Monday, June 21, 2010

ပြည်နယ်မြို့တော်ကြီးများတွင် ပေါ်ထွန်းလာမည့် အစိုးရများနှင့် လွှတ်တော်များ


၂၀၁၀ မြန်မာနိုင်ငံရွေးကောက်ပွဲများအပြီး အသစ်ဖြစ်ပေါ်မည့် စနစ်သစ်အတွက် ကြိုတင်ပြင်ဆင်မှုများအနက် မြင်သာထင်သာ အရှိဆုံးမှာ နေပြည်တော်တွင် တည်ဆောက်လျက်ရှိသည့် လွှတ်တော်အဆောက်အအုံများ ဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ အသစ်ပေါ်ထွန်းလာမည့်  အုပ်ချုပ်ရေးစနစ်သစ်တွင် ပြည်ထောင်စုအဆင့် အချုပ်အခြာအာဏာ သုံးရပ်နှင့် ပတ်သက်သော အစိုးရအဖွဲ့အစည်းအရပ်ရပ်၊ လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့အပြင် ပြည်ထောင်စုစနစ်ဖြစ်သည့် အားလျော်စွာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင်လည်း အချုပ်အခြာအာဏာသုံးရပ်နှင့် ပတ်သက်သော အဖွဲ့အစည်းများလည်း ရှိနေပါသည်။

အထူးသဖြင့် ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များသည် မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်သစ်တွင် ထူးခြားသေ အဖွဲ့အစည်းများဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အရေးအရာများကို ဆောင်ရွက်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၁၈၈)ပါ ကိစ္စရပ်ပေါင်းများစွာကို ရေးဆွဲအတည်ပြုကြရမည့် လွှတ်တော်များဖြစ်ပေသည်။

အဆိုပါလွှတ်တော်များသည် ယခင်တစ်ပါတီစနစ်၏ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရှိခဲ့ဖူးသော တိုင်းကောင်စီများကဲ့သို့ လက်ညှိုးထောင် ခေါင်းညိတ်သဘော မဟုတ်တော့ရာ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး မြို့တော်များတွင် တစ်နှစ်ပတ်လုံး ဆုံတွေ့၊ စည်းဝေး၊ ရုံးတက်၍ နိုင်ငံနှင့် လူမျိုးအတွက် အလုပ်လုပ်ရမည့် လွှတ်တော်များ ဖြစ်နေပါသည်။

ဤအခြေခံဥပဒေသစ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ အစိုးရအဖွဲ့ဝင်များသည် အုပ်ချုပ်ရေးအာဏာတွင်ရော ဥပဒေပြုအာဏာတွင်ပါ ပတ်သက်ကြရမည် ဖြစ်ပေသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့တော်များတွင် ရုံးစိုက်သော အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများ မထိခိုက်စေဘဲ လွှတ်တော်အစည်းအဝေးများကို ပြည်နယ်မြို့တော်များတွင် တစ်နှစ်ပတ်လုံး ဆုံတွေ့နိုင်ရေးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါသည်။ အထူးသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့တော်အသီးသီးတွင် အသစ်ပေါ်ထွန်းလာမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၊ ထိုမြို့တော်များတွင် တစ်နှစ်ပတ်လုံး ဆုံတွေ့စည်းဝေးသော လွှတ်တော်များသည် များစွာအရေးပါကြောင်း ဖော်ပြလိုက်ရပါသည်။

အယ်ဒီတာ (၁၄-၆-၂၀၁၀)

No comments:

Post a Comment

 
Web Statistics