Tuesday, June 29, 2010

စကားပုံ - ရှင်မဟာသီလ၀ံသ


ရတနာသုံးပါးကို ကြည်ညိုရိုသေလေးမြတ်ခြင်း၌ လည်ဝယ်ဆင်ဝတ်ထားသော အဘိုးအနဂ္ဃထိုက်သည့် ပုလဲကုံးရတနာကဲ့သို့၊ ဥစ္စာရှာခြင်း၌ အာယုကပ်ပတ်လုံး စားသုံးနေရမည်ကဲ့သို့၊ လှူဒါန်းပေးကမ်းခြင်း၌ ရေပြည့်အိုးကို သွန်မှောက်ဘိသကဲ့သို့၊ ပညာရှာခြင်း၌ တောသွားမုဆိုးသည် သားရှိရာအရပ် ပျပ်ဝပ်ကျိုးနွံဘိသကဲ့သို့၊ ၀ီရီယရှိခြင်း၌ တောမျောက်သည် မြေပျောက်မည်အထင်နှင့် မြေပြင်ကို တစ်ညဥ့်သုံးခါ အိပ်ရာမှထ၍ စမ်းသပ်ဘိသကဲ့သို့၊ သူတစ်ပါးဥစ္စာဖြစ်လေက စွန့်ပစ်လိုက်သော တံတွေးပေါက်ကဲ့သို့၊ သူ့မယားကို ယဉ်ပါးခြင်း၌ သူသတ်ယောက်ျားသည် လည်ဝယ်တင်ထားသော ဓားရှိသကဲ့သို့၊ သုရာမေရယစသည်၌ ဆိပ်မျိုးပြည့်သော ရေကဲ့သို့၊ မုသာဝါဒါ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း၌ မြေလက်ခတ်မလွဲ ငရဲသို့ အမြဲကျရောက်မည်ဆဲဆဲကဲ့သို့၊ ပါဏာတိပါတ၌ တစ်ယောက်တည်းသော သားကို အမိစောင့်ရှောက်ဘိသကဲ့သို့ ကြဉ်ရှောင်ကုန်ရာသည်။ သဒ္ဓါလွန်သော် ရာဂ၊ ပညာလွန်သော် မာန၊ ၀ီရိယလွန်သော် ဥဒ္ဓစ္စ၊ ချမ်းသာလွန်သော် ရာဂ၊ အသုံးလွန်သော် ဒါသ၊ အ၀တ်လွန်သော် ဣဏ၊ အစားလွန်သော် ဘယ၊ အအိပ်လွန်သော် မောဟ၊ အ၀လွန်သော် ထိန၊ တတ်သိလိမ္မာ ပညာရှိသည်မှန်စေ၊ ရေးကြီးခွင့်ကျယ်ရှိက တတ်မြောက်နိုင်ခဲသည်။ အ၀တ်အစား၊ အသုံးအဆောင်၊ အဆောက်အဦ ပြုစုကျွေးမွေး ပေးကမ်းစားသောက်ရသည်မှန်စေ၊ သူ့ကျေးဇူးကို သိခဲသည်။ နေ့ညဥ့်မပြတ် အဖန်တလဲလဲ အမြဲဆည်းကပ်မပြတ် သွားလာရသည်မှန်စေ၊ မင်းစိတ် မင်းရိပ်ကို သိခဲသည်။ ရာကြီးထူးကြီးကို သိမ်းပိုက်ရသည်မှန်စေ၊ ကိုယ့်ဖို့ဝေခြမ်းသောအခါ စုံစမ်းထောက်မျှော်ခဲသည်။ သူ့အသက် သူ့ဥစ္စာ သူ့အိမ်ရာကို ကြဉ်ရှောင်ပါ၏ ဆိုစေ၊ အခွင့်သာလျှင် ရှောင်နိုင်ခဲသည်။ တော်တည့်မှန်ကန်တရားသဖြင့် ကျင့်ပါ၏ ဆိုစေ၊ သစ္စာမှန်ခဲသည်။ ရဲရင့် တည်ကြည်ခြင်း ရှိပါ၏ဆိုစေ၊ ရန်သူတွေ့က စွန့်စားခဲသည်။ မမြင်ရာသည် ဆေးသမား။ မကြားရာသည် တရားသူကြီး။ မနှီးနှောရာသည် မင်းလုလင်။ မတိုင်ပင်ရာသည် ရှေ့နေရှေ့ရပ်။ မစေအပ်ရာသည် မိန်းမရှာ။ မလာမသွားရာသည် နတ်ဝင်။ မထင်မပေါ်ရာသည် လွှသမား။ တရားမစောင့်ရာသည် သူ့မြီစား။ မသိုထားရာသည် ကျောင်းဥစ္စာ။ မပါဝင်ရာသည် ခိုက်ရန်ပွဲ။ မဆွဲမငင်ရာသည် ရဟန်းပုဏ္ဏား။ မပွားမစီးမကြီးရာသည် ကိုယ်ရောဂါ။ ပညာကိုလိုသော် မပျင်းနှင့်။ စကားဆိုသော် မတင်းနှင့်။ ဥစ္စာကိုလိုသော် မငြင်းနှင့်။ ဘေးကိုရှောင်သော် ရန်သူ့ဘောင်သို့ မချဉ်းနှင့်။ သတင်းကြီးသော် အဖော်မရ။ အစားကြီးသော် သူ့နောက်ကျ၏။ အစားလျင်သော် အလျင်ရောက်၏။ ခရီးလျင်သော် ကြံတိုင်းမြောက်၏။ အစားပုပ်သော် အလုပ်ကြာ၏။ အသွားချုပ်သော် နေ့ရက်ကွာ၏။ အရာမရှိဘဲလျက် ပလွှားသည်။ ဥစ္စာမရှိဘဲလျက် ထောင်လွှားသည်။ ပညာမရှိဘဲ ၀ါကြွားသည်။ ညီညွတ်သည်မရှိဘဲလျက် စွန့်စားသည်။ ချစ်သူမဟုတ်ဘဲလျက် ကစားသည်။ ခရီးမဟုတ်ဘဲလျက် လာသွားသည်။ အမှုအခင်းမရှိဘဲလျက် ကြွေးမြီများသည်။ သူ့မယားကိုချစ်သော် ကွမ်းကုန်သည်။ သူ့သားကိုချစ်သော် မုန့်ကုန်သည်။ မယားကိုချစ်သော် သူတစ်ပါးနှင့် မယုံကြည်။ သားကိုချစ်သော် ပညာဖုန်သည်။ အမတ်ကိုချစ်သော် ကိုယ်လုံသည်။ ဥစ္စာကိုချစ်သော် ပြည့်စုံသည်။ ပညာကိုချစ်သော် အတတ်မျိုးစုံသည်။ ကျွန်ကိုချစ်သော် အလုံးပုံသည်။ တရားတတ်၏ မဖြောင့်။ စကားတတ်၏ မစောင့်။ တရားတတ်သော် ဖြောင့်ခဲသည်။ စကားတတ်သော် စောင့်ခဲသည်။ ပညာပင်ရှိသော်လည်း သတိရှိခဲသည်။ အမှုရှိမှ အမိကို တသည်။ အပေးရှိမှ အဖော်ရသည်။ အရေးရှိမှ အကျော်ရသည်။ မင်းကို ချစ်စေလိုသော် လက်ဆောင်။ ရန်ကို အောင်စေလိုသော် မေတ္တာ။ ဆရာကို ချစ်စေလိုသော် ချဉ်းကပ်။ အရပ်ကို ချစ်စေလိုသော် ပေးကမ်း။ ကိုယ်ချမ်းသာစေလိုသော် ချိုသာ။ အရာအထူးကိုလိုသော် ပျပ်ဝပ်။ ဖြောင့်မတ်စေလိုသော် တော်မှန်။ အလုပ်အကြံကိုလိုသော် နှီးနှော။ ရောပြွမ်းယှက်တင်လိုသော် မေးမြန်း။ စုံစမ်းလိုသော် ဆိုင်းလင့်။ အခွင့်ကိုလိုသော် ချိုသာ။ ရာကြီးထူးကြီးကိုလိုသော် စောင့်ထိန်း။ သိမ်းပိုက်စေလိုသော် သည်းခံ။ သစ္စာမှန်မှ လူသမာ။ ပညာရှိမှ လူဆရာ။ ဥစ္စာရှိမှ မှီခိုရာ။ အရံအကာရှိမှ ပြည့်စုံရာ။ လုံခြုံမှ လူလိမ္မာ။ အရာကောင်းလျှင် တစ်ချက်။ အနေကောင်းလျှင် တစ်သက်။ အဆက်ကောင်းလျှင် တနွယ်။ ၀ယ်တတ်မှ မြတ်သည်။ လာဘ်ရှိမှ ပေးနိုင်သည်။ အထိန်းအသိမ်းရှိမှ ဥစ္စာပြန့်ပွားသည်။ စကားငြိမ်သက်မှ အမျက်နည်းပါးသည်။ အစည်းအရုံးရှိမှ အမှုညီညွတ်သည်။ အရင်းရှိမှ အမြတ်အစွန်းမြင်သည်။ အသွင်အပြင်ရှိမှ လူရိုသေသည်။ အနေအထိုင်ကျစ်လျစ်မှ ချစ်သနားသည်။ စွန့်စားမှ ဥစ္စာရသည်။ စည်ပင်မှ သုံးလောက်သည်။ ကြောက်ရွံ့မှ အမှုပြီးသည်။ အကြီးအအုပ်ရှိမှ ငြိမ်သက်သည်။ အဆက်အလက်ပြန့်ပွားမှ အလိုရှိတိုင်းရသည်။ အဆိုအပြော ပြေပြစ်မှ ချစ်ဖွယ်ရှိသည်။ အညစ်အကြေးကင်းမှ သန့်ရှင်းသည်။ အတွင်းဥစ္စာရှိမှ အပဆောင်နိုင်သည်။ အကောင်အထည်ရှိမှ မပျောက်သည်။ အရောက်အလာရှိမှ အကျွမ်းဝင်သည်။ အရှင်လေးမြတ်မှ ခံ့ညားသည်။ သားမြေးရှိမှ တင့်တယ်သည်။ အရွယ်အလိုက်ဝတ်စားမှ တော်တင့်သည်။ အကျင့်ကောင်းမှ သူမြတ်ချစ်သည်။ အကျစ်အလျစ်ရှိမှ ဥစ္စာတည်သည်။ အမျိုးအမည်သိမှ ပေါင်းဖော်ရာသည်။ လာမည့်ဘေးကို အဝေးကရှောင်မှ ကင်းငြိမ်းရာသည်။ စောင့်စည်းမှ တည့်မှန်သည်။ အရံအကာရှိမှ လုံခြုံသည်။ ယုံကြည်မှ အခွင့်ပေးသည်။ ဆိုရေးဆိုခွင့်သိမှ စကားတတ်သည်။ အကျပ်အတည်းတွေ့မှ အလေ့အကျင့်ကို သိသာသည်။ ဥစ္စာဟူသည် မျက်လှည့်မျိုး။ ပညာဟူသည် မြတ်ရွှေအိုး။ အကျိုးကားလို၏ အပြစ်မတော်။ အကျော်သတင်းရှိ၏ မမြဲ။ အရိပ်အရောင်ရှိ၏ မစူးစမ်း။ အပူအချမ်းခံ၏ မပြုစု။ အမှုကားကုံ၏ မယုံ၍မသုံး။ ထုံးစံတတ်၏ လူရိုသေအောင် မကျင့်။ အခွင့်ပေး၏ ဆိုရေးဆိုအစ်ကို မသိ။ မိမိကား သိမ်းပကား၏မယားကြောင့် ကျွန်မပျော်။ လှော်ကားလှော်၏ လှေမပြေး။ ဆိုရေးဆိုအစ်ကိုသိ၏ အခွဲအခြမ်းမရှိ။ အဂတိသို့ မလိုက်ပါဟုဆို၏ နှုတ်ပေးသွန်သင်ပြုသည်။ အမှုအခင်းမရှိဟု ဆို၏ အခေါ်အချများသည်။ မယားကို မနိုင်စေနှင့်။ အသိမ်းကို မပိုင်စေနှင့်။ ကျေးကျွန်ကို မယိုင်စေနှင့်။ သစ်ပင်ကို မချိုင်စေနှင့်။ မကောင်းသောစကားကို မလှိုင်စေနှင့်။ လျှို့ဝှက်သောစကားကို မကြိုင်စေနှင့်။ ရန်သူကို မဆိုင်လေနှင့်။ မင်းကို မပြိုင်လေနှင့်။ ပိုင်ကားပိုင်၏ အခွင့်အရာမသိ။ ဥစ္စာရှိ၏ မပေးမလှူ။ လူအရည်ကားကောင်း၏ မစောင့်မထိန်း။ ငြိမ်းကားငြိမ်း၏ ကုသိုလ်မဖြစ်။ အစစ်အမေးတတ်၏ ဓမ္မသတ်ကိုမကျွမ်း။ ဆိုလမ်းဆိုအစ်ကိုသိ၏ မျက်နှာရှိရာပါသည်။ ပညာရှိ၏ လောဘနိုင်ငံသို့လိုက်သည်။ မရိုက်မီက ငိုနှင့်သည်။ မလာမီက ကြိုနှင့်သည်။ မပြောမီက ဆိုနှင့်သည်။ မစားမီက မျိုနှင့်သည်။ မချေးမီက လိုနှင့်သည်။ မြင်းကမလှုပ် ခုံတိုင်လှုပ်။ အိုးကားမဆူ စလောင်းဆူ။ အယူမတတ် မဖြောင့်မတ်။ စကားတတ်၏ ပါဌ်ကားမပြေ အနက်ပြေ၏။ ဆိုလေသမျှ၊ ထိုသူကသည်၊ လောကကပ်ခါ၊ ပညာရှိသူ၊ မှတ်နာယူ၍၊ ကြည်ဖြူလှစွာ၊ ဤသည့်စာကို၊ ကြားခါခဏ၊ သတိရအောင်၊ မော်ကွန်းထောင်သည်၊ တန်ဆောင်ဆီမီးပမာတည်း။

No comments:

Post a Comment

 
Web Statistics