Wednesday, June 09, 2010

သမိုင်းပညာ၏ လုပ်ထုံးလုပ်နည်း၊ စည်း၊ ဘောင်အချို့


  1. သမိုင်းတစ်ခုကို သုတေသနပြုစုရေးသားလျှင် ဆိုင်ရာပြည်တွင်း ခေတ်ပြိုင်ကျောက်စာ အစရှိသော မှတ်တမ်းများသာမက ခေတ်ပြိုင်ပြည်ပမှတ်တမ်းများ၊ ပြည်ပအထောက်အထား များကိုလည်း ရနိုင်သမျှ ရှာဖွေစူးစမ်း လေ့လာကြည့်ရှုရပါမည်။
  2. တစ်ဆင့်ကြားစကား တစ်ဆင့်ကြားမှတ်စု မှတ်တမ်းမျိုးတို့မှာ စိတ်မချရ၍ အားကိုးသုံးစွဲခြင်း မပြုရပါ။
  3. ခေတ်ပြိုင်ကျောက်စာပစ္စည်းစာရင်း မှတ်တမ်းမျိုးများ၊ ခေတ်ပြိုင်ပြည်ပ မှတ်တမ်းများတွင်ပါရှိသော အထောက်အထားတို့ကို ခေတ်ပြိုင်ရာစုနှစ် အချိန်ကာလ ကိုက်ညီမှန်ကန်စွာ ဖော်ပြဆက်စပ်ပြောဆိုရပါမည်။ (ခုနှစ် အချိန် မကိုက်မညီ လွဲမှားစွာ ချိတ်ဆက်ယူခြင်း မဖြစ်ရပါ)
  4. ယင်းမှတ်တမ်းတို့ပါ သက်ဆိုင်ရာ လူမျိုးနှင့်နိုင်ငံသမိုင်း အထောက်အထားများကို ပေါ့ဆကျန်ရစ်ခြင်း၊ တမင်မဖော်ပြလို၍ ချန်လှပ်ခြင်းမျိုးများမရှိဘဲ အပြည့်အစုံ မချွင်းမချန် ဖော်ပြရပါမည်။
  5. ရေးသားဖော်ပြချက်များနှင့်ပတ်သက်၍ သုတေသနစာတမ်း တစ်စောင်နှင့်တစ်စောင် ရှေ့နောက်မညီခြင်း၊ သုတေသနစာတမ်း တစ်စောင်တည်းအတွင်း ရေးသားဖော်ပြချက်များ ရှေ့နောက်မညီခြင်းမျိုး မဖြစ်ရပါ။
  6. ရေးသားပြောဆိုသော အချက်တို့အတွက် ဆိုင်ရာခေတ်၏ အထောက်အထားများ ပါရပါမည်။ (အထောက်အထားမဲ့ မှန်းဆရော်ရမ်း ပြောဆိုခြင်းမျိုးသည် မှန်းဆချက်အဆင့် (conjecture) သာဖြစ်၍ သမိုင်းမှန်အချက် (သမိုင်းသီအိုရီ) အဆင့်သို့ ရောက်မလာပါ။ ထိုသို့သော မှန်းဆချက်၊ မှန်းခြေယူ ပြောဆိုချက်များကို ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အုပ်စုစွဲ၊ ဂိုဏ်းစွဲ၊ လူမျိုးစွဲရှိသူမျိုးတို့သာ လက်ခံမည်ဖြစ်ပြီး ပညာရှင် (ပီသသူ)တို့ လက်ခံသဘောတူခြင်း မရှိပါ။
  7. နောက်ခေတ်တွင် ထပ်မံတွေ့ရှိရသော အထောက်အထားများအရ ရှေ့ခေတ်မှ သမိုင်းအယူအဆ သမိုင်းကောက်ချက်တို့ မှားယွင်းကြောင်းတွေ့ရလျှင် မှားယွင်းကြောင်းတွေ့ရသော ကနဦးသမိုင်း အယူအဆ၊ သမိုင်းကောက်ချက်တို့ကို ပယ်ပြီး သမိုင်းမှန်ဖြစ်အောင် အသစ်ပြန်ပြင်ရေးရပါသည်။
  8. အထောက်အထား မခိုင်လုံပါဘဲ စိတ်ကူးယဉ် လိုရာဆွဲရေးသားပြောဆို ကောက်ချက်ချခြင်းမျိုးမှာ မပြုသင့်သော အပြုအမူမျိုး ဖြစ်ပါသည်။

No comments:

Post a Comment

 
Web Statistics