Saturday, June 05, 2010

မှန်ကန်သော ရွေးချယ်မှု


နှစ်ပေါင်း ၂၀ ကျော်မျှ ကြာမြင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ယခု ၂၀၁၀ ပြည့်နှစ်ထဲ၌ ရွေးကောက်ပွဲများ ကျင်းပမည်ဟု သိရပေသည်။ ထိုအခါ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားများနှင့် မဲဆန္ဒပေးမည့် ပြည်သူများသည် ကိုယ့်တာဝန်ကိုယ် ကျေပြွန်ကြရပေတော့မည်။

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားများသည် မိမိ ရွေးကောက် တင်မြှောက်ခံရလျှင် တိုင်းပြည်ကောင်းကျိုးအတွက်၊ ပြည်သူများ ကောင်းကျိုးအတွက် မည်သို့မည်ပုံ ဆောင်ရွက်သွားမည်ဟူ၍ မူဝါဒနှင့် လုပ်ငန်းစဉ်ကို ထုတ်ပြန်ကြေညာရစမြဲ ဖြစ်သည်။ နိုင်ငံရေးပါတီဆိုလျှင်လည်း ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းကို စာရွက်စာတမ်းများဖြင့် ပုံနှိပ်ဖြန့်ဝေကြရသည်။ ယင်းနိုင်ငံရေးပါတီ၏ ကိုယ်စားလှယ်လောင်းများသည် ပါတီ၏ ကြေညာစာတမ်းပါ မူဝါဒနှင့် လုပ်ငန်းစဉ်များကို မဲဆန္ဒရှင်များအား ထပ်ဆင့်ရှင်းလင်းတင်ပြကာ မိမိတို့ကို မဲပေးပါရန် ပန်ကြားကြမည်ဖြစ်သည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းဆိုလျှင်လည်း မိမိ၏ သဘောထားခံယူချက်များကို ထုတ်ပြန်ကြေညာရမည် ဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များသည် မိမိ၏ တစ်ဦးချင်းအရည်အချင်းကို အမှန်အတိုင်း ထုတ်ဖော် တင်ပြကြရသည်။ မိမိသည် သာမန် သူလိုငါလို လူတစ်ယောက် မဟုတ်ပါကြောင်း၊ တိုင်းပြည်နှင့် ဒေသအကျိုးကို ကိုယ်စွမ်း ဉာဏ်စွမ်းဖြင့်  ဆောင်ရွက်ရန် အရည်အချင်းရှိသူ ဖြစ်ပါကြောင်း ပေါ်လွင်အောင် တင်ပြကြရသည်။ မဲဆန္ဒရှင်များသည် ပါတီကိုကြည့်၍ ရွေးချယ်သကဲ့သို့ လူတစ်ဦးချင်းကို ကြည့်၍လည်း ရွေးချယ်ကောင်း ရွေးချယ်မည်ဖြစ်သည်။ အရေးပေါ် အခြေအနေမျိုးကလွဲ၍ မဲဆန္ဒရှင်များသည် ပါတီ၏ အရည်အချင်းနှင့်အတူ ကိုယ်စားလှယ်လောင်း တစ်ဦးချင်း၏ အရည်အချင်းကိုပါ စစ်ဆေးလေ့လာပြီးမှ မိမိ မဲပေးရန် ထိုက်တန်သူကို ရွေးချယ်လေ့ရှိသည်။

မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးနေချိန်၊ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပခါနီးတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ အမတ်လောင်းများအား ပြည်သူများက ပုံအောပြီး မဲပေးကြရန်၊ လူကို မကြည့်ဘဲ ဖဆပလကို မဲပေးသည့်အနေဖြင့်သာ မဲပေးကြပါရန် တိုင်းပြည်လူထုကို တောင်းဆိုခဲ့ဖူးသည်။ ယင်းအချိန်ကာလသည် မြန်မာ့လွတ်လပ်ရေးရရန် လက်တစ်ကမ်းအလို ဖြစ်သည်။ ပေါ်ပေါက်လာမည့် တိုင်းပြုပြည်ပြုလွှတ်တော်က အနာဂတ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲရမည်ဖြစ်သည်။ သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ကြီးက ပြတ်သားစွာ အနိုင်ရမှသာလျှင် အနှောင့်အယှက်မရှိဘဲ ရည်မှန်းချက် ပေါက်မြောက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဖဆပလ အမတ်လောင်းဆိုလျှင် လူကို မကြည့်ဘဲ မျက်စိမှိတ်ပြီး မဲပေးလိုက်ကြပါဟူသော တောင်းဆိုမှုမျိုးကို ဗိုလ်ချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်တို့ ကျဆုံးပြီးနောက်တွင် ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ ပါလီမန်ဒီမိုကရေစီ လွှတ်တော်ရွေးကောက်ပွဲများ အသီးသီး ကျင်းပခဲ့ရာတွင် ထိုသို့ တောင်းဆိုမှုမျိုးကို တစ်ကြိမ် ထပ်မံတွေ့ရှိရသည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလအဖွဲ့က ခေါင်းဆောင်ဖြစ်သူ ဦးနု၏ ဓာတ်ပုံကို မဲပုံးများတွင် ကပ်၍ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ အမတ်လောင်း မည်သူမည်ဝါဆိုသည်ထက် ဦးနုရုပ်ပုံပါသော မဲပုံးထဲ မဲထည့်ရန် တိုက်ရိုက်ပြောဆိုသည့် သဘောပင်ဖြစ်သည်။ အမှန်တကယ်လည်း အောင်မြင်မှုရခဲ့ကြပေသည်။

ယခု လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် အတိတ်ကာလ သင်ခန်းစာများကို လေ့လာ၍ မိမိတို့ ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေ ကျင့်သုံးကာ တန်ဖိုးရှိလှသော ဆန္ဒမဲကို မှန်မှန်ကန်ကန် ပေးကြရန် ကျွန်ုပ်တို့က တိုက်တွန်းလိုပါသည်။

မဲဆန္ဒမပေးမီ ပါတီနှင့် လူနှစ်မျိုးစလုံးကို လေ့လာသင့်ပေသည်။ ယင်းပါတီကို မည်သူတို့ ဦးဆောင်သနည်း။ အစဉ်အလာ မည်သို့ရှိသနည်း။ တိုင်းပြည်အတွက် ကောင်းကျိုးဆိုးကျိုး တစ်စုံတစ်ရာ ဖြစ်စေခဲ့ဖူးသလား။ ပြည်သူများနှင့် တစ်သားတည်းရှိမည့် ပါတီလော၊ စသည်ဖြင့် မေးခွန်းပေါင်းများစွာဖြင့် စောကြောစိစစ်ရန် လိုအပ်လှပါသည်။ ထို့နောက် ကိုယ်စားလှယ်လောင်း တစ်ဦးချင်း၏ အရည်အချင်းကို စိစစ်ရာတွင် အရေးကြီးဆုံးအချက်မှာ ယင်းပုဂ္ဂိုလ်သည် သူ့ပါတီ သူ့အဖွဲ့အစည်း၏ အကျိုးစီးပွားနှင့် တိုင်းပြည်အကျိုးစီးပွား ယှဉ်လာလျှင် တိုင်းပြည်ဘက်က နေမည့်သူ ဖြစ်နိုင်မဖြစ်နိုင် အကဲဖြတ်ဖို့ ဖြစ်သည်။ တိုင်းပြည်ဘက်က ရည်တည်မည့် သူမျိုးကို ရွေးချယ်မှသာလျှင် မှန်ကန်သော ရွေးချယ်မှု ဖြစ်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပေသည်။

No comments:

Post a Comment

 
Web Statistics