မြန်မာနိုင်ငံ၏နိုင်ငံရေးသည် အပြောင်းအလဲတစ်ခုဆီသို့ ကူးပြောင်းရန် အခြေအနေအချို့ ဖြစ်ပေါ်နေသော်လည်း ပြည်သူအချို့၏ ယေဘုယျတုံ့ပြန်မှုမှာ မျှော်လင့်ချက်မရှိပါဘူးဆိုသော သဘောတရားသာ ဖြစ်ပေသည်။ သို့သော် ထိုသို့သော မှတ်ချက်ပေးသူများကိုကြည့်လျှင် နိုင်ငံတွင် ဖြစ်ပေါ်သင့်သည့် အပြောင်းအလဲများပေါ်တွင် သာမန်ထက်ပိုသော စိတ်ဝင်စားမှုလည်းမရှိ၊ တစ်စုံတစ်ရာ ထည့်ဝင်လုပ်ကိုင်ပေးရန်လည်း အစီအစဉ် မရှိသောကြောင့် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူးဟု အလွယ်တကူ ပြောကြားသောမှတ်ချက် ဖြစ်သည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း ထိုသို့ယူဆလိုက်ခြင်းသည် တစ်စုံတစ်ရာ ထည့်ဝင်လုပ်ကိုင်ရန် အစီအစဉ်မရှိသည့် မိမိကိုယ်မိမိ အကာအကွယ်ယူ (Justify) လုပ်လိုက်သည့်သဘောလည်း ဖြစ်ပေသည်။
သေချာသည်မှာ ပြည်သူလူထု ညီညွတ်ခဲ့လျှင် မည်သည့်အတိုင်းအတာအထိ ခရီးပေါက်နိုင်သည်၊ ထိုသို့ ခရီးပေါက်ရန် ပြည်သူလူထု တစ်ဦးချင်းထံတွင် မည်သို့သော လုပ်ဆောင်ဖွယ်ရာများ ရှိနေသည်ကို သဘောမပေါက် စိတ်မ၀င်စားသူများသည် အလွယ်တကူပင် မျှော်လင့်ချက်မဲ့သယောင် ပြောဆိုခြင်းဖြင့် မိမိ၏ပျက်ကွက်မှုကို အကာအကွယ်ယူကြခြင်း ဖြစ်သည်ဟူသော အချက်ဖြစ်ပါသည်။
ပြည်သူလူထု၏ မဲပြားများသည် တစ်ခဲနက် တစ်သံတည်းထွက်ခဲ့လျှင် နိုင်ငံ၏အပြောင်းအလဲကို အသေအချာ ဆောင်ကြဉ်းနိုင်မည်မှာ သေချာပါသည်။ သို့သော် ထိုအပြောင်းအလဲဆိုသည်မှာ ဒီမိုကရေစီကို ဆိုလိုခြင်း မဟုတ်ပါ။ Institutions ဟု ခေါ်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ အဖွဲ့အစည်းများတည်ထောင်၍ လူအုပ်ချုပ်သောစနစ်မှ မူအုပ်ချုပ်သောစနစ်ကို ကူးပြောင်းခြင်း၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးထူထောင်ခြင်း စသည့်အုတ်မြစ်များ တည်ဆောက်နိုင်မည့် အခြေအနေ ဖြစ်ပေါ်လာခြင်းမျှသာ မျှော်မှန်းနိုင်ပါလိမ့်ဦးမည်။ ထိုသို့သော အခြေအနေများ ဖန်တီးခြင်းသည် ဒီမိုကရေစီစနစ်၏ ရေခံမြေခံများ တည်ဆောက်ခြင်းဖြစ်သည်ဟု လက်ခံနားလည်နိုင်ပါလျှင် ယနေ့ပင် ပြည်သူလူထုအတွက် မျှော်လင့်ချက်များရှိနေပြီး လုပ်ဆောင်ဖွယ်ရာများလည်း ရှိနေပါသည်။
မျှော်လင့်ချက်မရှိဟုယူဆသူ ပြည်သူလူထု အစိတ်အပိုင်းများအား ပညာရှိသတိဖြစ်ခဲ မဖြစ်စေရန် အကြံပြုလိုသည်မှာ ထိုသို့ အလွယ်တကူ မှတ်ချက်ပြုခြင်း၏ နောက်ကွယ် မသိစိတ်၌ မည်သို့သော သဘောထားများ ရှိနေသည်ကို ပ်ြနလည်ဆန်းစစ်ကြည့်ရေး ဖြစ်ပါသည်။ ဤနိုင်ငံ၏ အပြောင်းအလဲများကို ဆောင်ကြဉ်းရန်အလို့ငှာ မည်သည့်စောင်မခြင်းမျှ ပြုလုပ်ရန် စိတ်ကူးမရှိခဲ့ပါက "ဘာမှဖြစ်လာမှာမဟုတ်" ဆိုသော သုံးသပ်ချက်သည် မိမိကို များစွာ သက်သောင့်သက်သာ ဖြစ်စေသည့် သုံးသပ်ချက်ဖြစ်သည်။ (ဘာမှဖြစ်လာမည် မဟုတ်သောကြောင့် ဘာမှလည်း လုပ်ပေးစရာမလိုဆိုသော သဘောဖြစ်ပေသည်။) ထိုသို့သော လူအဖွဲ့အစည်း၏ အစိတ်အပိုင်းများကို နိုင်ငံရေးသိပ္ပံနယ်ပယ်တွင် Free Rider ဟု သုံးနှုန်းပါသည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် တစ်စုံတစ်ဦးက ဆောင်ကြဉ်းလာမည့် ဒီမိုကရေစီကို စောင့်စားနေသူများ လိုအပ်သည်ထက် များပြားခဲ့လျှင် ထိုလူ့အဖွဲ့အစည်း မဖွံ့ဖြိုးနိုင်ပါ။ ပြည်သူလူထုအနေဖြင့် စောင့်စားခြင်းသက်သက်ဖြစ်သော အင်တာနက်ကြည့်ခြင်း၊ ရေဒီယိုနားထောင်ခြင်းထက်ပို၍ ဥပဒေဘောင်အတွင်းဖြစ်သော တစ်စုံတစ်ရာကို ပြုလုပ်မည်ဟု စိတ်ကူးရှိကြပါလျှင် ၂၀၁၁ တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် အရွေ့တစ်ခု မြင်ကြရမည်မှာ များစွာသေချာပါကြောင်း ဖော်ပြလိုပါသည်။
ပြည်သူလူထုကြီးအတွက် ယနေ့လိုအပ်သည်မှာ The Voice of Hope ခေါ် မျှော်လင့်ချက်များ ဖြစ်ပေါ်စေမည့် စကားများသာ ဖြစ်သောကြောင့် Opinion Leader များက မဖြစ်နိုင်၊ မရနိုင်ဆိုသော Impossible များကို ပြောကြားမည့်အစား မျှော်လင့်ချက်များ ဖြစ်ပေါ်စေ၍ ပြည်သူလူထု တစ်ခဲနက်ပါဝင်နိုင်စေရန် ခွန်အားများ ဆောင်ကြဉ်းပေးကြပါမည့်အကြောင်း မေတ္တာရပ်ခံလိုက်ပါသည်။
Sunday, June 06, 2010
အပြောင်းအလဲအတွက် လူထုလိုသည်
အယ်ဒီတာ (၂-၆-၂၀၁၀)
Posted by Ko Nyan Posted Time 12:09 PM
Labels Political, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment