အခြေအနေက တွန်းပို့လိုက်တဲ့အတွက် အိမ်ထဲကအိမ်ပြင် မထွက်နိုင်တဲ့ မသန်မစွမ်းဘ၀မှာ မျှော်မှန်းမထားတဲ့ ကျောင်းဆရာ ဖြစ်သွားခဲ့ဖူးတယ်။ မူလက ၀ါသနာမပါပေမယ့် လုပ်ရင်းနဲ့ ပျော်မွေ့သွားပြီး နှစ်ပေါင်းနှစ်ဆယ်ကျော် အစိတ်နီးပါး လုပ်ဖြစ်သွားတယ်။ ကျန်းမာရေးက ဘယ်လိုမှ စာမသင်နိုင်တော့လို့ နားလိုက်ရပေမယ့် ကျောင်းဆရာဘ၀ကို ဒီနေ့ထိ လွမ်းနေရသေးတယ်။
ပခုံးငှားရတဲ့ ဆရာဘဝ
ကျောင်းဆရာဆိုတာ စာသင်ရုံပဲလို့ အစက ထင်ထားတာ။ ကိုယ်တိုင်လုပ်တော့မှ တာဝန်တွေ များလှပါလားဆိုတာ သိရတယ်။ ကျောင်းဆရာအလုပ်လောက် ဘယ်အလုပ်မှ ဒါလောက်တာဝန်တွေ များလိမ့်မယ်မထင်ဘူး။ ကျောင်းသားတွေကို စာသင်ပေးရုံ သွန်သင်ဆုံးမရုံသာမက အတိုင်ပင်ခံ (Consultant)လည်း လုပ်ရတယ်။ သူတို့ တိုင်တည်သမျှ စိတ်ရှည်လက်ရှည် နားထောင်ပေးရတယ်။ ပြီးတော့ (Counselor) အကြံပေးလည်း လုပ်ရတယ်။ သူတို့ ဘ၀ရှေ့ရေးနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အတွက် သင့်ရာသင့်ရာ လမ်းညွှန်ပေးရတယ်။ တစ်ခါတလေကျတော့လည်း အကြောင်းကြောင်းကြောင့် သူတို့ အားရပါးရ ငိုချလိုက်ချင်တဲ့ အခါမျိုးမှာ သူတို့ခေါင်းမှီဖို့ ပခုံးငှားပေးရသေးတယ်။ အတွေ့အကြုံများလာတော့ သိပ်ငိုချင်နေတဲ့သူကို မငိုဖို့ အားပေးနှစ်သိမ့် စကားတွေ ပြောမယ့်အစား ပါးစပ်ပိတ်ထားပြီး ပခုံးငှားပေးလိုက်တာ အကောင်းဆုံးသော နှစ်သိမ့်နည်း ဖြစ်တယ်ဆိုတာ သိလာခဲ့ရတယ်။
လူဆိုတာ ငိုချင်ပါသလား
အရွယ်ရောက်ပြီးသား သူတွေကို သင်ရတာ ဖြစ်လေတော့ မူလတန်းကလေးတွေလို ငိုတာယိုတာမျိုးတော့ ရှိလိမ့်မယ်လို့ ဘယ်ထင်ထားမလဲ။ ဒါပေမယ့် တကယ်လက်တွေ့ ကြုံတွေ့ရတဲ့ အခါကျတော့မှ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူဆိုတာ ငိုချင်တတ်ကြပါလားဆိုတာ သိခဲ့ရတယ်။ ကိုယ့်ကျောင်းသူ ကျောင်းသားတွေသာ မဟုတ်ဘူး။ ကျောင်းသားမိဘတွေ ထဲကတောင် သားကိစ္စ၊ သမီးကိစ္စ လာရောက်တိုင်တည်ရင်းနဲ့ ယောက်ျားရင့်ကြီး ကိုယ်တိုင်ငိုတာ မျက်ရည်ကျတာမျိုး တစ်ခါတစ်ရံ ကြုံခဲ့ရတယ်။ ဘယ်မိဘမဆို သားသမီးနဲ့ ပတ်သက်လာရင် မျက်ရည်လွယ်တတ်ကြပါလားဆိုတဲ့ ဗဟုသုတလည်း ကောင်းကောင်းရခဲ့တယ်။ ဆရာဆိုတာ သူများတွေကို သင်ကြားပေးရင်းနဲ့ ကိုယ်လည်း ယူတတ်မယ်ဆိုရင် ပညာတွေ ထားစရာနေရာ မရှိအောင်ကို အများကြီး ရနိုင်တာ ဖြစ်တယ်။ ဒါကြောင့်လည်း ဆရာအလုပ်မှာ ပျော်မွေ့သွားတာ ထင်ပါရဲ့။
အကြိုက်မတူ စရိုက်မတူတာတွေ
ဆရာဘ၀မှာ အများဆုံး ကြုံတွေ့ခဲ့ရတဲ့ ပြဿနာကတော့ မိဘနဲ့ သားသမီးကြားက ပြဿနာတွေပဲ ဖြစ်တယ်။ အမြင် မတူတာတွေ အသွင် မတူတာတွေ၊ အကြိုက် မတူတာတွေ၊ စရိုက် မတူတာတွေ၊ မိဘက ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက်ချင်တာနဲ့ သားသမီးက အထိန်းအချုပ် အောက်ကထွက်ပြီး သူ့လည်း လူတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ချင်တာ စတဲ့ ပြဿနာမျိုးတွေပါ။ မိသားစုတိုင်း ကြုံတွေ့ဖြတ်သန်း ခဲ့ဖူးတာတွေမို့ ထူးဆန်းလှတယ်တော့ မဟုတ်ပါဘူး။ ဖြတ်ကျော်လွန်မြောက် သွားတော့လည်း ဘာမှ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ရင်ဆိုင်နေရတဲ့ အချိန်မှာတော့ စိတ်ညစ်စရာ အဖြစ်မျိုးတွေချည်းပါပဲ။ တချို့များ နေ့စဉ် ပူညံဆူညံ ဖြစ်နေရတတ်ပါတယ်။ ဥပမာ အိမ်မှာ သီချင်းနားထောင်တာမျိုး ဆိုပါတော့။ သားသမီးက မြူးကြွသွက်လက်တဲ့ ဟစ်ဟော့လို သီချင်းတွေ နားထောင်တော့ အဖေတွေ အမေတွေက ဆူလွန်း ညံလွန်းလို့ဆိုပြီး ပိတ်ခိုင်းတယ်။ အဖေ အမေတွေက တက္ကသိုလ်ကျောင်းက ငွေလမင်းတို့၊ ချစ်ရေစင်တို့၊ နတ်ရှင်နောင်တို့ ဖွင့်တော့ သားသမီးတွေက အိပ်ငိုက်လို့ စာကျက်မရဘူးဆိုပြီး ကန့်ကွက်ကြတယ်။
သီရိဂေဟာနဲ့ ဖီလာဆန့်ကျင်
ဒါက အသေးအဖွဲ နမူနာလေးသာ ဖြစ်တယ်။ တစ်နေ့တစ်နေ့ ဒါမျိုးတွေက မိုးလင်းကမိုးချုပ်ထိ တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေကြတာ ဖြစ်လေတော့ အိမ်ဆိုတာ စိတ်ညစ်စရာ နေရာကြီးပါလားဆိုတဲ့ ခံစားချက်တွေ လူကြီးတွေရော၊ လူငယ်တွေပါ ပေါ်ပေါက်လာကြရတော့တယ်။ သီရီဂေဟာတို့ Home Sweet Home တို့ ဆိုတာတွေနဲ့တော့ ဖီလာဆန့်ကျင်ပေါ့။ ဆရာဘ၀ တစ်လျှောက်လုံး ဒီပြဿနာမျိုးတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ ဖြေရှင်းခဲ့ရလေတော့ မိဘနဲ့သားသမီး နှစ်ဖက်စလုံးက ပြောကြတဲ့ အကြောင်းပြချက်တွေ အားလုံးလောက်ကို အလွတ်ရသလောက် ရှိနေခဲ့ပါတယ်။ အဓိကကျတာကတော့ မိဘများရဲ့အမြင်မှာ ဒီခေတ်လူငယ်တွေ ရိုင်းလာတယ်။ ဂါရ၀တရား မရှိဘူး။ လူကြီးမိဘ စကားကို နာခံရကောင်းမှန်း မသိဘူး။ ဟုတ်တာတွေကို မကြိုက်ဘူး။ မဟုတ်တာမှန်သမျှ အကုန်ကြိုက်တယ်။ သီချင်းပဲ ကြည့်ပါလား သူတို့ ကြိုက်တာတွေက တေးဂီတ မဟုတ်တဲ့ ဆူညံသံတွေပဲ မဟုတ်လား စတဲ့ အကြောင်းတွေပဲ ဖြစ်တယ်။
နေရာတကာ ချုပ်ချယ်လွန်းတယ်
လူငယ် သားသမီးတွေဘက်ကတော့ လူကြီးမိဘတွေဟာ နေရာတကာ ချုပ်ချယ်လွန်းတယ်။ လူငယ်တွေကို လွတ်လပ်ခွင့် မပေးဘူး ဘာကိစ္စမဆို သူတို့ရဲ့ ခေတ်ဟောင်း ခေတ်ဆွေး အမြင်တွေနဲ့ပဲ ကြည့်ပြီး ပြောကြတယ်။ လူချင်းတူပေမယ့် စရိုက်ချင်း မတူနိုင်၊ အကြိုက်ချင်း မတူနိုင်တာမျိုးတွေ ရှိတယ်ဆိုတာကို အသိအမှတ် မပြုချင်ဘူး။ ငါ မိဘပဲ ဆိုပြီး နေရာတကာ တစ်ဖက်သတ် ဆုံးဖြတ်ကြတယ်။ စသဖြင့် ပြောလေ့ရှိကြတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ကျောင်းသူကျောင်းသားတွေ ဒီစကားမျိုးတွေ ပြောခဲ့ကြသလို ခု ၂၀၁၀ ခုနှစ် ကျောင်းသူကျောင်းသားတွေလည်း ဒီစကားမျိုးတွေပဲ ပြောနေကြပါတယ်။ ၁၉၈၀ ခုနှစ်များ အတွင်းက မိဘတွေနဲ့ ဒီခေတ် မိဘတွေရဲ့ စကားသံတွေလည်း အတူတူပါပဲ။ ဘာမှ တယ်ပြီး မထူးခြားလှပါဘူး။
သူများနေရာကနေကြည့်ပါ
အတိုင်နဲ့ အဖောက်တွေဘက်က ဘာမှ ကွာခြားမှု မရှိလေတော့ ကြားက ပုဏ္ဏားတိုင် လုပ်သူရဲ့ ဖြေပုံဖြေနည်းကလည်း ကွာခြားစရာ အကြောင်းမရှိပါဘူး။ "သူများ ဖိနပ်ကို စွပ်ပြီး စဉ်းစားပါ" ဆိုတဲ့ သိုးဆောင်းစကားကို လက်သုံးထားပြီး ပြောလိုက်ရုံပါပဲ။ မိဘနဲ့ သားသမီးပဲ ဖြစ်ဖြစ်၊ တစိမ်းတွေ ကြားမှာဖြစ်ဖြစ်၊ ပြဿနာတစ်ခု ဖြစ်လာရတဲ့အခါမှာ ဘယ်သူမဆို ကိုယ့်ဘက်က ကြည့်လို့မြင်တဲ့ အမြင်နဲ့ပဲ ပြောလေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သူ့နေရာမှာထားပြီး ကြည့်လေ့မရှိကြဘူး။ မိဘတွေက သားသမီးများကို ကြည့်တဲ့အခါမှာ ကိုယ့်လက်ရှိ အသက်အရွယ်ကနေပြီးပဲ ကြည့်ကြတာ ဖြစ်တယ်။ ကိုယ်ကိုယ်တိုင် သူတို့ သားသမီးတွေ အရွယ်တုန်းက ဘာတွေ ကြိုက်ခဲ့ပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားဖို့ သတိမရကြပါဘူး။ ကိုယ်ငယ်ငယ်တုန်းကလည်း "အရူး ချီးပန်း ဂီတ" ကို လူကြီးတွေ ရှုတ်ချခဲ့တဲ့ ရော့ခ်အင်ရိုး ကြိုက်ခဲ့၊ "လမ်းသရဲ အက" လို့ ခေါ်ခဲ့ကြတဲ့ "ဖင်လိန်ကွင်း" အက ကြိုက်ခဲ့တာကို မေ့ထားပြီး သားသမီး ဟစ်ဟော့ကြိုက်တာကို တားဆီးပိတ်ပင် ချင်တာကတော့ ဘယ်တရားမှာလဲ။
အသံပြာအော်ဟစ်ခဲ့တာတွေ
ကိုယ်ငယ်စဉ်အခါက မိန်းကလေးဆောင်တွေရှေ့ ညတိုင်းသွားပြီး မယ်ဒလင်နဲ့ ဘင်ဂျိုနဲ့ အသံပြာအောင် အော်ဟစ်ခဲ့တာတွေကို မေ့ထားပြီး ကိုယ့်သားသမီးက လမ်းထိပ်မှာထိုင်ပြီး ဂစ်တာတီးတာကိုပဲ ပျက်စီးတာလို့ ပြောရင်တော့ ဘယ်တရားမှာလဲ။ ဟုတ်တယ်နော်။ နဖူးပေါ် လက်တင်ပြီး သေသေချာချာ စဉ်းစားလိုက်ရင် သဘောတူနိုင်မှာပါ။ ကိုယ်ငယ်ငယ် မူလတန်း ကျောင်းစတက်ရတဲ့ အချိန်တုန်းက ကျောင်းလိုက်ပို့တဲ့ အမေပြန်သွားတာနဲ့ အတန်းထဲမှာ ရှိုက်ကြီးတငင် ငိုနေခဲ့တာ မဟုတ်လား။ အဲဒီ အရွယ်တုန်းကတော့ ဘယ်သွားသွား အမေပါမှ ထမင်းစားလည်း အမေ ခွံကျွေးမှနဲ့ တစ်မေထဲ မေခဲ့ကြတာပဲလေ။ ဟော ၁၀ နှစ် ၁၁ နှစ် အရွယ်လည်းရောက်ရော အမေက ကျောင်းလာကြိုရင် မျက်နှာစူပုပ်ပြီး မကြိုက်ချင်တော့ဘူး။ ၁၂ နှစ် ၁၃ နှစ်လည်းရောက်ရော အမေ လာကြိုရင် "ဘာလို့ လာကြိုတာလဲ" လို့ ဆောင့်ကြီးအောင့်ကြီးနဲ့ ဆီးပြောတော့တာ မဟုတ်လား။ အဲဒီ လူ့စရိုက် လူ့သဘာဝတွေကို ကလေးတွေက နားမလည်သေးပေမယ့် မိဘတွေကတော့ သဘောပေါက် နားလည်သင့်ကြပါတယ်။
မီးဖိုကြီးနားမှာ ဒီအတိုင်း ကြည့်နေမလား
သားသမီးတွေ ဘက်ကလည်း အမြဲတမ်းမဟုတ်တောင် တစ်ခါတရံတော့ မိဘတွေရဲ့ ဖိနပ်ကိုစွပ်ပြီး ကြည့်သင့်တယ်။ အဲဒီလိုမှ မကြည့်ချင်ရင်လည်း ကိုယ့်အောက်က ညီငယ် နှမငယ်လေးတွေ မီးပုံကြီးဘေးမှာ ပြေးလွှားခုန်ပေါက် ဆော့ကစားနေတာ မြင်တွေ့ရရင် ကိုယ်ဘာလုပ်မလဲလို့ စဉ်းစားကြည့်စေချင်တယ်။ မီးလောင်ဖူးမှ ပူတဲ့ဝေဒနာသိပြီး နောင် ရှောင်ကြဉ်လိမ့်မယ်ဆိုပြီး ဒီအတိုင်း ကြည့်နေလိုက်မလား။ ဒါမှမဟုတ် ကိုယ့်ညီလေး နှမလေး မီးပူလောင်တာ မခံရအောင်ဆိုပြီး တားတာဆီးတာ လုပ်မလား။ စိတ်ဓာတ်ပုံမှန်ရှိတဲ့ အစ်ကိုမှန်ရင် ဒီအတိုင်းတော့ လွှတ်ထားလိုက်မှာ မဟုတ်ပါဘူး။ ဟန့်တားမှာ သေချာပါတယ်။ မိဘတွေရဲ့ တားဆီးပိတ်ပင်မှုဆိုတာ အဲဒီသဘောပါလားလို့ သေသေချာချာ စဉ်းစားလိုက်ရင် သဘောပေါက်သွားမှာပါ။
မျိုးဆက်ကွာဟမှုဆိုတဲ့ ဆင်ခြေ
မိဘများရဲ့ ဟန့်တားမှုတိုင်းကို မတရားချုပ်ချယ်မှုလို့ တစ်ဖက်သတ် မရှုမြင်သင့်ဘူး။ ဟန့်တားမှုရဲ့နောက်မှာ မေတ္တာတရားက ပေါ်ထွက်လာတဲ့ စိုးရိမ်ပူပန်မှု ရှိသလား မရှိဘူးလားလို့ စဉ်းစားကြည့်သင့်တယ်။ နောက်ပြီးတော့ ဒီခေတ်လူငယ်တွေ အကျိုးသင့်အကြောင်းသင့် သဘာဝကျကျ ပြန်လည်ချေပတာမျိုး မလုပ်နိုင်တော့တဲ့အခါမှာ ပြောမြဲ လက်သုံးစကားအတိုင်း "မျိုးဆက် ကွာဟမှု" (Generation Gap) ဆိုတဲ့ စကားလုံးကြီးနဲ့ ကိုင်ပေါက်ပြီး ယုတ္တိမဲ့ဆင်ခြေ မပေးစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ လူကြီးတိုင်းဟာ ခေတ်ဟောင်းခေတ်ဆွေးကြီးထဲမှာ ကျန်နေရစ်တာ မဟုတ်သလို လူငယ်တိုင်းလည်း ခေတ်မီအတွေးအခေါ် အယူအဆတွေ ရှိနေကြတာ မဟုတ်လို့ပဲ။
ကျောက်ခေတ်ခေါင်းတပ်တဲ့ ခေတ်လူငယ်
ကွန်ပျူတာ အင်တာနက်ခေတ်မှာ ခေတ်မီပညာရပ်တွေကို ဆည်းပူချင်တဲ့ ဆန္ဒရှိသူတိုင်း၊ စာသင်ခန်းထဲ ကိုယ်တိုင်မသွားဘဲနဲ့ အိမ်မှာနေရင်း လေ့လာသင်ယူလို့ ရနေတာကြောင့် ခန္ဓာကိုယ်က အိုမင်းနေပေမယ့် အတွေးအခေါ်တွေက သစ်လွင်နုပျိုနေတဲ့ ပို့စ်မော်ဒန် အဖိုးအိုတွေ အများကြီး တွေ့ဖူးပါတယ်။ တစ်ချိန်တည်းမှာပဲ အသက်အရွယ် ပျိုမျစ်နုနယ်ပေမယ့် အတွေးအခေါ်မှာ ကျောက်ခေတ်လူသားတွေလို နေဘုရား၊ လဘုရား၊ မြေနတ်၊ ရေနတ်၊ လေနတ်စတဲ့ နတ်ဘုရားမျိုးစုံကို ယုံကြည်ကိုးကွယ်နေတဲ့ လူငယ်တွေလည်း အများကြီး ရှိပါတယ်။ ဒီလူငယ်တွေဟာ ခန္ဓာကိုယ်ကြီးကသာ နုပျိုသစ်လွင်နေတာ၊ ဦးခေါင်းကတော့ ကျောက်ခေတ်လူသားရဲ့ ဦးခေါင်းကြီး တပ်ထားသလိုပါပဲ။
လေ့လာမှုရပ်ရင် တိုးတက်မှုရပ်
အတွေးအခေါ် ခေတ်မီတာ မမီတာ၊ မှန်တာ မမှန်တာဟာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ လေ့လာသင်ယူမှု အပေါ်မှာပဲ တည်ပါတယ်။ ခေတ်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေသူဟာ ဘယ်တော့မှ ခေတ်နောက်ကျန် မနေရစ်ဘူး။ လူဟာ ကြီးသည်ငယ်သည်မဟူ လေ့လာဆည်းပူမှု ရပ်ပစ်လိုက်တာနဲ့ တိုးတက်မှု ရပ်သွားတာဖြစ်တယ်။ လူများစုက ကျောင်းသင်ပညာရေး ပြီးဆုံးသွားတာနဲ့ သင်ယူမှုလည်း ရပ်သွားကြပြီး ရှိတာလေးနဲ့ပဲ တစ်သက်လုံး လုပ်စားသွားကြတာ ဖြစ်တယ်။ ဒီလို လူမျိုးတွေရဲ့ အတွေးအခေါ်ဟာ ဘယ်ခေတ်မီမှာလဲ။ ခေတ်ကိုမမီ၊ ခေတ်ကိုမသိရင် သူ့အမြင် သူ့အဆုံးအဖြတ်တွေကရော ဘယ်လိုလုပ်ပြီး မှန်နိုင်တော့မှာလဲ။
ခေတ်ကို ခါးစောင်းတင်နိုင်
လူကြီးတွေကလည်း ငါလူကြီးပဲဆိုပြီး လူငယ်တွေကို အမြဲတမ်း ငုံ့ကြည့်တာမျိုး မလုပ်သင့်ဘူး။ အသက်ငယ်ပေမယ့် အသိဉာဏ် ဗဟုသုတများပြီး ကြွယ်ဝနေတဲ့ "နက်တီဇင်" ခေတ်လူငယ်တွေ အများကြီး ရှိပါတယ်။ လူငယ်တွေဘက်ကလည်း အသက်အရွယ်အရသာ လူကြီးဖြစ်နေပေမယ့် နက်တီဇင်ခေတ်ကို ခါးစောင်းတင်နိုင်တဲ့ ပို့စ်မော်ဒန် အဖိုးကြီးတွေ အများကြီး ရှိနေတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ အရေးကြီးတာက မျိုးဆက်ကွာဟမှု မဟုတ်ဘူး။ လူတိုင်းလူတိုင်း ကိုယ်ရောက်နေတဲ့ နေရာကနေ တစ်ဖက်သတ် ကြည့်ရှုသုံးသပ် မလုပ်ဘဲ သူများနေရာသွားပြီး သူများဖိနပ် စီးကြည့်တတ်ဖို့သာ ဖြစ်ကြောင်းပါ။
Wednesday, June 09, 2010
သူ့နေရာသွားပြီး သူ့ဖိနပ်စီးကြည့်ပါ - လူထုစိန်ဝင်း
Posted by Ko Nyan Posted Time 9:43 AM
Labels ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment