ယခုအခါ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်၍ နိုင်ငံရေးပါတီများကိုလည်း တဖြည်းဖြည်း စတင်ခွင့်ပြုလာခဲ့ရာ နိုင်ငံရေးပါတီပေါင်း ၄၀ ခန့် ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရပါသည်။ နိုင်ငံရေးပါတီ ၄၀ ခန့် ပေါ်ပေါက်လာသော်လည်း ပြည်သူအများစုသည် ရွေးကောက်ပွဲနှင့် ရက်ပေါင်း ၁၈၀ ခန့် နီးကပ်လာသည့်တိုင် ထိုပါတီများကို ပြည်သူအများ သိရှိကြခြင်း မရှိသေးသည်ကို တွေ့ရသည်။ အဆိုပါ ပါတီများက ဖြည့်ဆည်းပေးရန် တာဝန်ရှိသည့် စီးပွားရေးအပြောင်းအလဲများနှင့် ပတ်သက်သည့် မူဝါဒသဘောထား အသီးသီးကို ပြည်သူများ သိရှိသဘောပေါက်ရေးဆိုလျှင်ကား ဝေးပါသေးသည်ဟု ဆိုရမည်ဖြစ်ပေသည်။
ဈေးကွက်စီးပွားရေးဆိုသည်မှာ နိုင်ငံသားတိုင်းကို ကံ ဉာဏ် ၀ီရိယရှိသလောက် အလုပ်လုပ်စေပြီး ကြီးပွားချမ်းသာခွင့်ပေးကာ အဆိုပါနိုင်ငံသားတိုင်းလည်း ပန်းတိုင်ရောက် နိုင်ငံတော်လည်း ပန်းတိုင်ရောက် စီမံပေးရသော စီးပွားရေးစနစ်ဖြစ်သည်။ ဒီမိုကရေစီပန်းတိုင် ဆိုသည်မှာ လက်တွေ့ကျကျပြောရလျှင် မဖြစ်နိုင်သေးသည့်တိုင် လူအနည်းငယ် အလုပ်လုပ်ခွင့်၊ ကြီးပွားချမ်းသာခွင့်ရသော ပုံသဏ္ဌာန်မှ လူတိုင်း အလုပ်လုပ်ခွင့်ရပြီး ကြီးပွားချမ်းသာခွင့်ရသော စီးပွားရေးပုံသဏ္ဌာန်သို့ ကူးပြောင်းရေးမှာ အဟန့်အတားဖြစ်နေသော အမိန့်နှင့် ညွှန်ကြားချက်များကို ပယ်ဖျက်ပေးရုံနှင့် ရနိုင်ပေသည်။
တစ်နည်းအားဖြင့်ပြောရလျှင် နိုင်ငံရေးအပြောင်းအလဲကို လူထုက မျှော်လင့်နေကြခြင်း၏ အဓိကအကြောင်းရင်းမှာ စီးပွားရေးအဆင်ပြေရေးအတွက် ဖြစ်ပါသည်။ ပြည်သူလူထု၏ အဓိကလိုအပ်ချက်မှာ စီးပွားရေးဆိုင်ရာ အခက်အခဲများ ပြေလည်သွားစေရေးပင် ဖြစ်ပါသည်။ ဒီမိုကရေစီပန်းတိုင်ဆိုသည်မှာ စီးပွားရေးနှင့်ပတ်သက်၍ မျှတသည့် ယှဉ်ပြိုင်မှု (Level Playing Field) အပါအ၀င် ရေခံမြေခံများ ဖန်တီးပေးနိုင်သော ရေခံမြေခံကောင်းအဖြစ် မျှော်လင့်၍ လိုလားကြခြင်းဖြစ်ပေသည်။ စင်ကာပူနိုင်ငံသည် အတိုက်အခံပါတီများ တည်ရှိသည့် နိုင်ငံရေးစနစ်ကို ခွင့်မပြုနိုင်ခြင်းကြောင့် ကန့်သတ်ထားသည့်တိုင် မျှတသော ယှဉ်ပြိုင်မှု၊ လူတိုင်းအလုပ်လုပ်ခွင့်၊ ကြီးပွားချမ်းသာခွင့်များ ပေးထားခဲ့၍ ကမ္ဘာပေါ်တွင် တစ်ဦးချင်းဝင်ငွေ မြင့်မားသောနိုင်ငံ ဖြစ်နေခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့သည်လည်း စင်ကာပူ၏ ခြေရာကိုနင်းရန် ကြိုးစားနေသောနိုင်ငံများ ဖြစ်ပေသည်။ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသည် အတိုက်အခံပါတီများ၏ Check and Balance မရှိသော ထိုနိုင်ငံများထက် သာလွန်ကောင်းမွန်သော စီးပွားရေးရေခံမြေခံတစ်ရပ်ကို အနိမ့်ဆုံးဖန်တီးပေးရန် တာဝန်ရှိမည် ဖြစ်ပေသည်။
နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့် ရရှိရေးဆိုသည်မှာ လုပ်ငန်းလိုင်စင်၊ ရင်းနှီးမြှုပ်နှံမှု အတည်ပြုချက်များကို လူက မဆုံးဖြတ်ဘဲ မူက ဆုံးဖြတ်ခြင်း၊ လုပ်ငန်းလိုအပ်ချက်ဖြစ်သော တယ်လီဖုန်း၊ သယ်ယူပို့ဆောင်ရေးယာဉ်၊ အင်တာနက်ဆက်သွယ်ရေး စသည်များကို ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော စံနှုန်းများနှင့်အညီ ဈေးမကြီးလွန်းဘဲ ရရှိစေခြင်း စသည်များသာ ဖြစ်ပေသည်။
ရွေးကောက်ပွဲအပြီး တက်လာသော ပြည်ထောင်စုအဆင့် ဥပဒေပြုလွှတ်တော်နှစ်ရပ်၏ အဓိက တာဝန်မှာ ဥပဒေများက ခွင့်ပြုထားပြီးဖြစ်သော်လည်း နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ ကန့်သတ်ထားခြင်းသော အကျိုးခံစားခွင့် မရရှိနိုင်သေးသော ကိစ္စရပ်များကို ဥပဒေနှင့်အညီ ခံစားရရှိရေးကို စီစဉ်ပေးနိုင်ရေး ဖြစ်ပါသည်။ လွှတ်တော်များပေါ်တွင် စီးပွားရေးနှင့်သက်ဆိုင်သော ကော်မတီများလည်း ရှိနေမည်ဖြစ်ရာ ထိုကော်မတီများပေါ်သို့ နားလည်တတ်ကျွမ်းသူများ ရောက်ရှိရေး၊ ပြောရဲဆိုရဲရှိသော အမတ်များရရှိရေးသည် အရေးကြီးပါသည်။
ဥပမာအနေနှင့်ပြောရလျှင် ၁၉၉၀ ပြည့်လွန်နှစ်များက ပြဋ္ဌာန်းခဲ့သော ပုဂ္ဂလိကအာမခံလုပ်ငန်းများ ဥပေဒကို ပြနိုင်ပါသည်။ နှစ်ပေါင်း အတော်အတန် ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် အာမခံဥပဒေအရ ပုဂ္ဂလိကအာမခံလုပ်ငန်းများ ပေါ်ပေါက်မလာခြင်းမှာ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် တစ်ရပ်ရပ်က အဟန့်အတားဖြစ်နေသောကြောင့် ဖြစ်ပါလိမ့်မည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေများက ခွင့်ပြုထားသည့်တိုင် ပြည်သူများအကျိုးခံစားခွင့် မရရှိနိုင်သေးဘဲ လူအနည်းငယ်သာ လုပ်ကိုင်ခွင့်ရရှိနေသည့် ပုံသဏ္ဌာန်များကို ပြုပြင်ရန် အရေးတကြီး လိုအပ်ပါသည်။ နိုင်ငံသားတိုင်း ပန်းတိုင်မရောက်ဘဲ လူအနည်းငယ်သာ ပန်းတိုင်ရောက်ခြင်းကြောင့် နိုင်ငံတော်လည်း ပန်းတိုင်သို့ မရောက်နိုင်ပါ။ နိုင်ငံသားတိုင်း ပန်းတိုင်ရောက်မှသာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်မည်ဖြစ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ အပါအ၀င် ပါတီများက ဤအချက်ကို အာမခံကြပါမည့်အကြောင်း ပြည်သူများက စောင့်စားလျက်ရှိပါသည်။
Sunday, June 06, 2010
နိုင်ငံရေးပါတီများနှင့် စီးပွားရေးအမြင် - အောင်ထွဋ်
Posted by Ko Nyan Posted Time 12:15 PM
Labels Political, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment