စာရေးသူ အမေရိကားရောက်စဉ် စာအုပ်တွေ အတ်ာများများ ၀ယ်လာသည်။ ထိုအထဲ ဟားဗတ်တက္ကသိုလ် စာအုပ်ဆိုင်မှ ၀ယ်လာသော ဒီမိုကရေစီအကြောင်း အကျဉ်းရှင်းပြသော စာအုပ်ငယ်လည်းပါသည်။ ၀က်စ်ပွိုင့်စစ်တက္ကသိုလ် စာအုပ်ဆိုင်မှ ၀ယ်လာသော "ဘုံသိ အများသိ" စာအုပ်ငယ်လည်း ပါရှိသည်။ စာရေးသူနှင့် ဇနီးတို့သည် အတ္တလန္တာမြို့ရှိ စီအင်အင်ဌာနချုပ်သို့လည်း ရောက်သည်။ နယူးယောက်ရှိ သမီးအိမ်၌နေစဉ် အမေရိကန်ရုပ်မြင်သံကြား အစုံကိုလည်း ဖွင့်ကြည့်နေမိသည်။
ထိုသို့ဖွင့်ကြည့်စဉ် ထိုင်းနိုင်ငံရေး အကျပ်အတည်းအကြောင်းကို မျက်ဝါးထင်ထင် တွေ့ရသည်။ စာရေးသူဝယ်ထားသော ဒီမိုကရေစီစာအုပ်တို့သည် သီအိုရီတွေများသည်။ ယခုထိုင်းနိုင်ငံရေးက ဒီမိုကရေစီ၏ လက်တွေ့ပြဿနာ အသစ်အဆန်းတို့ ဖြစ်နေသည်။ ပြဋ္ဌာန်းစာအုပ်တွေထဲ မပါသော ဒီမိုကရေစီပြဿနာ ဖြစ်သည်။ ကိုယ့်ဉာဏ်ပညာနှင့် သုံးသပ်ကြည့်ရသည်။
ပါလီမန်နိုင်ငံရေး
ဒီမိုကရေစီတွင် ပါလီမန်နိုင်ငံရေးသည် အခရာကျသည်။ သော့ချက်ကျသည်။ ပြဿနာအရပ်ရပ်၊ အကျပ်အတည်းအရပ်ရပ်ကို ပါလီမန်(လွှတ်တော်)၌ ဖြေရှင်းညှိနှိုင်းရမည်။ လွှတ်တော်သည် ပြဿနာဖြေရှင်းရန် တစ်ခုတည်းသော ဖိုရမ်ဖြစ်သည်။ ဤကား ဖြစ်ထိုက်သောအရာ ဖြစ်သော်လည်း လုံလောက်ပုံမရပေ။
သို့ဖြင့် လမ်းပေါ်ထွက်ဆန္ဒပြသော (လမ်းပေါ်နိုင်ငံရေး-Street Politics) ပေါ်လာသည်။ ထိုင်းတွင် နိုင်ငံရေးပါတီတို့သည် လွှတ်တော်နိုင်ငံရေးနှင့် လမ်းပေါ်နိုင်ငံရေးကို တွဲသုံးနေကြသည်။ လက်ရှိ ထိုင်းဝန်ကြီးချုပ်သည် အတိုက်အခံဘ၀၌ လွှတ်တော်နိုင်ငံရေးနှင့် လမ်းပေါ်နိုင်ငံရေးတွဲသုံး၍ အာဏာရလာခဲ့သည်။ ဤနည်းသည် ဟုတ်လောက်ပြီဟု ထင်နေကာ အတိုက်အခံတို့က သူ့နည်းကိုပင် ပြန်သုံးလိုက်ကြသည်။ လမ်းပေါ်ထွက် ဆန္ဒပြကြသည်။ လမ်းတွေ၊ ရုံးတွေ ပိတ်ဆို့ကြသည်။
ပျော့ပျောင်းမှု
သို့ဖြင့် လွှတ်တော်နိုင်ငံရေးနှင့် လမ်းပေါ်နိုင်ငံရေးကို အတွဲအစပ်ပြု၍ ထိုင်းနိုင်ငံရေးပါတီတို့က အလှည့်နှင့် သုံးနေကြသည်မှာ စိတ်ပျက်စရာပင် ကောင်းတော့သည်။ ယခုပင် နိုင်ငံရေးသိပ္ပံပညာရှင်တို့က ထိုင်းဒီမိုကရေစီသည် အတုယူစရာမဟုတ်ဟု ဝေဖန်ပြောဆိုလာသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး၌ လွှတ်တော်နိုင်ငံရေး ပေါ်လာတော့မည်။ ဤလွှတ်တော်နိုင်ငံရေးသည် အကျပ်အတည်းတို့ကို လုံလုံလောက်လောက် ဖြေရှင်းနိုင်သည်အထိ ပျော့ပျောင်းမှုရှိရမည်။ မြန်မာနိုင်ငံ၏ လွှတ်တော်နိုင်ငံရေးသစ်တွင် စစ်ဘက်မှ ကိုယ်စားပြုမှုပါရှိ၍ ထိုင်းမှာကဲ့သို့ အကျပ်အတည်းကြုံတိုင်း စစ်ဘက်၏ ၀င်ရောက်စွက်ဖက်လာကိန်းမျိုး မပေါ်ပေါက်နိုင်ဟု အခြေခံအားဖြင့် မှန်းဆထားကြသည်။
မောင်စူးစမ်း (၂၈-၅-၂၀၁၀)
No comments:
Post a Comment