Monday, June 28, 2010

မျက်လုံး၊ အပေါင်းအသင်းနှင့် စာကိုးစကားကိုး - မောင်ဝံသ


mgwuntha.png
ဖတ်မိမှတ်မိတဲ့ စာတွေထဲက အမည်မသိ အဆိုအမိန့်တစ်ခုကို စိတ်ထဲစွဲနေတယ်။ "လူတစ်ယောက်အကြောင်းကို အချင်းအရာ သုံးခုက ပြောနေတယ်။။ သူ့မျက်လုံးတွေရယ်၊ သူပေါင်းသင်းတဲ့ မိတ်ဆွေတွေရယ်၊ သူကြိုက်နှစ်သက်တဲ့ စာကိုးတွေရယ်" (Three things tell a man: his eyes, his friends and his favorite quotes.) လို့ ဆိုပါတယ်။

အဲဒီအဆိုအမိန့်ကို ဖတ်ဖူးကတည်းက လူတွေကိုတွေ့ရင် မျက်လုံးကို အရင် ဂရုစိုက်ကြည့်မိတယ်။ ဟုတ်ပေသားဗျာ။ လူရိုးလူကောင်းဟာ မျက်လုံးမှာပေါ်နေသလို လူဆိုးလူညစ်ဟာလည်း မျက်လုံးမှာကို အရိပ်အငွေ့တွေ ပေါ်နေသဗျ။

ရုပ်ရှင်မင်းသား ဒါရိုက်တာ ကိုမြတ်လေးက အမူအရာလုပ်ရင် မျက်လုံးအမူအရာဟာ အရေးကြီးဆုံးဖြစ်ကြောင်း ပြောဖူးတယ်။ မျက်နှာကို အနီးကပ်ဆွဲရိုက်ပြရင် မျက်လုံးနဲ့ ငိုတတ်ရမယ်၊ မျက်လုံးနဲ့ ရယ်တတ်ရမယ်၊ မျက်လုံးနဲ့ ရက်စက်ပုံပြတတ်ရမယ်၊ မျက်လုံးနဲ့ သနားကရုဏာ ပြတတ်ရမယ်လို့ သူကပြောတယ်။

လူတွေရဲ့ မျက်လုံးတွေကို ကျွန်တော်ဖတ်ကြည့်နေတာ ကြာပြီ။ မာန်တက်နေတဲ့ မျက်လုံး၊ လူတွေကို အထင်သေးအမြင်သေးနဲ့ အပေါ်စီးက ကြည့်တဲ့မျက်လုံး၊ ကြိမ်လုံးသံကြားရုံနဲ့ ကြောက်ပြီးရုန်းပြေးနေရှာတဲ့ နွားတစ်ကောင်ရဲ့ မျက်လုံးနဲ့တူတဲ့ မျက်လုံး၊ အကြောက်ခံရတာကို ကျေနပ်နေတဲ့မျက်လုံး၊ ထန်းလျက်ခဲလေး ထပ်ရဦးမလားလို့ မျှော်တဲ့မျက်လုံး၊ လည်စင်းပေးပါပြီလို့ ပြောနေတဲ့မျက်လုံး၊ နယ်ချဲ့ပါးကွက်သား သေနတ်ပြောင်းရှေ့က ပုဂံဗိုလ်ချိုရဲ့ ထီမထင်မျက်လုံး၊ နွိုင်နွိုင်းအာကွီနိုရဲ့ ရိုးရှင်းတဲ့ အောင်ပွဲခံမျက်လုံး၊ ဂေါ်ဒန်ဘရောင်းရဲ့ မချိပြုံးရိပ်ပေါ်နေတဲ့ မျက်လုံး၊ ကင်မ်ဂျုံအီလ်ရဲ့ အေးစက်တဲ့မျက်လုံး၊ မူဂါဘီရဲ့ မာကြောတဲ့မျက်လုံး၊ ဟူးဂိုးချာဗက်ရဲ့ စိန်ခေါ်တဲ့မျက်လုံး၊ လီရှောင်လုံးရဲ့ သောကမဲ့မျက်လုံး၊ ယူဒိုယိုနိုရဲ့ ရိုးဂုဏ်ပြမျက်လုံး၊ အာပါး..... မနည်းလှတဲ့ မျက်လုံးတွေကို ကျွန်တော် တွေ့ဖူးပါသော်ကော။

အပေါင်းအသင်းမိတ်ဆွေ
လူတစ်ယောက်ဟာ ဘယ်လိုလူတွေနဲ့ မိတ်ဖြစ်နေသလဲ ဆိုတာကလည်း အလွန်အရေးကြီးတဲ့ အချက်ပါ။ လူပေါင်းမှားတယ် ဆိုတဲ့စကား၊ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ဆိုတဲ့စကား၊ သည်ပုတ်ထဲကသည်ပဲ အတူတူပဲဖြစ်မှာပေါ့ ဆိုတဲ့စကားတွေ အရှိသား မဟုတ်လားဗျာ။

ကျွန်တော့်ကိုယ်တွေ့တချို့ကို ရေးခဲ့ဖူးပါတယ်။ ပတ်ဝန်းကျင်က အထင်သေးစရာဖြစ်အောင် သောက်စားမူးယစ်နေတတ်သူ တစ်ယောက်နဲ့ ခပ်ငယ်ငယ် ကျောင်းသားဘ၀က ခင်မင်ရင်းနှီးခဲ့တာဖြစ်လို့ (သူ့ရဲ့ လက်ရှိအခြေအနေကိုလည်း မသိလို့) ရင်းရင်းနှီးနှီး ဆက်ဆံမိတယ်။ အဲဒါကို မြင်သွားတဲ့လူ အချို့က ကျွန်တော့်ကိုပါ အရက်သမားလို့ ထင်မြင်သွားကြတဲ့အကြောင်း၊ သူများအကြွေးယူထားပြီး ပြန်မဆပ်တဲ့ လူတစ်ယောက်နဲ့ အတူလိုက်သွားမိလို့ ပွဲရုံတရုတ်တစ်ယောက်က ကျွန်တော့်ကိုပါ ဂျပိုးသူခိုးတစ်ယောက်လို အော်ငေါက်ခဲ့ပုံအကြောင်း၊ လူကြိုက်မများတဲ့ အယူအဆတွေကို ထုတ်ဖော်လေ့ရှိသူတစ်ယောက်နဲ့ တတွဲတွဲနေမိလို့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဖောက်ပြန်သွားပြီလို့ သံချပ်ထိုးခံရတဲ့အကြောင်းတွေ၊ ဆရာကြီး ဦးဆန်းထွန်း (မန်းတက္ကသိုလ်)က ငြုတ်သီးနားရောက်နေတဲ့ ကြက်သွန်ဟာ ငြုတ်သီးနဲ့ ရောအထောင်းခံရတာပဲလို့ ပြောဖူးပုံတွေကို ကျွန်တော်ရေးခဲ့ဖူးတယ်။

ဘယ်စာတွေကို ကိုးကားသလဲ
ကျွန်တော်သဘောကျတဲ့ အဆိုအမိန့်မှာ လူတစ်ယောက် ကြိုက်နှစ်သက်တဲ့ စာကိုးတွေ (favorite quotes)ကို ကြည့်ပြီး အဲဒီလူကို အကဲဖြတ်နိုင်တယ်လို့ ဆိုတယ်။ သိပ်မှန်တာပဲလို့ ကျွန်တော်က ထောက်ခံချင်တယ်ဗျာ။

စာကိုး စကားကိုးတွေကို အသာထားဦး၊ လူတွေ အမှတ်တမဲ့ ပြောပုံဆိုပုံကို ကြည့်ရုံနဲ့တင် အကြမ်းဖျင်း သိသာပါတယ်။ အဲဒီလူရဲ့ အတိမ်အနက်ကို သူ့စကားတွေက လှစ်ဟနေတာပဲ။ စာကိုး စကားကိုးတွေ ပြောရင်တော့ သူ ဘယ်လိုစာတွေကို ဖတ်ထားသလဲဆိုတာ ပေါ်လာတာပေါ့။ လူတစ်ယောက်ဟာ ဘယ်လိုလူတွေကို ပေါင်းသလဲဆိုတာအပြင် ဘယ်လိုစာတွေကို ဖတ်သလဲဆိုတာက သူ့စရိုက်သဘာဝကိုသာမက သူ့အရည်အချင်းကိုပါ ဖော်ပြနေတယ်လို့ ဆိုနိုင်တယ်။

"ရက်စက်မှ မင်းဖြစ်" ဆိုတဲ့စကားကို ကိုးကားတဲ့ နိုင်ငံရေးသမားဟာ သူ မင်းဖြစ်ဖို့ဆိုရင် ရက်စက်ဖို့လည်း ၀န်မလေးဘူးဆိုတဲ့ လူမျိုးဆိုတာ ဖော်ပြနေတာပဲပေါ့။

"အူမတောင့်မှ သီလစောင့်နိုင်မယ်" လို့ ကိုးကားသူဟာ အူမ မတောင့်ရင် သီလမစောင့်နိုင်ဘူး၊ အူမတောင့်အောင် (မိမိတစ်ကိုယ်ရည် ချမ်းသာအောင်) အရင်လုပ်ဦးမယ်လို့ ဆိုလိုရာ ရောက်မသွားနိုင်ဘူးလား။

တချို့လူတွေက အပြောအဆို အလွန်ရိုင်းစိုင်းတယ်။ ပါးစပ်ကြမ်းရုံမက လက်ပါ,ပါသူတွေလည်း တွေ့ဖူးတယ်။ မြန်မာရှေးလူကြီးများ ဆိုရိုးစကားမှာ "အဖယုတ်က ကိုယ်အမူအရာ ကြမ်းတမ်းသည်၊ အမိယုတ်က နှုတ်အမူအရာ ကြမ်းတမ်းသည်" လို့ အဆိုရှိတယ်ဗျ။

မိမိကို ကိုယ်ထိလက်ရောက် ပြန်လည်မခုခံဝံ့တဲ့ လက်အောက်ငယ်သားကို ထိုးကြိတ် ပါးရိုက်ရဲတဲ့ "သတ္တိခဲ" တချို့ တွေ့ဖူးတယ်။ သူ့ကို ပြန်လုပ်မိရင် ထမင်းအိုးကွဲမှာဖြစ်လို့ မျိုသိပ်ချုပ်တည်းနေရတာကို ကြောက်လို့ထင်ပြီး မောက်မာနေသူဟာ တကယ်ကတော့ လူ့သိက္ခာ သုညအောက် ရောက်နေသူပဲပေါ့ဗျာ။

ဖဆပလခေတ်က အာဏာရ နိုင်ငံရေးသမားအချို့အကြောင်း စာဖတ်သူများလည်း ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ နယ်စားပယ်စားတွေလို ကိုယ့်အပိုင်နယ်တွေမှာ လက်သတ်မွေး တပည့်လူမိုက်တွေနဲ့ အနိုင်ကျင့် စိုးမိုးချယ်လှယ်နေကြတာ၊ မိမိကို ယှဉ်ပြိုင်လာတဲ့ နိုင်ငံရေး ပြိုင်ဖက်တွေကို အသက်အန္တရာယ် ပေးသည်အထိ ရန်ပြုတာ၊ အဲဒီခေတ်က ထုတ်ဝေတဲ့ သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါခဲ့တာပဲဗျ။

သူတို့ရဲ့ ပြင်းပြတဲံ အဓိကဆန္ဒကတော့ အနိုင်ရလိုခြင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲဖြစ်စေ၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ဇောက ပြင်းထန်လွန်းလှတယ်။ အနိုင်ရဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့လူတွေဟာ ပြည်သူလူထုရဲ့ တစ်ခဲနက် တွန်းလှန်မှုကြောင့် နောက်ဆုံးတော့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရတာပဲ မဟုတ်လားဗျာ။

သမိုင်းအပ်ကြောင်းထပ်ခြင်း (Repetition of History) ဆိုတဲ့ စကားရှိတယ်။ အဲသလို အနေအထားမျိုးတွေ ထပ်ပြီး ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးဗျ။ မဲဆန္ဒရှင်တွေကို စည်းရုံးသိမ်းသွင်းတဲ့နည်းနဲ့ မဆွဲဆောင်ဘဲ ခြိမ်းခြောက်ဟိန်းဟောက်ပြီး ထောက်ခံမှုကို ရယူဖို့ ကြိုးစားသူတွေ ရှိလာဦးမယ်ဆိုရင် သမိုင်းအပ်ကြောင်းထပ်တာကို ကျွန်တော်တို့ မြင်တွေ့ရဦးမယ် ထင်တယ်ဗျ။

အဲသလိုကြုံရင်လည်း "နိုင်ငံရေးသမားတစ်ယောက်အဖို့ ရင့်ကျက်တဲ့ နိုင်ငံပြုခေါင်းဆောင် အမြန်ဆုံးဖြစ်လာစေတဲ့ နည်းကတော့ ရွေးကောက်ပွဲတစ်ပွဲလောက် ရှုံးဖူးခြင်းပါပဲ" ("The fastest way for a politician to become an elder statesman is to lose an election." - Earl Wilson) လို့ နှလုံးသွင်းတတ်ရင် အရှုံးထဲက အမြတ်ထွက်လာနိုင်ကြောင်းပါဗျာ။
Popular News, 27 May 2010

No comments:

Post a Comment

 
Web Statistics