုတ် လူမသိလိုက်ရင် ရေနစ်သေကြမှာပါပဲ။ အဲဒါကိုများ အဲဒီမြစ်က လူစားတယ်ဆိုတော့ ဘယ်လိုပြောရမတုန်း။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြစ်ထဲမှာများ လူမသေဘူးတာ၊ ရေမနစ်ဖူးတာ ရှိလို့လဲလို့သာ မေးလိုက်ချင်တယ်။ တံတားဆောက်တဲ့အခါ ထုထည်ကြီးရင်ကြီးသလောက် ပစ္စည်းပစ္စယတွေ အများကြီးသုံးရမှာပါပဲ။ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင် ထိခိုက်မှုဆိုတာ ဖြစ်တတ်တာပါပဲ။ ဓားကိုင်နေတဲ့လူတစ်ယောက်ဟာ ဓားပြတ်နိုင်ချေ ရှိနေတာပါပဲ။ ငြမ်းတွေဝါးတွေဆင်ပြီး အလုပ်လုပ်နေတာဖြစ်တဲ့အတွက် အဲဒီအပေါ်ကနေ ပြုတ်ကျနိုင်ပါတယ်။ ကျိုးပဲ့နိုင်ပါတယ်၊ အသက်ဆုံးနိုင်ပါတယ်။ ဒီနေ့ခေတ်ကျမှသာ လူသားကို တန်ဖိုးထားလာပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဦးစားပေးဆိုပြီး လုပ်လာကြတာဖြစ်တဲ့အတွက် ထိခိုက်ဆုံးရှုံးမှု နည်းလာကြတာ ဖြစ်ပါတယ်။ ဒီလောက် ပေါက်ပေါက်ရှာရှာ တွေ့သမျှစားတဲ့ လူသားဆိုတဲ့ သတ္တ၀ါတွေတောင် လူမစားတဲ့ဥစ္စာ၊ ဘယ်တံတား၊ ဘယ်လမ်း၊ ဘယ်ရေကန်၊ ဘယ်မြစ်ကမှ လူမစားပါဘူးဗျာ။ ကျွန်တော်ကတော့ အဲလိုပဲ တွေးမိတယ်။

(ကောက်ချက်ချချင်တာက ရှေးလူကြီးတွေ လူလည်ကျတယ် ဆိုတာပါပဲ။ ဟုတ်တယ်လေ၊ ကျွန်တော်ပြောခဲ့သလိုပဲ မြစ်တွေ၊ ချောင်းတွေ၊ ကန်တွေဆိုတာ ရေရှိတဲ့အတွက် ရေနစ်တတ်တယ်။ အဲဒီတော့ ကလေးတွေကို အဲဒီနေရာတွေ မသွားစေချင်ဘူး။ သူတို့မျက်စိအောက်မှာ မဟုတ်တဲ့အတွက် စိတ်မချနိုင်ဘူးလေ။ သူတို့ကိုယ်တိုင်လည်း နေရာတကာ လိုက်မကြည့်နိုင်ဘူးကိုး။ ရေနားသွားရင် ရေနစ်တတ်တယ်ဆိုတာ သိနေလေတော့ အဲဒီမြစ်က၊ အဲဒီကန်က လူစားတယ်၊ နတ်ကြီးတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် စသည်ဖြင့် ပြောလိုက်တဲ့အခါ ကလေးတွေက ကြောက်ပြီး မသွားကြတော့ဘူးပေါ့။ အဲဒီအခါ သူတို့လည်း စိတ်ပူရသက်သာတာပေါ့လေ။ ထိုနည်းတူစွာပဲ တံတားဆောက်တဲ့နေရာတွေမှာ စက်ယန္တရားတွေ အသုံးပြုနေကြတယ်၊ ပစ္စည်းပစ္စယတွေ သယ်ပိုးနေကြတယ်၊ သံချောင်းတွေ၊ အုတ်ခဲတွေ အသုံးပြုနေကြတယ်။ အဲဒီနားကို သွားတဲ့အခါ သံချောင်းပြုတ်ကျတာ၊ အုတ်ခဲပြုတ်ကျတာ၊ စက်ကိရိယာတွေနဲ့ ထိခိုက်မိတာတွေ ဖြစ်နိုင်တယ်မဟုတ်လား။ အဲဒီတော့ အဲဒီတံတားဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး အသံလွှင့်လိုက်တော့ ကလေးတွေမလာတော့ဘူး။ ကြောက်တတ်တဲ့ သူခိုးသူဝှက်တွေတောင် မလာတော့ဘူးလို့ ထင်တာပါပဲ။)

ရေအိုးကွဲတာ၊ သောက်တော်ရေခွက်လွတ်ကျတာ၊ ပန်းအိုးပြုတ်ကျတာ စသည်ဖြင့် စသည်ဖြင့်
မြန်မာဗီဒီယိုတွေ၊ ရုပ်ရှင်တွေထဲမှာ မကြာခဏ မြင်ဖူးနေကျ ဇာတ်ကွက်ကလေးတွေလို့တောင် ထင်မှတ်မှားစရာပါပဲ။ အဲဒီအတိုင်းလည်း မြန်မာအများစုက စွဲလမ်းယုံကြည်ကြတာ ဒီနေ့ထက်ထိပါပဲ။ ရေအိုးဆိုတာ ကွဲတတ်တဲ့အမျိုးပဲ။ အကြောင်းအမျိုးမျိုးကြောင့် ကွဲနိုင်ပါတယ်။ မကွဲစေချင်ရင် ရှင်းရှင်းလေးရယ်... ရေသန့်ဘူးတွေသုံးပေါ့။ ဟော... ဒီနေ့ခေတ်ဆိုရင် ဘယ်ရေအိုးမှ ကွဲစရာအကြောင်း မရှိတော့ဘူး။ ဘုရားစင်ပေါ်က သောက်တော်ရေခွက်တွေကို လဲတဲ့အချိန်မျိုးမှာ သောက်တော်ရေထည့်နေရင်းနဲ့ ခွက်ကလေးတစ်ခုခုများ လွတ်ကျသွားတယ်ဆိုရင် ကာယကံရှင်ရော၊ အိမ်က လူကြီးတွေပါ နေလို့မရ၊ ထိုင်လို့မရ ဖြစ်တတ်ကြတာ မြင်ဖူးကြမယ်ထင်ပါတယ်။ မျက်ကလူးဆန်ပြာနဲ့ ဟိုဟာ,တ၊ ဒီဟာ,တတွေ ဖြစ်ကုန်ပါလေရော။ လက်ထဲမှာကိုင်ထားတဲ့ သောက်တော်ရေခွက်ပြုတ်ကျတာပဲဗျာ နျူကလီးယားဗုံး ပြုတ်ကျတာမှ မဟုတ်တာပဲ။ လက်ထဲမှာကိုင်ထားလို့ လက်မမြဲရင်၊ အခြားအကြောင်းတစ်ခုခု တိုက်ဆိုင်ရင် ပြုတ်ကျမှာပေါ့ဗျာ။ မဟုတ်ဘူးလား။ ဘုရားစင်ပေါ်ကပန်းအိုး၊ စာကြည့်စားပွဲပေါ်ကပန်းအိုး၊ ဧည့်ခန်းကပန်းအိုး ပြုတ်ကျရင်လည်း ထိုနည်းလည်းကောင်းပဲ။ ပြုတ်ကျလို့ရတဲ့ဟာမို့ ပြုတ်ကျတာပေါ့ဗျာ။ လေတိုက်ရင်လည်း ပြုတ်ကျနိုင်တယ်၊ လူဝင်တိုက်ရင်လည်း ပြုတ်ကျနိုင်တယ်၊ ကြွက်တွေဘာတွေတိုးရင်လည်း ပြုတ်ကျနိုင်တယ်။ ကဲ... ခင်ဗျားရော၊ ရေအိုးကွဲတဲ့အခါ၊ ပန်းအိုးပြုတ်ကျတဲ့အခါ၊ သောက်တော်ရေခွက် လွတ်ကျတဲ့အခါ စိတ်ထဲမှာ တစ်ခုခုဖြစ်တတ်ပါသလား။ ဘုရားပန်းအိုးပြုတ်ကျလို့ စိတ်ပူသွားပြီး အိမ်ကိုဖုန်းလှမ်းဆက်တာမျိုး လုပ်တတ်ပါသေးသလား။ အဲဒါဆိုရင်တော့ .... .... .... .... ။

(ဒါကတော့ ယုံကြည်မှုတွေဘာတွေ ပါနေတဲ့အတွက် သိပ်မပြောချင်ဘူး။ ကျွန်တော်မြင်တာ ပြောရရင်တော့ ရှေးကလူကြီးတွေက အလုပ်ကို နမော်နမဲ့၊ ရှပ်တီးရှပ်ပြာ မလုပ်စေချင်တဲ့အတွက် ပြောခဲ့တဲ့စကားလို့ ထင်တာပါပဲ။ လက်ကြောမတင်းတာမျိုး မဖြစ်စေချင်တာလို့ ပြောနိုင်မယ်ထင်ပါရဲ့။)

ခွေးမျက်ချေးကွင်း
ငယ်ငယ်ကလေးဘ၀တုန်းက ခဏခဏကြားခဲ့ဖူးတဲ့ အကြောင်းအရာပါ။ ခွေးမျက်ချေးကိုယူပြီး မျက်လုံးမှာကွင်းလိုက်ရင် မကောင်းဆိုးဝါးတွေ မြင်ရတယ်တဲ့။ ခွေးတွေဟာ လူတွေမမြင်နိုင်တဲ့ မကောင်းဆိုးဝါးတွေကို မြင်နိုင်တယ်လို့ ကျွန်တော်တို့မြန်မာတွေက ယူဆကြတာကိုး။ ကျွန်တော်ကတော့ တစ်ခါမှ မစမ်းသပ်ကြည့်ဖူးပါဘူး။ အခြားသူငယ်ချင်းတွေလည်း သူတို့ကိုယ်တိုင် လုပ်ကြည့်ဖူးသယောင်ယောင် ပြောတတ်ကြပေမယ့် ဘယ်သူမှ ကိုယ်တိုင်ကိုယ်ကျ မလုပ်ဖူးဘူးဆိုတာ သိနေပါတယ်လေ။ အသက်ကလေး နည်းနည်းရလာတော့မှ ပြန်စဉ်းစားမိတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဟုတ်တယ်လေ၊ အနောက်နိုင်ငံကလူတွေဆိုရင် ပရလောကကို အသည်းအသန်ကို သုတေသနပြု လေ့လာနေကြတာ။ တကယ်သာ ခွေးမျက်ချေးကွင်းလို့ မကောင်းဆိုးဝါးတွေကို မြင်ရတယ်ဆိုရင် အဲဒီလူတွေက ဘယ်နေလိမ့်မတုန်း။ ရှိသမျှခွေးတွေကို မျက်ချေးလိုက်ထုတ်ပြီး သူတို့ချည်းပဲ ကြည့်နေကြတော့မှာပေါ့။ ဗီဒီယိုမှတ်တမ်းခွေတွေတောင် ထုတ်ရောင်းကြမယ်ထင်ပါ့။

လက်ဆောင်များနှင့် ပတ်သက်၍
အချစ်နဲ့မကင်းတဲ့သူတိုင်း ချစ်သူရည်းစားတွေကို လက်ဆောင်ပေးတာမျိုး ကြုံဖူးကြမှာပါ။ အဲဒီလို ပေးတဲ့အခါ ဘယ်သူက စတင်တီထွင်ခဲ့သလဲ၊ ဘယ်သူကများ ပညတ်သွားခဲ့သလဲဆိုတာ မသိရတဲ့ ချစ်သူတို့အတွက် လက်ဆောင်ပေးရန် စည်းကမ်းချက်များဆိုတာ ရှိပါသတဲ့။ ဟားဟားဟား... ရယ်စရာတော့ အကောင်းသား။ ဆိုပါတော့... ချစ်သူရည်းစားတွေကိ လက်ကိုင်ပ၀ါ လက်ဆောင်မပေးရဘူးတဲ့။ ကွဲကွာတတ်တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ လက်ကိုင်ပ၀ါဟာ မျက်ရည်သုတ်ဖို့အတွက် နိမိတ်တစ်ခု ဖြစ်နေလို့ပါတဲ့။ ဒုက္ခပါပဲဗျာ... လက်ကိုင်ပ၀ါဆိုတာ မျက်ရည်သုတ်တဲ့ဟာမှ မဟုတ်ချေတာပဲ။ ချွေးသုတ်လို့လည်းရတယ်၊ လက်သုတ်လို့လည်းရတယ်၊ နှာစေးနေတဲ့အခါ နှပ်သုတ်လို့လည်းရတယ်၊ ဖုန်တွေသဲတွေ မ၀င်အောင် ပါးစပ်ကို ဖုံးအုပ်ထားလို့လည်းရတယ်။ အများကြီးပါဗျာ။ စောစောကပြောသလိုသာ နိမိတ်တွေ၊ နမာတွေ ယူကြေးဆိုရင် ဟုတ်ပါပြီ၊ လက်ကိုင်ပ၀ါဟာ မျက်ရည်သုတ်ခြင်းရဲ့ နိမိတ်ဖြစ်တယ်လို့ပဲ။ ဒါဆိုရင် ကိုယ့်ချစ်သူမှာ ချွေးသံတွေရွှဲနေတဲ့အခါ ချွေးသိပ်သန့်စင်ပေးတဲ့ အနေနဲ့ ကိုယ့်ကိုယ်စား ပေးတယ်လို့ မယူနိုင်ပေဘူးလား၊ ကိုယ့်ချစ်သူ အညစ်အကြေးတွေ ပေရေနေတဲ့အခါ သန့်ရှင်းစင်ကြယ်သွားအောင် သုတ်ဖို့အတွက် ကိုယ့်ကိုယ်စားလက်ကလေးတွေ ပေးထားတယ်လို့ မယူဆနိုင်ပေဘူးလား၊ ကိုယ့်ချစ်သူ နေထိုင်မကောင်းဖြစ်တဲ့အခါ နှပ်တွေ၊ တံတွေးတွေ ပေကျံနေတဲ့အခါ တယုတယသုတ်ပေးဖို့ အခွင့်မသာတဲ့အတွက် ကိုယ့်ကိုယ်စား လက်ကိုင်ပ၀ါလေးနဲ့ သုတ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးထားတယ်လို့ မမှတ်ယူနိုင်ပေဘူးလား၊ လမ်းသွားရင်း ဖုန်တွေသဲတွေနဲ့ ကြုံတဲ့အခါ ကိုယ့်ချစ်သူကို ရောဂါပိုးမွှားတွေ၊ အမှုန်အမွှားတွေ မ၀င်စေဖို့အတွက် ကိုယ့်လက်ဖ၀ါးလေးတွေကိုယ်စား လက်ကိုင်ပ၀ါလေးနဲ့ ကာထားနိုင်ပါစေဆိုတဲ့ စိတ်ဆန္ဒနဲ့ ပေးထားတယ်လို့ရော မပြောနိုင်ပေဘူးလား။ စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင်တော့ ကုန်အံ့မထင်ပါဘူး။ (ကျွန်တော်ဆိုရင်တော့ လက်ကိုင်ပ၀ါလေးတွေ အများကြီးပေးမိမယ် ထင်ပါရဲ့၊ ဒီလောက် အဓိပ္ပါယ်ပြည့်ဝတဲ့ဟာဗျာ)။ လက်ဆောင်တွေနဲ့ ပတ်သက်ပြီးတော့ ပြောစရာတွေက မကုန်နိုင်ပါဘူး။ နာရီပေးရင် အကြာကြီး ခွဲခွာရတတ်တယ်တို့၊ ဘာပန်းပေးရင် ဘာဖြစ်တတ်တယ်တို့၊ ဘာအရောင်ပေးရင် ဘယ်လိုဖြစ်တယ်တို့ စသည်ဖြင့် အများကြီး ရှိနေပါသေးတယ်။ ခက်တော့လည်း ခက်သားလားဗျ၊ နော်...၊ ဘာမှမဟုတ်တဲ့ သက်မဲ့ပစ္စည်းလေးတွေက ကျွန်တော်တို့လူတွေကို လာပြီးလွှမ်းမိုးနေတာကို လူသားတွေကလည်း ဘာဖြစ်လို့ ကျေနပ်လက်ခံနေကြသလဲဆိုတာကို စဉ်းစားလို့ကိုမရဘူး။

သေစကားမပြောနဲ့
နောက်တစ်ခုကတော့ ကျွန်တော်တို့မြန်မာတွေဟာ သေစကားကြားရမှာ အင်မတန် ကြောက်တတ်ကြတာပါပဲ။ လူတိုင်းဟာ သေမျိုးတွေချည်းပဲ ဆိုတာကိုတော့ လူတိုင်းနီးနီး သိကြပါတယ်။ တစ်ယောက်ယောက်ကိုများ "မင်းသာ မနက်ဖြန် သေသွားမယ်ဆိုရင်....." ဆိုပြီး စကားလေးသာ စကြည့်လိုက်ပါ။ ခင်ဗျားကို ထမထိုးရင် ကံကောင်းပဲ။ ဘာပြောတာလဲ၊ ဘာလဲ၊ ညာလဲဆိုပြီး ဒေါသတွေထွက်နေပါလိမ့်မယ်။ ပြီးရင် ပါးစပ်ကလည်း ပြောတတ်သေးတယ် "ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေ" တဲ့။ ရယ်ချင်စရာကြီး၊ တကယ်တမ်းသာ သေရမယ်ဆိုရင် အဲဒီလို စကားလေး သုံးလေးခွန်း ပြောလိုက်ရုံနဲ့ သေမယ့်ဘေးမှ လွတ်သွားရောတဲ့လား။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာမှာ သင်ယူခဲ့ဖူးတဲ့ သေမင်းကိုပုန်းရှောင်သူဆိုတာကို ပြန်သတိရမိတယ်။ လူဆိုတာဗျာ... ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေသွားနိုင်ကြတာချည်းပါပဲ။ သေတယ်ဆိုတာ ဘာမှအထွေအထူး ပြင်ဆင်ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ။ ရန်ကုန်သွားဖို့၊ မန္တလေးသွားဖို့၊ ကျိုက်ထီးရိုးသွားဖို့၊ စင်ကာပူမှာ အလုပ်သွားလုပ်ဖို့၊ ဘန်ကောက်ကိုရှော့ပင်းထွက်ဖို့ စသလိုမျိုး ခရီးထွက်ဖို့အတွက် ပြင်ဆင်ရသလို ပြင်ဆင်ရတာမျိုးမှ မဟုတ်တာဗျာ။ အခုလတ်တလော ကွန်ပျူတာသုံးနေပေမယ့် ခဏနေရင် သေချင်သေသွားနိုင်တာပဲ။ သေဖို့အတွက် အသက်ရှူတာ၊ နှလုံးခုန်တာလေး ရပ်သွားဖို့ပဲ လိုတာပါဗျာ။ ရေဗူးလည်းမလိုဘူး၊ အိပ်ရာလိပ်လည်းမလိုဘူး၊ ပိုက်ဆံအိတ်လည်းမလိုဘူး၊ ဦးထုပ်လည်းမလိုဘူး၊ ပတ်ပို့စ်လည်းမလိုဘူး၊ ဘာမှမလိုပါဘူး။ ကဲ... သေတယ်ဆိုတာ ဘယ်လောက်များ လွယ်ကူလိုက်ပါသလဲ။ သေချိန်တန်ရင် သေကိုသေမှာပဲ၊ ဘာမှစိတ်ပူမနေနဲ့။ မိသားစုအများကြီးနဲ့မို့ မသေသေးဘူး၊ အဲဒီလူကတော့ အလုပ်တွေအများကြီးလုပ်နေလို့ မသေသေးဘူး၊ အဲဒီကောင်ကတော့ ဆန်ကုန်မြေလေးမို့ မြန်မြန်သေမယ် စသည်ဖြင့် သတ်မှတ်ချက်တွေ မရှိပါဘူးဗျာ။ ဒီကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်း သတ်မှတ်ထားတဲ့အချိန်ရောက်ရင် တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ သေကြမယ်။ ခင်ဗျားလည်းသေမယ်၊ ကျွန်တော်လည်းသေမယ်။ တကယ်လို့များ ဒီပို့စ်ကို တင်ပြီးတဲ့အချိန်မှာ ကျွန်တော်သေသွားခဲ့မယ်ဆိုရင်လည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော်လည်း လူသားတစ်ယောက်လေဗျာ။ ဖွဟဲ့... လွဲပါစေ... ဖယ်ပါစေ.... လို့တော့ ကျွန်တော်ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ခင်ဗျားရော...??? :D

ပြောချင်တာတွေ ရှိသေးတယ်၊ နောက်မှပြောတော့မယ်
ကိုယ့်ဘာသာကိုယ် လမ်းသွားရင်းနဲ့ နမော်နမဲ့နဲ့ ခလုတ်တိုက်မိတဲ့အခါ ငါ့အတင်းကို ဘယ်သူများပြောနေပါလိမ့်တဲ့ :D
(ငါတော်တော် အသုံးမကျပါလားလို့ ပြောတာထက်စာရင် မဆိုးဘူးပေါ့ဗျာ)

ငတ်ကြီးကျပြီး ထမင်းကို အငမ်းမရစားလို့ လျှာကိုကိုက်မိတဲ့အခါ ငါ့အကြောင်းကိုတော့ တစ်ယောက်ယောက်က ပြောနေပြီတဲ့ :D
(ကိုယ်ငတ်ကြီးကျတာကို သူများသိမှာစိုးလို့)

ပခုံးပေါ်ကို လက်တင်မိရင် "ဟေ့ကောင်မကြိုက်ဘူး၊ မတင်နဲ့၊ ယောက္ခမနိုင်တတ်တယ်" တဲ့ :D
(ယောက္ခမမရှိတဲ့လူတွေဆို ဘယ်နှယ့်လုပ်ပါ့)

ခေါင်းတွေဘာတွေကို ပုတ်မိ၊ ကိုင်မိရင် ဘုန်းနိမ့်လိမ့်မယ်တဲ့ :D
(ဘောလုံးသမားတွေ ခက်ရချည်ရဲ့)

မိန်းမတွေက ယောက်ျားရဲ့ညာဘက်မှာအိပ်ရင် ယောက်ျားဘုန်းနိမ့်တတ်တယ်တဲ့ :D
(ရှေးဘုရင်တွေ သိပ်ဉာဏ်ပြေးတယ်)

လမ်းမှာမြွေတွေ့ရင် ငွေဝင်တတ်တယ်တဲ့ :D
(တိရစ္ဆာန်ရုံကလူတွေ နေ့တိုင်းများ ကံစမ်းမဲပေါက်နေသလား မသိဘူး)

ရွှေကျီးသာရင် ဧည့်လာတတ်တယ်တဲ့ :D
(ကျီးကန်းမရှိတဲ့အရပ်တွေကို ဘယ်ဧည့်သည်မှ မလာဘူးလားဆိုတာ စိတ်ဝင်စားစရာပဲ)

ကဲ... တော်ပါပြီဗျာ...။ ဒီလောက်ဆိုရင် ကျွန်တော်ကိုဉာဏ်လည်း မြို့မေတ္တာကို အတော်ရနေလောက်ပါပြီ။ သြော်... ထပ်ပြောပါရစေနော်... အခုရေးခဲ့တာတွေဟာ သေသေချာချာ သုတေသနပြလုပ်ပြီး ရေးသားထားတာတွေ လုံးဝကို (လုံးဝကို) မဟုတ်ရပါဘူး။ ကျွန်တော်ထင်တာ၊ ကျွန်တော်မြင်တာ၊ ကျွန်တော်တွေးမိတာတွေကိုသာ ဖွင့်အံခြင်းသက်သက် ဖြစ်ပါတယ်။ အမြင်မတူတာ၊ အယူအဆမတူတာတွေအတွက် ကျွန်တော်နားလည်ပြီးသားပါ။ ခင်ဗျားက ကိုဉာဏ်မှ မဟုတ်တာ။ အဲ.... ကျွန်တော်ကလည်း ခင်ဗျားမဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့နော်။ ကျေးဇူးတင်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၁၂ နာရီ ၀၂ မိနစ်တွင်ပြီး၏။

2 comments:

  1. Anonymous12:38 PM

    မိန်းမတွေက ယောက်ျားရဲ့ညာဘက်မှာအိပ်ရင် ယောက်ျားဘုန်းနိမ့်တတ်တယ်တဲ့ :D
    (ရှေးဘုရင်တွေ သိပ်ဉာဏ်ပြေးတယ်)

    ဘာဖြစ်လို့ သိပ်ဥာဏ်ပြေးတယ်လို့ ပြောတာလဲ လုံးဝနားမလည်လို့ ဖြစ်နိုင်ရင် ပြန်ဖြေပေးစေလို ပါတယ်၊၊ ကျေးဇူးတင်လျှက်၊၊

    ReplyDelete

 
Web Statistics