အမေရိကန် ရက်ဒ်အင်ဒီးယန်း လူမျိုးတစ်ယောက်သည် သူနေ,နေကျ အရပ်ဒေသမှ ထွက်ခွာခဲ့ပြီး၊ မြို့တွင်ရှိသော မျက်နှာဖြူသူငယ်ချင်းထံ အလည်သွားပါသည်။ မြို့တွင်ကြားရသော ကားသံ၊ ဟွန်းသံ၊ လူများ ပြေးလွှားပြောဆိုနေသံများသည် ကျေးလက်တွင် နေ,နေကျနေသော အမေရိကန် ရက်ဒ်အင်ဒီးယန်းအတွက် အနှောင့်အယှက်များစွာ ဖြစ်နေပါတော့သည်။
သူငယ်ချင်းနှစ်ဦးသည် လမ်းအတိုင်း လျှောက်လာကြပါသည်။ တစ်နေရာအရောက်တွင် ရက်ဒ်အင်ဒီးယန်းက ရုတ်တရက်ရပ်လိုက်ပြီး သူ့သူငယ်ချင်း၏ ပုခုံးကိုပုတ်လျက် "သူငယ်ချင်း ငြိမ်ငြိမ်လေးရပ်နေပါ၊ ငါ အခုကြားတဲ့အသံကို မင်းကြားရဲ့လား" ဟု မျက်နှာဖြူသူငယ်ချင်းအား မေးပါသည်။
မျက်နှာဖြူသူငယ်ချင်းက ရက်ဒ်အင်ဒီးယန်းဘက်သို့ လှည့်ပြုံးပြီး "ငါ ကြားနေတာတွေကတော့ ကားသံ၊ ဟွန်းသံ၊ လူတွေရဲ့ ခြေလှမ်းသံ၊ စကားပြောသံတွေပဲ။ မင်းက ဘာများကြားလို့လဲ" ဟု မေးပါသည်။
"ဒီနား တစ်နေရာရာမှာ ပုရစ်လေးတစ်ကောင် ရှိနေတယ်။ သူ အော်တဲ့အသံကို ငါကြားနေရတယ်"
မျက်နှာဖြူသူငယ်ချင်းက ရပ်ပြီး သေသေချာချာ ဂရုစိုက်နားထောင်ပါသည်။ သို့သော် ခေါင်းခါပြီး "သူငယ်ချင်း မင်းစိတ်ထဲမှာ ထင်နေတာဖြစ်ပါလိမ့်မယ်။ ဒီနားမှာ ပုရစ်လည်း မရှိပါဘူးကွာ။ တကယ်လို့ရှိရင်တောင် ပုရစ်အော်သံကို ဘယ်လိုလုပ် ကြားနိုင်မှာလဲ၊ လမ်းပေါ်က အသံဗလံတွေက ဆူညံနေတာ။ မင်းက ကြားနေတုန်းပဲလား" ဟု မျက်နှာဖြူသူငယ်ချင်းက မေးပါသည်။
"အေးကွ၊ ငါတော့ ကြားနေဆဲပဲ။ ဒီနားနီးနီးလေးမှာပဲ ရှိနေပါတယ်" ဟု စူးစိုက်နားထောင်ရင်း ပြောပါသည်။ ရက်ဒ်အင်ဒီးယန်းသည် ရှေ့သို့ သုံးလေးလှမ်း လျှောက်သွားပါသည်။ အိမ်အုတ်နံရံနားသို့ ရောက်သွားပါသည်။ အုတ်နံရံသို့ နွယ်ပင်တစ်ပင်က တွယ်တက်နေပါသည်။ နွယ်ပင်မှ အရွက်လေးများကို ဘေးဖယ်ပြီး ကြည့်သောအခါ အသံကုန်အော်နေသော ပုရစ်လေးတစ်ကောင်ကို တွေ့ပါတော့သည်။
ထိုအခါ မျက်နှာဖြူသည် ပုရစ်ကိုတွေ့သွားပါသည်။ ပုရစ်အော်သံကိုလည်း သတိထားမိလာပါတော့သည်။ ဆက်လျှောက်သွားကြရင်း မျက်နှာဖြူသူငယ်ချင်းက ရက်ဒ်အင်ဒီးယန်းအား "မင်းက ပင်ကိုယ်သဘာဝအရ ပုရစ်အော်သံကို ပိုကြားရတာပေါ့။ ရက်ဒ်အင်ဒီးယန်းတွေက တို့ထက် အကြားအာရုံ ပိုကောင်းတာကိုး" ဟု မှတ်ချက်ပေးပါသည်။
ရက်ဒ်အင်ဒီးယန်းက မျက်နှာဖြူသူငယ်ချင်း၏ စကားကိုကြားရသောအခါ ခေါင်းခါပြီး ပြုံးလျက် "ငါကတော့ မင်းနဲ့သဘောမတူဘူး၊ ရက်ဒ်အင်ဒီးယန်းတွေက မျက်နှာဖြူတွေထက် အကြားအာရုံ ပိုကောင်းတာမဟုတ်ပါဘူး၊ အခု ငါပြမယ်၊ မင်းစောင့်ကြည့်ပါ" ဟု ပြန်ပြောပါသည်။
ရက်ဒ်အင်ဒီးယန်းသည် သူ့အိပ်ကပ်ထဲသို့နှိုက်ပြီး အကြွေစေ့တစ်စေ့ကို ယူလိုက်ပါသည်။ လူသွားစင်္ကြန်ပေါ်သို့ ပစ်ချလိုက်ပါသည်။ အသံလာရာသို့ လူအများ လှည့်ကြည့်ကြပါသည်။ ရက်ဒ်အင်ဒီးယန်းသည် အကြွေစေ့ကို ပြန်ကောက်ယူပြီး သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပါသည်။
"သူငယ်ချင်း.... ဒီအကြွေစေ့ကလေး လူသွားစင်္ကြန်ပေါ် ကျတဲ့အသံဟာ ပုရစ်သံလောက် မကျယ်ဘူးဆိုတာ သူငယ်ချင်းသိပါတယ်။ ပုရစ်အော်သံလောက် မကျယ်တဲ့ အကြွေကျသံကို မျက်နှာဖြူတွေကကြားပြီး လှည့်ကြည့်ပါတယ်နော်။ ဒါပေမယ့် ပုရစ်သံကိုတော့ ငါတစ်ယောက်ကပဲ ကြားပါတယ်။ အဲဒီလိုဖြစ်တာက ရက်ဒ်အင်ဒီးယန်းတွေဟာ မျက်နှာဖြူတွေထက် အကြားအာရုံ ပိုကောင်းလို့ မဟုတ်ပါဘူး။ မဟုတ်ပါဘူး သူငယ်ချင်း။ အကြောင်းရင်းကတော့ တို့တစ်တွေဟာ အာရုံထားပြီး နားထောင်လေ့ရှိတာတွေ၊ အဓိပ္ပါယ်ရှိတာတွေကို ကြားတာပါပဲ သူငယ်ချင်း" ဟု ရက်ဒ်အင်ဒီးယန်းက ရှင်းပြပါသည်။
Thursday, June 03, 2010
အဓိပ္ပါယ်ရှိသော အသံများ
Willi Hoffsuemmer
Posted by Ko Nyan Posted Time 9:22 AM
Labels စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment