Monday, June 07, 2010

အလှဆင်နိုင်ကြပါစေ - နန္ဒာမိုးကြယ်


ကမ္ဘာကြီး၏အနေအထားက တစ်နှစ်နှင့်တစ်နှစ် မတူတော့။
အေးမြရမည့်ကာလ၌ ပူနွေးနေသည်။ အချိန်အခါမကျပါဘဲနှင့် အခါမဲ့မိုးတွေက ဆက်တိုက်ရွာသွန်းနေသည်။ မိုးသက်မုန်တိုင်းတွေ ကျသည်။ အချို့အရပ်တွေမှာ ရေကြီးသည်။ အင်အားပြင်းထန်သော ငလျင်များကြောင့် ဆူနာမီဟုခေါ်သည့် ပင်လယ်ရေလှိုင်းကြီးများ ဖြစ်လာပါသည်။ တောမီးတွေ လောင်သည်။ တောင်တွေ ပြိုသည်။ ရေခဲပြင်တွေ အရည်ပျော်ကြသည်။ ဒါတွေက ရာသီဥတုဖောက်ပြန်မှု၏ သရုပ်သကန်တွေ ဖြစ်လေသည်။

ဥတုရာသီဆိုသည် တောကို တည်မှီနေသည်ဟုဆိုလျှင် မမှားချေ။

သဘာဝသစ်တောတွေ ပြုန်းတီးလျှင် ရာသီဥတုတွေ ဖောက်ပြန်ပါလိမ့်မည်။ သဘာဝသစ်တောတွေ ပြုန်းတီးသည် ဆိုရာ၌လည်း ပေါ့ဆမီးကြောင့် တောမီးလောင်၍ ပြုန်းတီးနိုင်သလို၊ သစ်တောများကို အလွန်အကျွံ ခုတ်ထွင်ခြင်းကြောင့်လည်း တောပြုန်းနိုင်ပါသည်။ ထို့အပြင် လောင်စာအတွက် သစ်၊ ၀ါးများကို ထင်းအဖြစ် လွန်မင်းစွာ ခုတ်ထွင်မှုကြောင့်လည်း တောပြောင်နိုင်ပါသည်။ တောင်ကတုံး ဖြစ်နိုင်ပါသည်။ ထိုအခါဝယ် တောကိုမှီတွယ် နေထိုင်ကြရသော ကျေးငှက် သာရကာများ၊ သားရဲတိရစ္ဆာန်များလည်း အတိဒုက္ခ ရောက်ကြရပြန်ပါသည်။

အဓိက လက်သည်တရားခံကား အသိဉာဏ်ကြွယ်ဝလှပါသည်ဆိုသော ကျွန်ုပ်တို့လူသားများပင် ဖြစ်ချေသည်။ လူသားဖြစ်သော မုဆိုးတို့သည် ၀မ်းစာရေး၊ စီးပွားရေးအတွက် သားကောင်တို့ကို အမဲလိုက်သတ်ဖြတ်ကြကုန်၏။ ပျားဖွပ်သားထိုး ပြုကြ၏။ ကျေးငှက်သာရကာတို့ကို ဖမ်းဆီးကြ၏။ သတ်ဖြတ် စားသောက်ကြ၏။ ဒါတင်မက ပင်ယံမြင့်၌ တွယ်ကပ်နေကြသော သစ်ခွတို့ကိုပင် ပြန်လည်ရောင်းချရန်အတွက် အလွတ်မပေး။ သည်တော့လည်း သဘာဝပတ်ဝန်းကျင်သည် ကသောင်းကနင်း ဖြစ်ရလေသည်။

မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်တွေဘက်ကိုရော ခြေဆန့်ကြည့်လေဦးမလား။

ဖမ်းလိုက်ကြသည့် ငါးတွေဆိုသည်မှာ ငါးသန်သေးနုတ်ပင် မကျန်တော့။ ဥနှင့်ငါးကိုလည်း အလွတ်မပေး။ တချို့ငါးမျိုးတွေဆိုလျှင် မျိုးတုံးလုလု။ တချို့ဆိုလျှင် ရေအောက်ထဲ မိုင်းခွဲ၍ပင် ငါးရှာကြသည်။ ထို့အပြင် မြစ်ချောင်းအင်းအိုင် အနီးအပါး၌ နေထိုင်ကြသူအချို့၏ အနေအထိုင် မဆင်ခြင်မှုကြောင့် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်လာခြင်း၊ မြစ်ချောင်းအင်းအိုင်စပ်တွင် အညစ်အကြေးများကို ဆေးကြောခြင်း၊ အ၀တ်အစားများ လျှောဖွပ်ခြင်း၊ အမှိုက်သရိုက်များ စွန့်ပစ်ခြင်း၊ အိမ်သာ ဆောက်လုပ်ခြင်း စသည်တို့ကြောင့် ရေထုတွေ ညစ်ညမ်းရသည်။ ထိုရေကိုပင် သုံးကြ သောက်ကြလေတော့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတို့နှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

ဒါ့အပြင် ပတ်ဝန်းကျင်… လေထု ဆိုသည်ကော….

တိုးတက်ခေတ်မီသော နိုင်ငံကြီးများက နျူကလီးယားလက်နက်တွေ စမ်းသပ်ဖောက်ခွဲကြသည်။ တောမီးကြောင့်လည်းကောင်း၊ စက်ရုံများမှ ထုတ်လွှတ်သော မီးခိုးငွေ့များကြောင့်လည်းကောင်း၊ လောင်စာဆီသုံး၊ ဓာတ်ငွေ့သုံး မော်တော်ယာဉ်များမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကြောင့်လည်းကောင်း လေထုတွေ ညစ်ညမ်းကြကုန်သည်။ လေကိုရှူရှိုက်နေကြရသော လူသားတွေအဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာဆိုးတွေ ခံစားကြရသည်။

သိပ္ပံပညာ၏ တိုးတက်မှုကဏ္ဍတစ်ဖက်၌ လူသားများ၏ မဆင်မခြင် လုပ်ရပ်များကြောင့် ကမ္ဘာကြီးသည် ပျက်စီးယိုယွင်းလာတော့သည်။

အိုဇုန်းလွှာ ပါးလာသည်။ ကမ္ဘာကြီး ပူနွေးလာသည်။ ရာသီဥတုပုံစံ ပြောင်းလဲလာသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်။ ရေခဲပြင်ရှိ ရေခဲတုံးကြီးများ အရည်ပျော်လာကြသည်။ ရေလွှမ်းမိုးလာသည်။ မြေပြိုလာသည်။ မြေငလျင်လှုပ်လာသည်။ မြေဆီလွှာ တိုက်စားလာသည်။ မြေဆီလွှာ ညံ့ဖျင်းလာသည်။ သဲကန္တာရတွေ ဖြစ်ပေါ်လာသည်။ ကောင်းကျိုးဟူ၍ အဘယ်မှာ ရှိပါတော့မည်နည်း။

စင်စစ် နေရောင်ခြည်သည် လူသားနှင့် သစ်ပင်များအတွက် ကျေးဇူးရှင် ဖြစ်လေသည်။ သစ်ပင်တို့သည် နေရောင်ခြည်အား အသုံးပြု၍ အစာချက်ခြင်းဖြင့် ကစီဓာတ်ကို ရရှိကာ အာဟာရ ပြည့်စွမ်း၏။ ဤတွင် ပတ်ဝန်းကျင်ထိန်းသိမ်းမှု ချို့တဲ့သဖြင့် ကမ္ဘာကြီးပူနွေးလာပြီး ကမ္ဘာ့လေထုမှ အိုဇုန်းလွှာ တဖြည်းဖြည်းပါးလာပြီး လူနှင့် သက်ရှိသတ္တ၀ါအပေါင်းအား အန္တရာယ်ပေးမည့် ခရမ်းလွန်ရောင်ခြည်များ အတားအဆီးမရှိ ၀င်ရောက်လာတော့သည်။

လူသားတို့၏ အစာအာဟာရသည် ကောက်ပဲသီးနှံအပါအ၀င် သစ်ပင်တို့ကို တည်မှီနေရ၏။ ထို့အတူ အပင်တို့မှာလည်း မြေဆီလွှာအပေါ် အမှီသဟဲ ပြုနေရပြန်ပါသည်။ ရေကြီးခြင်း၊ ရေလျှံခြင်း၊ အပူဓာတ်ကို မထိန်းချုပ်နိုင်ခြင်းတို့ကြောင့် မြေဆီလွှာတို့သည် တစ်စ၊ တစ်စနှင့် ခန်းခြောက်ကုန်လာကြသည်။ သည့်အတွက် အကောင်းဆုံး ကုစားရန်မှာ အပူအအေးကို မျှတစွာ ထိန်းချုပ်ပေးနိုင်စွမ်းရှိသည့် သစ်တောများကို ပြုစုပျိုးထောင်ဖို့ပဲ ဖြစ်လေသည်။

ဤ၌ အရှေ့တိုင်းစကားပုံလေးတစ်ခုကို အမှတ်ရမိသည်။ စကားပုံက…. "တစ်ညပျော်ချင်လျှင် အရက်သောက်ပါ၊ တစ်လပျော်ချင်ပါက မိန်းမယူပါ၊ တစ်သက်ပျော်ချင်ပါက သစ်ပင်စိုက်ပါ" ဟူ၍ ဖြစ်၏။ သေချာတွေးပါက အဓိပ္ပါယ်ပြည့်ဝ လေးနက်သော စကားပုံဖြစ်ပေသည်။ ရေထု၊ လေထု သန့်ရှင်းစင်ကြယ်ဖို့အရေး၌ မြေထုသည် အဓိက အရေးပါလျက် ရှိသည်။

ကျွန်ုပ်တို့ မှီတင်းနေထိုင်သော သြကာသ လောကကြီး သာယာလှပဖို့၊ ကျွန်ုပ်တို့လူသားအားလုံး ရောဂါကင်းကင်း ကျန်းမာခြင်းဖြင့် သက်ရှည်စွာ နေထိုင်သွားဖို့ရာအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်လှပါသည်။ သတိထားဆင်ခြင် လုပ်ဆောင်ပါက မခက်ခဲလှပါ။ ဂေါတမဘုရားရှင် မပွင့်ထွန်းတော်မူခင်ကပင် သိကြားမင်းဖြစ်လာမည့် မာဃလုလင်သတို့သားသည် သူကိုယ်တိုင် ဦးဆောင်လျက် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းပြုပြင်သည့် သာဓကများ ရှိခဲ့ပါသည်။

ပျက်အစဉ် ပြင်ခဏ ဖြစ်၏။ သတိမူလျှင် မြူတောင်မှ မြင်ရပါသည်။ သို့ဖြစ်လေရာ တစ်ဦးချင်း အသိစိတ်ဓာတ်ကို အခြေတည်လျက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်ဖြင့် လောကကို အလှဆင်သူ ဖြစ်နိုင်ပါကြောင်း တိုက်တွန်းရေးသားလိုက်သည်။


**********
ဟိုတစ်နေ့က ချိုပြုံးအကြောင်းမိတ္တူကို လိုက်ရှာရင်းနဲ့ မိတ္တူတွေတွဲထားတဲ့ ဖိုင်တွဲထဲကနေ တွေ့တဲ့ဆောင်းပါးတစ်ပုဒ်ပါ။ ဘလော့ဂ်မှာ မတင်ပေးဖူးသေးတဲ့အတွက် တင်ပေးလိုက်တာပါ။ လွန်ခဲ့တဲ့ (၃)နှစ်လောက်က ဆောင်းပါးတစ်ပုဒ်ဟာ ဒီနေ့အထိ တွေးစရာတွေ ပေးနေသေးတာ ကျေနပ်စရာပါ။ အတွဲဘယ်လောက်၊ အမှတ်ဘယ်လောက်တွေ ရေးမှတ်မထားမိတဲ့အတွက် မဖော်ပြထားနိုင်တာကို နားလည်ပေးကြပါဦးနော်။ စာဖတ်သူတွေအားလုံးလည်း သဘာဝလောကကြီးကို အလှဆင်နိုင်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း.....။

No comments:

Post a Comment

 
Web Statistics