Wednesday, June 09, 2010

World Trade Organization (WTO), Xenophobia, Yuppie


ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး World Trade Organization (WTO)
မျက်မှောက်ခေတ်တွင် အရေးပါသော ကုန်သွယ်ရေးအဖွဲ့ကြီးဖြစ်သည်။ ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သော သွင်းကုန်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘောတူစာချုပ် (General Agreement on Tariffs and Trade - GATT) အဖွဲ့၏ ကမကထပြုမှုဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၁၉၉၅ တွင် ဥရုဂွေးအကျော့ ဆွေးနွေးပွဲမှ သဘောတူဆုံးဖြတ်ကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၁၅၀ ကျော် WTO အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။ ဇန်န၀ါရီ ၂၀၀၇ အထိ WTO တွင် လေ့လာသူအဆင့် ၃၁ နိုင်ငံ ရှိသည်။ WTO ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာ ကုန်သွယ်ရေးတွင် အဖွဲ့ဝင်နိုင်ငံ အချင်းချင်းသည် အခွင့်အရေး အများဆုံးအပေးခံရသောနိုင်ငံ (Most Favoured Nation - MFN) အဆင့်ဖြင့် အပြန်အလှန် အခွင့်အရေးပေးခြင်း ဖြစ်သည်။ ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားပေးခြင်း၊ အကောက်ခွန် လျှော့ကောက်ခြင်း၊ သွင်းကုန်ကန့်သတ်မှုများ လျှော့ချခြင်း စသည့် အကျိုးတူ ဆောင်ရွက်ချက်များ ရှိသည်။

နိုင်ငံခြားကြောက်ရောဂါ Xenophobia
နိုင်ငံခြားသားများ၊ သူစိတ်တစ်ရံဆံများကို ကြောက်ရွံ့ရာက မုန်းတီးဆန့်ကျင်သည်အထိ အစွဲဖြစ်ပေါ်သွားခြင်းကို နိုင်ငံခြားကြောက်ရောဂါဟု ဆိုသည်။ ယင်းသည် ကိုယ့်နိုင်ငံမှ ကိုယ့်နိုင်ငံဟူသော လူမျိုးကြီးဝါဒ ပြင်သစ်လို (Chauvinism) နှင့် အင်္ဂလိပ်လို Jingoism နှင့် မတူချေ။ လူမျိုးကြီးဝါဒမှာ တစ်ယူသန်မျိုးချစ်စိတ်ကို အခြေခံ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များနှင့် နိုင်ငံခြားသားများအပေါ် အဆိုးမြင်ပုံချင်း တူသော်လည်း Chauvinism နှင့် Jingoism က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အခြားသူများထက် မြင့်မြတ်သည်၊ သာလွန်သည်ဟု စွဲလမ်းကာ နိုင်ငံခြားကို ဆန့်ကျင်ခြင်း ဖြစ်သည်။ နိုင်ငံခြားကြောက်ရောဂါကမူ သိမ်ငယ်စိတ်ကို အခြေခံသည်။ အချို့ကမူ နိုင်ငံခြားသားများ ရွှေ့ပြောင်းလုပ်သားအဖြစ် ၀င်ရောက်လာပြီး သူတို့နိုင်ငံတွင် အခြေချနေထိုင်ခြင်းကြောင့် သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးမည်ကို စိုးရိမ်ရာမှ နိုင်ငံခြားကြောက်ရောဂါ ဖြစ်ပေါ်ကြသည်။

ယစ်ပီ Yuppie
စာပိုဒ်တစ်ခုပါ အစစာလုံးများဖြင့် ဝေါဟာရပြုထားခြင်း ဖြစ်သည်။ "Young, Upwardly-mobile, Professional" ဟူသော စကားရပ်မှ ထိပ်စီးစာလုံးများကို တွဲစပ်ထားခြင်း ဖြစ်သည်။ "ငယ်ရွယ်၊ အတက်ဘက်ဦးတည်ရွေ့လျား၊ ပညာဖြင့် လုပ်ကိုင်စားသောက်နိုင်" ဟူသော အဓိပ္ပါယ်ဖြစ်သည်။ ၁၉၈၀ နှစ်များက ပေါ်ထွန်းလာပြီး လူတွင်ကျယ်ဖြစ်လာသည့် လူမှုအုပ်စုများကို ရည်ညွှန်းသော စကားလုံးဖြစ်သည်။ အမေရိကန် သတင်းစာဆရာများက တီထွင်သုံးနှုန်းခြင်းဖြစ်သည်။ ဖွင့်ဆိုချက်တစ်ခုတွင် u ကို urban ဟူ၍လည်း ထပ်ဖြည့်ဖော်ပြသည်။ "မြို့ပြတွင်နေထိုင်" ဟူ၍ ဖြစ်သည်။ "ငယ်ရွယ်၊ မြို့ပြတွင်နေထိုင်၊ အတက်ဘက်ဦးတည်ရွေ့လျား၊ ပညာဖြင့် လုပ်ကိုင်စားသောက်နိုင်" သော လူငယ်ပိုင်းတို့သည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာရေးတို့တွင် ဦးဆောင်နေကြသည်ဟု ဆိုလိုသည်။ နောက်ထပ် အလားတူ စကားလုံးတစ်ခုမှာ "Dinks" (Dual Income, No Kids) ဟူ၍ ဖြစ်သည်။ "လင်မယားနှစ်ယောက်စလုံး ၀င်ငွေရှိ၊ သားသမီးမရှိ" သည့် အိမ်ထောင်သည်များသည်လည်းကောင်း၊ သားသမီးများ ကြီးပြင်းသွား၍ သားသမီးများ၏ တာဝန်ကို ယူစရာမလိုတော့သည့် ၀င်ငွေရှိ သက်လတ်ပိုင်း ဇနီးမောင်နှံများသည်လည်းကောင်း နိုင်ငံရေး၊ စီးပွားရေးတို့တွင် ပါဝင်အကျိုးပြုနိုင်ကြသည်။ ထိုသို့သော ယစ်ပီများ တိုးပွားခြင်းသည် တိုင်းပြည်ကောင်းကျိုးကို ဖြစ်စေသည်ဟု ဆိုသည်။

No comments:

Post a Comment

 
Web Statistics