Tuesday, June 08, 2010

အချုပ်အခြာအာဏာပိုင်မှု၏ တန်ဖိုး - ဒဂုန်တာရာ


dagontayar.jpg
နိုင်ငံတော်ဆိုသည်ကား မြေကြီးနှင့် မြေကြီးပေါ်တွင် နေထိုင်သော လူသားတို့၏ တန်ဖိုးကို ဖော်ပြခဲ့ပြီးပြီ။ မြေကြီးရှိသော်လည်း လူသားမရှိလျှင် နိုင်ငံတော်တည်ထောင်၍ မရ။ မြေကြီး (၀ါ) နယ်မြေ ရှိသည်။ နယ်မြေပေါ်တွင် မှီတင်းနေထိုင်သော ပြည်သူဟူသော လူသားလည်းရှိသည်။ နိုင်ငံတော်ဖြစ်ပြီလော။ လွတ်လပ်သောနိုင်ငံတော်ဟု ဖြစ်ပေါ်မှသာလျှင် နိုင်ငံတော်ဟု ဆိုရပေမည်။

ကိုလိုနီခေတ်က မြေကြီးလည်းရှိသည်။ ပြည်သူလူထုလည်း ရှိသည်။ သို့သော် ပြည်သူတို့ကို ပြည်သူတို့က အုပ်စိုးခြင်းမရှိဘဲ တိုင်းတစ်ပါးနယ်ချဲ့တို့က အုပ်စိုးသဖြင့် နိုင်ငံတော်မရှိဟူ၍ နားလည်သိရှိသည်။ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတို့ကသာလျှင် ဆောင်ရွက်ကြရသည်။

လူသားတို့ကသာလျှင် ယဉ်ကျေးမှုကို တည်ဆောက်ဖန်တီးကြရသည်။ သို့မှသာလျှင် ကမ္ဘာနှင့်ယှဉ်၍ ယဉ်ကျေးသော ပြည်သူတို့၏ နိုင်ငံတော် ဖြစ်လာရပေမည်။ ထို့ကြောင့် နိုင်ငံတော်တည်ရှိသရွေ့ ပြည်သူတို့၏ ဆောင်ရွက်မှုသည် ပို၍ပို၍ အရေးကြီးကြောင်း သိရှိလာရပေပြီ။ လူသားတို့၏ စွမ်းအားမပါရှိဘဲ နိုင်ငံတော်တည်ဆောက်၍ မရနိုင်။ ယခုအခါ ဤသဘောတရားကို ကောင်းစွာ နားလည်ကြသဖြင့် လူသားတို့၏ တန်ဖိုးကို ပို၍ အရေးထားလာသည်။

လူသားတို့ အရင်းအမြစ်ဟူ၍လည်း ခေါ်သည်။ နောက်တစ်နည်း လူသားတို့၏ သယံဇာတဟုလည်း ခေါ်သည်။ ရှေးက သယံဇာတဆိုသည်မှာ ရေမြေတောတောင်၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်းကိုသာ သယံဇာတဟု ခေါ်သည်။ ယခုမူ လူသားကို ထည့်၍တွက်နေကြသည်။

ထို့ကြောင့် လူသားသည် အရေးကြီးသည်ဟု ဆိုရပေမည်။ လူသားတို့၏တန်ဖိုးကို တစ်နည်းအားဖြင့် လူသားတို့၏ အချုပ်အခြာ အာဏာပိုင်မှုကို ဆို၍ရမည်ထင်သည်။ လူသားတို့၏ စွမ်းအားကို အစွမ်းကုန် လွတ်လပ်စွာ ဆောင်ရွက်မှုကို ဆောင်ရွက်ခွင့်ကို လူ့အချုပ်အခြာ အာဏာပိုင်မှုဟု နားလည်သိရှိကြရပေမည်။

လူတို့၏ စွမ်းအားကို အကြမ်းအားဖြင့် (၂)ပိုင်း ခွဲခြားသတ်မှတ်ကြသည်။ ကာယစွမ်းအားနှင့် ဉာဏစွမ်းအားတို့တွင် စွမ်းအားအရ သူ့နေရာနှင့်သူ အရေးကြီးသည်ဟု ဆိုနိုင်သည်။

ပုဂံဘုရား ပုထိုးများကို တည်ဆောက်ရာတွင် ဗိသုကာပညာရှင်များက ပုံစံရေးဆွဲ၍ ပန်းရံအုတ်စီ စသောအင်အားစုတို့က တည်ဆောက်ကြရသည်။ အုတ်စီမပါဘဲ တည်ဆောက်၍မရ၊ ဗိသုကာမပါဘဲ တည်ဆောက်၍ မရ။ ယင်းသို့ စွမ်းအားအလျောက် ပေါင်းစပ်မှသာလျှင် တည်ဆောက်မှုပြီးစီးအောင် ဆောင်ရွက်နိုင်မည်။

ထို့ကြောင့် ယင်းအင်အားစု (၂)ရပ်စလုံးသည် အရေးကြီးသည်ဟု ဆိုနိုင်သည်။ သူ့နေရာနှင့်သူ၊ သူ့အခန်းနှင့်သူ၊ ဗိသုကာပညာရှင်များ၏ ဖန်တီးမှုစွမ်းအား ဆောင်ရွက်မှုသည် အချုပ်အခြာ အာဏာပိုင်မှုသဘော၊ ပြည်သူတို့၏ အချုပ်အခြာ အာဏာပိုင်မှုသဘော။

ယင်းသို့ မိမိတို့၏ စွမ်းအားကို အစွမ်းရှိသလောက် လွတ်လပ်စွာ ဆောင်ရွက်ခြင်းသည်ပင်လျှင် လူတို့၏ အချုပ်အခြာအာဏာပိုင်မှုဟု နားလည်ကြရပေမည်။

အဆင့်အတန်းမြင့်မားသော ယဉ်ကျေးသော နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာတွင်လည်း ယင်းသို့ ပြည်သူတို့၏ အချုပ်အခြာ အာဏာပိုင်မှု (၀ါ) လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုသာလျှင် တည်ဆောက်နိုင်ပေသည်။

ထို့ကြောင့်ပင်လျှင် နိုင်ငံတော်၊ ပြည်သူ၊ အချုပ်အခြာအာဏာပိုင်မှု။

ယင်း (၃)ရပ် ပေါင်းစပ်မှသာလျှင် နိုင်ငံတော်တည်အံ့၊ ခိုင်မာ၊ တိုးတက်ဖွံ့ဖြိုး၊ ငြိမ်းချမ်းသာယာခြင်း မဟုတ်ပေလော။

No comments:

Post a Comment

 
Web Statistics