(၁)
စာတမ်းတစ်ခုအတွက် အသည်းအသန် လုံးပန်းခဲ့ရတာကြောင့် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်အပါအ၀င် တစ်ပတ်လုံးဟာ ဘယ်လိုကုန်သွားမှန်း မသိလိုက်ရဘူး။ တစ်နေကုန် ကွန်ပျူတာရှေ့မှာ စာရိုက်လိုက်၊ ပရပ်ပုံတွေဆွဲလိုက်၊ ပရင့်ထုတ်လိုက်၊ အမှားတွေ့လို့ပြင်လိုက်နဲ့ လုံးချာလည်လိုက်နေတာပဲ။ အခန်းပြန်ရောက်လို့ အိပ်ရာပေါ်ရောက်တာနဲ့ ဘာမှကို မတွေးနိုင်တော့ဘူး။ တစ်ချိုးတည်း ခလောခလူးတော့တာပဲ။ မနက်မိုးလင်းမှပဲ နိုးတယ်။ တစ်ပတ်လုံးကွန်ပျူတာရှေ့မှာ အာရုံစိုက်ပြီး အလုပ်လုပ်ခဲ့ရတာကြောင့် မျက်လုံးတွေ အတော်ဝါးသွားတာ တွေ့ရတယ်။ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုတဲ့အတွက် တော်တော်အီသွားတယ်။ ဒါပေမယ့် မနေ့က အပြီးသတ်စာတမ်းချုပ်ပြီး တင်လိုက်နိုင်တဲ့အချိန်မှာတော့ ကျွန်တော်ရော၊ အတူလုပ်ခဲ့တဲ့ ကျွန်တော့်အစ်ကိုကြီးရော စိတ်လက်ပေါ့ပါးသွားတဲ့အပြင် လုပ်ခဲ့တဲ့အလုပ်အတွက် ကျေနပ်ပီတိဖြစ်ရပြန်တယ်။ အချို့လူတွေ အလုပ်ကို ဘာဖြစ်လို့ အသက်လောက် ချစ်နေရသလဲဆိုတာကို ခပ်ရေးရေးမြင်လိုက်မိတယ်။ တကယ်ပျော်ဖို့ကောင်းတယ်ဗျ။
(၂)
ပြီးခဲ့တဲ့အပတ်က ပိတ်ပင်ခံထားရလို့ မထွက်ခဲ့တဲ့ The VOICE ဂျာနယ် ဒီအပတ် ပြန်ထွက်တယ်။ သူ့အကြောင်းနဲ့သူမို့ ပိတ်တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မဖတ်လိုက်ရတဲ့ တစ်ပတ်အတွက်တော့ နှမြောမိတာ အမှန်ပဲ။ VOICE ဂျာနယ်မှာ ပါတဲ့စာတွေအတွက် အငြင်းပွားကြတာ၊ အမြင်မတူကြတာတွေ အတော်များပါတယ်။ တချို့ဆိုရင် အစိုးရဘက်ကို လိုက်ရေးတယ်လို့တောင် ဆိုကြသူတွေရှိတယ်။ အခုလို တစ်ပတ်အပိတ်ခံလိုက်ရတော့ အဲဒီလူတွေဆီက ဘာသံမှ မကြားရပါလားလို့ တွေးမိတယ်။ အရင်တစ်ပတ်က မထွက်ဖြစ်ခဲ့တဲ့ ဂျာနယ်ထဲက အယ်ဒီတာ့အာဘော်ကို ဒီအပတ် အယ်ဒီတာ့အာဘော်နဲ့တွဲပြီး နှစ်ခုလုံး ဖတ်ရမယ်လို့ ထင်ထားခဲ့တာ။ တစ်ခုပဲဖတ်ရတယ်။ စိတ်မကောင်းဘူး။ အပတ်စဉ် ကျွန်တော်အရင်ဆုံး ဖတ်ဖြစ်တာက အယ်ဒီတာ့အာဘော်ပါ။ ပုံမှန်ဝယ်ဖတ်နေတဲ့အထဲမှာ ရှားရှားပါးပါး ကျွန်တော်ကြိုက်တဲ့ အယ်ဒီတာ့အာဘော်ဆိုလို့ အတွေးအမြင်ရယ်၊ VOICE ရယ်ပဲ ရှိပါတယ်။
(၃)
အမေရိကန်က ပြန်ရောက်တာကြာနေပြီဖြစ်ပေမယ့် ဆရာမောင်စူးစမ်းတစ်ယောက် စာတွေမရေးဘဲ နေနိုင်လွန်းတာကို အံ့သြလို့ မဆုံးနိုင်ဘူး။ ကျွန်တော့်အဘိုးသာဆိုရင် စာတွေရေးတော့လေ၊ များများရေးလေလို့ တိုက်တွန်းမိမှာ အသေအချာပါပဲ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ဟိုးအရင်တုန်းက ပညာရှိများဟာ အများကပန်ကြားရင်၊ တောင်းဆိုရင်ပေါ့လေ၊ စာပေတွေကို ပြုစုကြရတယ်တဲ့။ အခုလည်း ရေးပါတော့လို့ ပြောနေကြပေမယ့် ဆရာမောင်စူးစမ်း ငြိမ်ချက်သားကောင်းနေတာကို အားမလိုအားမရ ဖြစ်ကြရတယ်။ ဟော... အခုတော့ အဲဒီဆန္ဒတွေအားလုံး ပြည့်သွားပါပြီ။ ဒီအပတ်ထုတ် The VOICE ဂျာနယ်ထဲမှာ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါး [ကျမ်းထဲမပါ နိုင်ငံရေးအတွဲအစပ်] ဖတ်ရတယ်။ ကြိုဆိုလျက်ပါ ဆရာ။ ဒီပို့စ်ရေးပြီးလို့ အချိန်မီသေးရင် တင်ပေးပါ့မယ်။ မမီတော့ရင်လည်း နက်ဖြန်ခါပေါ့။ အသေအချာပါ။
(၄)
မိုးရွာတာကို သဘောကျပါတယ်။ ဒါပေမယ့် မီးပျက်တာကို သဘောမကျဘူး။ ခက်တာက မိုးသံကြားတာနဲ့ ချက်ချင်းမီးပျက် သွားတတ်တာပါပဲ။ အဲဒီစနစ်ကို အတော်လေးကို သဘောကျတယ်။ လျှပ်စီးတစ်ချက်လက်၊ မိုးခြိမ်းသံတစ်ချက် ကြားလိုက်တာနဲ့ ဖျတ်ခနဲ မီးပျက်သွားတယ်။ ကောင်းလိုက်တဲ့ စနစ်ကွာ၊ ဘယ်လိုများ ပရိုဂရမ်ရေးထားလဲမသိဘူးလို့ သူငယ်ချင်းတွေနဲ့ မကြာခဏ ပြောဖြစ်တယ်။ ဒါပေမယ့် အဲဒီပရိုဂရမ်က မပြည့်စုံဘူးဗျ။ မိုးသံကြားတုန်းကတော့ ချက်ချင်းမီးဖြတ်ပစ်တယ်။ မိုးတိတ်သွားလို့ မြေကြီးပေါ်တင်နေတဲ့ရေတွေသာ ခမ်းသွားတယ်၊ မီးကပြန်မလာဘူး။ အဲဒီပရိုဂရမ်ရေးတဲ့လူကို မေတ္တာပို့နေမိတယ်။ အတော်နောက်တဲ့လူ။ :(
(၅)
မန္တလေးအက်ဖ်အမ်နားထောင်ရင်းနဲ့ အခုတလော လွှင့်နေတဲ့ ကြော်ငြာတစ်ခုကို သတိထားမိနေတယ်။ အဲဒီကြော်ငြာအောင်မြင်တယ်လို့ ပြောရမှာပေါ့နော်။ ကျွန်တော်သတိထားမိတာကတော့ သူတို့အတွက် အကျိုးရှိမယ်မထင်ပါဘူး။ အရက်ကြော်ငြာဖြစ်နေတာကိုး။ ဘာကြောင့်သတိထားမိသလဲဆိုရင် သူ့ရဲ့ကြော်ငြာသီချင်းက ငါးမိနစ်နီးပါး ကြာတာကိုး။ အဆိုတော်အသံကို ကျွန်တော်မသဲကွဲဘူး။ Rဇာနည်အသံလို့ ထင်တာပဲ။ ကြားကာစရက်တွေတုန်းက သီချင်းတစ်ပုဒ်ပဲ ထင်နေတာ။ အမှုမဲ့အမှတ်မဲ့ပဲ။ ဒါပေမယ့် Gxxxx Rxxxx (ကျွန်တော်က ထပ်ကြော်ငြာပေးနေသလို ဖြစ်မှာစိုးလို့ စာလုံးအပြည့်အစုံ မရေးပြတော့ဘူး။ လူတိုင်းနီးနီးသိကြမှာပါ) ဆိုတဲ့ စကားလုံးကို ကြားလိုက်ရချိန်မှာတော့ သီချင်းမဟုတ်ဘူးဟလို့ သိရတယ်။ တစ်ဆက်တည်း အရက်ကြော်ငြာကို အဲဒီလို တခမ်းတနား ကြော်ငြာတာကိုလည်း ဘယ်လိုနားလည်ရမှန်း မသိဘူး။ အက်ဖ်အမ်ကနေ ပညာပေးတွေလွှင့်တယ်၊ ကျန်းမာရေးအစီအစဉ်တွေပါတယ်၊ ကလေးတွေအတွက် ဘာသာရေးတွေ လွှင့်ပေးတယ်၊ ဓမ္မပဒ ကောက်နုတ်ချက်တွေ ဖတ်ပြတယ်၊ ဟော... နောက်ဆုံးကျတော့ အရက်ကြော်ငြာကြီးက အခန့်သားအော်နေပြန်ရော။ ကျွန်တော့်အမြင်သက်သက်ပါ။ အပြစ်ပြောတာလည်း မဟုတ်ပါဘူး။ စီးပွားရေးတွေဘာတွေကိုလည်း သေသေချာချာ နားမလည်ပါဘူး။ တစ်ဆက်တည်း အဲဒီအရက်ကုမ္ပဏီက ဘာကိစ္စ ရေသန့်ထုတ်ရသလဲဆိုတာကို ခပ်ရေးရေး သဘောပေါက်လိုက်မိတယ်။ သူတို့ဦးနှောက်တွေကိုတောင် ရွှေချပေးချင်သွားမိတယ်။ အဲဒါကြောင့်လည်း ဒီလူတွေ ချမ်းသာနေကြတာ။ တော်လိုက်ကြတာ။
(၆)
ထက်ထက်မိုးဦးကိစ္စနဲ့ပတ်သက်ပြီး စာနယ်ဇင်းအဖွဲ့က ကြေညာချက်နှစ်စောင် ထုတ်ပြန်ခဲ့တာကို တွေ့ရတယ်။ ပထမတစ်ခုက ထက်ထက်မိုးဦးကို ရှုတ်ချတဲ့ဟာ။ နောက်တစ်ခုက သတင်းထောက်အတွက်စာ။ အခုထပ်ပြီး ထက်ထက်မိုးဦးကို ရန်ကင်းမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃/၅၀၆ ပထမပိုင်းအရ အရေးယူလိုက်တယ်လို့ ဖတ်ရတယ်။ လောလောဆယ် ဘာမှ မပြောလိုသေးဘူး။ ရေးတော့ရေးဦးမယ်။
ဒီမျှနဲ့ နားဦးမည်။ နောင်များမှ ဆက်ဦးမည်။
ိကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်၊ စနေနေ့။
ည ၁၀ နာရီ ၄၇ မိနစ်တွင်ပြီး၏။
No comments:
Post a Comment