Tuesday, June 08, 2010

နိုင်ငံရေးသမားဋီကာ - မောင်ဝံသ


mgwuntha.png
နိုင်ငံရေးသမား (Politician) နဲ့ နိုင်ငံပြုခေါင်းဆောင် (Statesman) ကို ခွဲခြားရှင်းပြတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဖတ်ရှုလေ့လာကြပြီး နိုင်ငံရေးသမားတွေကို ကိုယ်ကျိုးရှာသမားတွေလို့ ထင်မြင်ယူဆသူတွေ အတော်များနေတယ်ဗျ။

နိုင်ငံရေးဆောင်ရွက်သူကို အားလုံးလွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) လို့ပဲ ခေါ်ဆိုပါတယ်။ နိုင်ငံရေးသမားတွေဟာလည်း ပုထုဇဉ်တွေပဲဖြစ်လို့ လောဘ၊ ဒေါသ၊ မာန်မာနများ ရှိကြစမြဲ ဖြစ်ပါတယ်။ အနည်းအများတော့ ကွာခြားကြမှာပေါ့။ အဲဒီအပေါ် မူတည်ပြီး နိုင်ငံရေးသမားဆိုး၊ နိုင်ငံရေးသမားကောင်းရယ်လို့ ကွဲပြားလာကြတယ်။ ဆိုးတယ်ကောင်းတယ်ဆိုတာကို သူတို့နဲ့ ဆက်ဆံနေရတဲ့ လူထုက အကဲဖြတ်သတ်မှတ်ကြတာပါ။

ကောင်းကျိုးဆိုးကျိုး ဘယ်ဟာ လုပ်သလဲ
အစိုးရ အရာရှိတစ်ယောက်ဟာ သူ့အလုပ်တာဝနကို ကျေပွန်စွာထမ်းဆောင်ရင် အရာရှိကောင်းတစ်ယောက်လို့ ပြောနိုင်တယ်။ သူနဲ့ ဆက်ဆံရတဲ့ ပြည်သူတွေကို အကျပ်ကိုင် ပညာပြပြီး လာဘ်လာဘရအောင်လုပ်ရင် အရာရှိဆိုးလို့ ပြောကြတယ်။ နိုင်ငံရေးသမားလည်း ထိုနည်း၎င်းပါပဲ။ ပြည်သူလူထုကို အလုပ်အကျွေးပြုရင် နိုင်ငံရေးသမားကောင်း၊ ပြည်သူလူထုကို အာဏာအလွဲသုံးပြီး ပြန်လည်နှိပ်စက်နေရင် နိုင်ငံရေးသမားဆိုးပါပဲ။ အရာရာကို ပြည်သူလူထုကောင်းကျိုး လုပ်သလား၊ ဆိုးကျိုးလုပ်သလားဆိုတာနဲ့ပဲ တိုင်းတာရပါမယ်။

ပီတိကိုပဲစားရမယ်
အစိုးရ၀န်ထမ်းနဲ့ နိုင်ငံရေးသမား ကွာခြားတာက အစိုးရ၀န်ထမ်းဟာ သူ့ပညာနဲ့ ကျွမ်းကျင်မှုအားလျော်စွာ လစာငွေကြေး ရရှိတယ်။ နိုင်ငံရေးသမားက လစာငွေကြေး မရဘူး။ စေတနာ့ဝန်ထမ်း အလုပ်ဖြစ်တယ်။ သူ့ကို နိုင်ငံရေးလုပ်ရမယ်လို့ ဘယ်သူကမှ ခိုင်းတာမဟုတ်ပါ။ သဘောတရားအရပြောရင် မိမိဆန္ဒအလျောက် အများအကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် ထက်သန်လွန်းလို့ နိုင်ငံရေးလုပ်ကြတာ ဖြစ်တယ်။ နိုင်ငံရေးလုပ်ခြင်းဟာ မိမိကိုယ်မိမိ တာဝန်အပ်နှင်းပြီး လုပ်တဲ့မစ်ရှင် (mission) အလုပ်ဖြစ်တယ်။ ကုသိုလ်ဖြစ် အလုပ်ဖြစ်တယ်။ ဘာသာရေးစကားလုံးနဲ့ပြောရင် သာသနာပြုအလုပ်မျိုး ဖြစ်တယ်။ ဒါဖြင့် နိုင်ငံရေးသမားဟာ နိုင်ငံရေးလုပ်လို့ ဘာရသလဲ၊ ဘာမှ မရပါဘူး။ သူ ဘာစားမလဲ။ ပီတိကိုပဲ စားရပါမယ်။ သူပါဝင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးလုပ်ငန်းကြီးတစ်ခု အောင်မြင်သွားတာကို ကြည့်ပြီး တစိမ့်စိမ့် ပီတိဖြစ်နေမယ်။ အဲဒါ အရသာပဲပေါ့။ သူပါဝင် စွမ်းဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ မော်ကွန်းတင်ခံရရင်လည်း ပီတိဖြစ်ရတာပဲ။ ရင်ဘတ်မှာ ဖဲကြိုးဝါလေး ချိတ်ဆွဲပေးတာ ခံရရင်ပဲ ပင်ပန်းနွမ်းနယ်ခဲ့သမျှ အနစ်နာခံခဲ့ရသမျှတွေ အားလုံး ပြေပျောက်သွားတော့တာပေါ့။

တပည့်တွေကို ကြည့်ရ ဆရာတွေကို ကျေးဇူးဆပ်ရ
နိုင်ငံရေးသမားတွေထဲမှာ ၀န်ကြီး၊ ၀န်ကလေး၊ အမတ် စသည်ဖြင့် နိုင်ငံရေးရာထူးဌာနန္တရ အသီးသီးရရှိသူတွေကတော့ လစာငွေကြေးတင်မက လုပ်ပိုင်ခွင့် အခွင့်အရေးတွေပါ ရကြတယ်။ လုပ်ပိုင်ခွင့်အာဏာကနေ ငွေကြေးတွေ ဒလဟော ၀င်လာတယ်။ အဲ့ဒီ့အခါ သူ့ကို အဲ့ဒီ့လိုနေရာမျိုးရောက်အောင် ပခုံးနဲ့ထမ်းပြီး တွန်းတင်ပေးခဲ့တဲ့ တပည့်တပန်းတွေကို ပြန်လည်ကြည့်ရှုရတယ်။ တစ်ချိန်တည်းမှာ သူ့ကို လာဘ်ရွှင်တဲ့ နေရာကောင်းပေးထားတဲ့ အထက်ဆရာများကိုလည်း ကျေးဇူးတုံ့ပြန်ရတယ်။ သည်လိုနဲ့ပဲ ရ,ထားတဲ့ လုပ်ပိုင်ခွင့်အာဏာလေးကို လက်မလွှတ်ချင်တော့ဘူး။ အာဏာဆက်မြဲဖို့ နည်းလမ်းမျိုးစုံ ကျင့်သုံးတော့တယ်။ ဘယ်လောက်ဖြူစင်တဲ့ နိုင်ငံရေးသမားဖြစ်ပါစေ၊ အာဏာမှာ ယစ်မူးသွားတတ်တယ်။

"နေရာ" ခံယူချက်မတူ
နိုင်ငံရေးသမားတွေထဲမှာပဲ ရင့်ကျက်မှုရှိပြီး အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ကို Statesman လို့ ခေါ်ဝေါ်သုံးနှုန်းတယ်။ Statesman ဟာ နိုင်ငံရေးသမားပါပဲ။ သို့ပေမယ့် Politician နိုင်ငံရေးသမားက အုပ်ချုပ်ရေးလုပ်ငန်းတွေကို တာဝန်ယူလို့ရတယ်။ သူ့ရဲ့ အဓိက ရည်မှန်းချက်က ရွေးကောက်တင်မြှောက်ခံရဖို့ ဖြစ်တယ်။ လူသားရေးရာတွေဟာ သူ့အတွက် အရေးမကြီးဘူး။ ရာထူးနေရာရှိမှ သူ့သြဇာအာဏာကို လူတွေက လိုက်နာကြမယ်လို့ သိထားတယ်။ တိုင်းပြည်ကောင်းကျိုး လုပ်ဆောင်နိုင်ဖို့ ပထမဆုံး "နေရာ" ရအောင် လုပ်ရမယ်လို့ ခံယူထားတယ်။ Statesman နိုင်ငံရေးသမားက လူသားရေးရာကို ပိုစိတ်ဝင်စားတယ်။ သူ့အတွက် "နေရာ" ဟာ အရေးမကြီးဘူး။ လူအများ ကောင်းကျိုးကို ဘယ်နေရာက လုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ လူတွေကို ကူညီနိုင်သမျှ ကူညီတယ်။

Statesman နဲ့ Politician ကို ခွဲခြားပြောပြတဲ့ နာမည်ကျော် အဆိုအမိန့်တချို့ရှိတယ်။

"နိုင်ငံရေးသမားဟာ လာမယ့်ရွေးကောက်ပွဲကိစ္စကို စဉ်းစားတယ်။ နိုင်ငံပြုခေါင်းဆောင်က လာမယ့်မျိုးဆက်အတွက် စဉ်းစားတယ်"
("A Politician thinks of the next election. A Statesman, thinks of the next generation." James Freeman Clarke) ဆိုတဲ့ ဖွင့်ဆိုချက်ဟာ ပေါ်ပြူလာအဖြစ်ဆုံးပဲ။ အဲဒီအဆိုအတိုင်းဆိုရင် နိုင်ငံရေးသမားဟာ မျက်တောင်မွေးတစ်ဆုံးပဲ ကြည့်တတ်သူလို့ ယူဆရမလို ဖြစ်နေတော့တာပေါ့။

statesmanpolitician.png

ဂျိမ်းဖရီးမန်းကလပ် (၁၈၁၀-၁၈၈၈)ဟာ အမေရိကန် နိုင်ငံရေးသမား၊ တရားဟောဆရာ၊ စာရေးဆရာတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ အထက်ပါ အဆိုအမိန့်က ခုနောက်ပိုင်းမှာ လူအတော်များများရဲ့ ကိုးကားစရာ ဖြစ်လာတယ်။ တကယ်ကတော့ သမ္မတကြီး အေဘရာဟမ်လင်ကွန်းက အလားတူ ပြောပြီးသားပါ။

"နိုင်ငံပြုခေါင်းဆောင်ဟာ အနာဂတ် မျိုးဆက်များအတွက် စဉ်းစားတယ်။ နိုင်ငံရေးသမားကတော့ လာတော့မယ့် ရွေးကောက်ပွဲတွေအတွက် စဉ်းစားတယ်"
A Statesman is he who thinks in the future generations, and a politician is he who thinks in the upcoming elections.
(Abraham Lincoln)

လင်ကွန်းစကားက သိပ်ပေါ်ပြူလာမဖြစ်ဘဲ အထက်က ဂျမ်းကလပ်ရဲ့စကားကို လူပြောများနေကြတာ ဖြစ်တယ်။

"နိုင်ငံရေးသမားတစ်ယောက်အဖို့ ၀ါရင့်နိုင်ငံပြုခေါင်းဆောင် အမြန်ဆုံး ဖြစ်လာစေတဲ့နည်းကတော့ ရွေးကောက်ပွဲမှာ ရှုံးဖူးခြင်းပါပဲ"
The fastest way for a politician to become an elder statesman is to lose an election.
(Earl Wilson)

သူ့နိုင်ငံရေးကို ခင်ဗျား လက်မခံနိုင်သူကို နိုင်ငံရေးသမားလို့ခေါ်တယ်။ အကယ်၍ ခင်ဗျားဟာ သူ့နိုင်ငံရေးကို လက်ခံတယ်ဆိုရင် အဲ့ဒါ နိုင်ငံပြုခေါင်းဆောင်ပဲ။
A Politician is a Person whit whose politics you don't agree; if you agree with him he's statesman.
(David Lioyd George)

နိုင်ငံပြုခေါင်းဆောင်အစစ်ဆိုတာ စွန့်ရဲသူကို ခေါ်တယ်။
The true statesman is the one who willing to take risks.
(Charles de Gaulle)

ပြည်သူ့မေတ္တာရောင်ပြန်
အထက်ဖော်ပြပါ အဆိုအမိန့် စာကိုးများအရ Politician နိုင်ငံရေးသမားဆိုတာ နိုင်ငံတကာမှာလည်း လူအများရဲ့ ကိုးစားယုံကြည်ခြင်းကို သိပ်မရရှိဘူးလို့ ဆိုနိုင်ပါတယ်။ တကယ်ကတော့ statesman နိုင်ငံပြုခေါင်းဆောင်အဆင့်ကို လူတိုင်းရောက်ဖို့ မလွယ်ပါဘူး။ မည်သို့ရှိစေ၊ အသက်ရှင်နေကြသခိုက် တတ်နိုင်သမျှ အများကောင်းကျိုးကို ရွက်ဆောင်သယ်ပိုး သွားကြရင်ဖြင့် နိုင်ငံရေးသမားများအပေါ် ပြည်သူ့မေတ္တာ ရောင်ပြန်ဟပ်လာမှာပါလို့ ပြောချင်ကြောင်းပါဗျာ။

No comments:

Post a Comment

 
Web Statistics