Wednesday, June 09, 2010

နယူးယောက်မှ ကိုလံဘတ်စ်သို့မထွက်မီ ရွေးကောက်ပွဲတရား - မောင်စူးစမ်း


mgsusanmyanmarthway.jpg
နှင်းမုန်တိုင်း
နယူးယောက်ရောက်သည့်နေ့၌ နှင်းမုန်တိုင်းကျသည်။ သားနှင့်သမီးတို့က စာရေးသူ၏ မြေးဖြစ်သူ သင်တန်းဆင်းပွဲတက်ရောက်ရန် ဖိတ်ခေါ်သဖြင့် စာရေးသူနှင့်ဇနီး ရောက်သွားခြင်းဖြစ်လေရာ ရောက်သည်နှင့် နယူးယောက်ရှိ မြန်မာမိတ်ဆွေများ လာရောက်နှုတ်ဆက်ကြသည်။ အများဆုံးမေးကြသော မေးခွန်းမှာ မြန်မာ့ရွေးကောက်ပွဲအကြောင်းဖြစ်၍ စာရေးသူက ရွေးကောက်ပွဲကို ကြိုဆိုအပ်ကြောင်း ရှင်းပြရသည်။ မြန်မာ့နိုင်ငံရေးသည် ပါရာဒိုင်းအသစ်သို့ ရွှေ့ပြောင်းတော့မည်ဖြစ်ကြောင်း အစိုးရက လွှတ်တော်နိုင်ငံရေးသို့ အရွှေ့အပြောင်းသည် ပါရာဒိုင်းအသစ်ပင်ဖြစ်၍ ဒီမိုကရေစီ၏ ကျောရိုးဖြစ်သော လွှတ်တော်နိုင်ငံရေးနှင့် ယေဘုယျအားဖြင့် အညီအညွတ်ဖြစ်ကြောင်း ရှင်းပြသည်။ ရွေးကောက်ပွဲမရှိတာထက် ရွေးကောက်ပွဲရှိတာ ကောင်းကြောင်းကိုလည်း ပြောရပေသည်။

ရွေးကောက်ပွဲကိုကြည့်ရာ၌ စပွန်ဆာ၏ စေတနာကို ထည့်မတွက်နိုင်သည့်တိုင်အောင် ရွေးကောက်ပွဲ၏ ရလဒ်ကိုမူ ထည့်တွက်ရမည်ဖြစ်ကြောင်း ရှင်းပြပြီး ရလဒ်အခြေခံ ချဉ်းကပ်မှုကို ပြောပြရာ လွှတ်တော်နိုင်ငံရေး (Parliamentary Politic) သည် ရွေးကောက်ပွဲမှ ပေါ်ထွန်းမည့် ရလဒ်ဖြစ်၍ ပါရာဒိုင်းအသစ် ဖြစ်မည်။ ပြည်ပရောက်နေသူ၌ အလွယ်မှတ်ယူထားသော ကောက်ချက် Simplistic Preconceived Notion ရှိသည်။ ယင်းမှာ အစိုးရသည် ရွေးကောက်ပွဲကိုအသုံးပြု၍ အာဏာရှင်စနစ် တည်မြဲရန် ကြိုးပမ်းသည်ဟူသော အယူအဆဖြစ်သည်။ ဤအယူအဆကို ပြန်လည်သုံးသပ်ရန်လိုကြောင်း ရှင်းပြချိန်၌ နှင်းတွေက တဖွဲဖွဲကျနေသည်။

အကောင်းဆုံးကာလ
ဖေဖော်ဝါရီ ၂၈ ရက်နေ့၌ မိသားစုတစ်ခုလုံး နယူးယောက်မှ ဂျော်ဂျီယာပြည်နယ်မြို့တော် အတ္တလန္တာကိုဖြတ်၍ ကိုလံဘတ်(စ်)မြို့သို့ ကားဖြင့်ခရီးထွက်ကြသည်။ လမ်း၌ သုံးည ဟိုတယ်၌အိပ်ပြီး ကိုလံဘတ်(စ်)မြို့သို့ ရောက်သွားရာလမ်း၌ အတ္တလန္တာမြို့ကိုဖြတ်ရာ စီအင်န်အင်န်ရုပ်မြင်သံကြားသို့ ခေတ္တခဏ ၀င်ကြည့်သည်။ ကိုလံဘတ်(စ်)မြို့ရှိ မြေးတက်နေသော သင်တန်းဆင်းပွဲသို့ အမီရောက်ရှိရန် ခရီးဆက်ခဲ့သည်။ ကိုလံဘတ်(စ်)မြို့ ဟိုတယ်တစ်ခု၌ မိသားစု တည်းခိုကြသည်။

လူတို့တွင် အကောင်းဆုံးကာလ The best moment တစ်ခုခု ကြုံတွေ့ရတတ်သည်။ ရှင်ပြချိန်၊ စာမေးပွဲအောင်ချိန်၊ အိမ်ထောင်ပြုချိန်၊ အမွေရချိန်၊ ထီပေါက်ချိန် စသည်ဖြင့် မျိုးစုံရှိတတ်ပေရာ ယခုလည်း စာရေးသူအဖို့ မြေးသင်တန်းဆင်းပွဲကို ဖိတ်ခေါ်ခံရ၍ မြေးအား သင်တန်း၏သင်္ကေတအား သူ၏ပခုံးထက်၌ တပ်ဆင်ပေးရသောကာလသည် အကောင်းဆုံးကာလ ဖြစ်သည်ဟု ခံစားမိသည်။ မြန်မာရှေးရိုးစကားအရ သေပျော်ပြီဟု ပြောနိုင်သည့်ကာလ ဖြစ်သည်။

သင်တန်းဆင်းပွဲအပြီး၌ မြေးသည် ၀ါရှင်တန်ပြည်နယ်သို့ တာဝန်ကျရာ အတ္တလန္တာမြို့သို့ မိသားစုနှင့် အတူလိုက်လာသည်။ အတ္တလန္တာလေဆိပ်သို့ မြေးအားပို့ပြီးနောက် အတ္တလန္တာမြို့ထဲ လျှောက်လည်သည်။ မြေးသည် ပစိဖိတ်အနောက်မြောက် ဆီအာတဲလ်သို့ ငါးနာရီလောက် လေယာဉ်ပျံစီးသွားရသည်။ သူရောက်ကြောင်း ဖုန်းဆက်စဉ်၌ စာရေးသူတို့မိသားစု လမ်း၌ပင် ရှိသေးသည်။

No comments:

Post a Comment

 
Web Statistics