Sunday, June 06, 2010

လူငယ်နှင့် နိုင်ငံရေး


ကျွန်တော့်ကို နည်းနည်းလျှာရှည်ခွင့် ပြုကြပါဦး
အပတ်စဉ်ထုတ် ဂျာနယ်တွေကို ၀ယ်ဖတ်တဲ့နေရာမှာ ဂျာနယ်အလိုက် ကျွန်တော်စောင့်ဖတ်ရတာလေးတွေ ရှိပါတယ်။ ဂျာနယ်ထဲမှာပါတာတွေ အကုန်လုံးလောက်နီးနီး (ကျွန်တော်စိတ်ဝင်စားသော ကဏ္ဍများ) ကို ဖတ်ပေမယ့်လည်း ရပြီဆိုတာနဲ့ ချက်ချင်းလှန်ကြည့်မိ၊ ဖတ်ကြည့်မိတာလေးတွေလည်း ရှိပါတယ်။ ဥပမာ ထုတ်ပြပါရစေ။ ရန်ကုန်တိုင်းမ်ဆိုရင် နိုင်ငံရေးအချပ်ပိုနဲ့ ဆရာမောင်ဝံသရဲ့ နိုင်ငံရေးဝေါဟာရအဘိဓာန်၊ Weekly Eleven ဆိုရင် ဓမ္မပိယဆရာတော်နဲ့ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေ ပါသလားဆိုတဲ့အချက်၊ နောက်ကာတွန်းလေးတွေပေါ့၊ Northern Star ဆိုရင် ဆရာစိုးမြင့်သိန်းရဲ့ဆောင်းပါး၊ လျှပ်တစ်ပြက်ဆိုရင် မြတ်ခိုင်မှတ်စု၊ လမ်းလျှောက်အယ်ဒီတာရဲ့ လမ်းလျှောက်ဒိုင်ယာရီ၊ မပြီးဆုံးသေးတဲ့ကျော်ဟိန်း၊ The Voice မှာဆိုရင် အယ်ဒီတာ့အာဘော်၊ ဆရာမောင်စူးစမ်းဆောင်းပါး၊ ဆရာအောင်ထွဋ်ဆောင်းပါး၊ စာဖတ်သူတွေရဲ့ ပေးစာကဏ္ဍ၊ ဆရာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲအတွေ့အကြုံ၊ သစ္စာဂျာနယ်မှာကိုတော့ နည်းနည်းခန့်မှန်းရခက်သည်။ တစ်ခါတစ်လေ တစ်စောင်လုံး ကောင်းနေပြီး၊ တစ်ခါတစ်လေကျတော့ ဘာလိုနေမှန်းမသိ ဖြစ်နေတတ်သည်။ သို့သော် တစ်ခါတစ်လေ သစ္စာရဲ့ အယ်ဒီတာ့အာဘော်လည်း ကောင်းသည်။ စသည်ဖြင့် စသည်ဖြင့်ပေါ့လေ။

ဆရာအောင်ထွန်းသက်ရဲ့ ဆောင်းပါးတွေ
ပြောခဲ့သလို The VOICE ဂျာနယ်ထဲမှာ ကျွန်တော်အရင်ဦးဆုံး ဖတ်ဖြစ်တာတွေထဲက တစ်ခုဖြစ်သည့် ဆရာပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲအတွေ့အကြုံ ဆောင်းပါးတွေကို အပတ်စဉ်လိုလို တခုတ်တရ ဖတ်ပါသည်။ ဖတ်တိုင်းလည်း မှတ်သားရပါသည်။ အားတက်ရပါသည်။ အလုပ်လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်များ တိုးပွားလာရပါသည်။ ဆရာသည် သူ့သမီးကိုပေးစာပုံစံဖြင့် အပတ်စဉ်ရေးသားလာသည်မှာ အမှတ်စဉ် (၇၂)ကိုပင် ရောက်လာခဲ့ချေပြီ။ သူရေးထားပုံသည် စကားပြောပုံစံမို့ ဖတ်ရတာတစ်မျိုးကောင်းသည်။ ဘေးမှာထိုင်ပြီး ကိုယ့်ကိုပြောပြနေသလို ခံစားမိစေသည်။ အရေးအသားလည်း ရှင်းလင်းသည်။ ဖတ်လိုက်သည်နှင့် သူဘာပြောချင်သည်ကို ချက်ချင်းသိနိုင်သည့် စကားလုံးတွေနှင့်သာ ရွေးချယ်ပြောသည်။ ပညာရှင်ဆိုပြီး သီအိုရီတွေ၊ စကားလုံးအကြီးကြီးတွေနှင့် ကိုင်မပေါက်၊ ဆယ်ကျော်သက်တစ်ယောက် ဖတ်လိုက်လျှင် နားလည်နိုင်သည်အထိ ရေးသားထားသည်။ သေချာသည်ကတော့ သူရေးထားသည့် အချို့သော သီအိုရီတွေကို၊ ဆိုလိုရင်းတွေကို နားမလည်သည့်တိုင် စာဖတ်သူအတွက် သူဘာပေးချင်တာလဲ၊ ဘာတွေရစေချင်တာလဲ ဆိုတာကိုတော့ဖြင့် အသေအချာ ခံစားရမိစေသည်မှာ သူ့ဆောင်းပါးတွေ၏ ထူးခြားချက်ဖြစ်မည်ထင်သည်။ တစ်ခုရှိသည်က သူ့ဆောင်းပါးတွေက ဂျာနယ်စာမျက်နှာ တစ်ခုလုံးအပြည့် (တစ်ခါတစ်ရံ တစ်မျက်နှာခွဲခန့်) ရှိတတ်သည်မို့ စာဖတ်ပျင်းသူတွေအတွက်တော့ ကျော်ဖတ်ချင်စရာ ဖြစ်မည်ထင်သည်။ အချို့က ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း အဲဒီလောက် စာအများကြီးကို မဖတ်ချင်ဘူး။ မင်းဖတ်ထားတာကို ပြန်ပြောပြဟု ပြောတတ်တာမျိုးကို ကျွန်တော့်ကိုယ်တွေ့ ခဏခဏ ကြုံရသည်။ သူတို့ကိုလည်း အပြစ်မတင်ချင်ပါ။ ရောဂါသာ ပျောက်ချင်တယ်၊ ဆေးထိုးခံရမှာ၊ ဆေးခါးကြီးတွေသောက်ရမှာကို သူသူကိုယ်ကိုယ် ကြောက်ကြသည်ကိုး။

ခင်ဗျားတို့ကို ဖတ်စေချင်တယ်
ကဲ… အလကားနေရင်း စကားတွေရှည်နေမိပြန်ပါပြီ။ နည်းနည်းလေးထပ်ပြောပါရစေဦး။ ဆရာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲအတွေ့အကြုံ ဆောင်းပါးတွေကို ဒီဘလော့ဂ်မှာ ပြန်ဝေငှချင်တဲ့စိတ်ကူးဟာ တစ်နှစ်တောင် ကတော့မယ်မထင်ဘူး။ ဒါပေမယ့်လည်း စောစောကကျွန်တော်မိတ်ဆွေအချို့ စာအများကြီးကို ဖတ်ရမှာပျင်းသလို ကျွန်တော့်မှာလည်း အဲဒီစာအရှည်ကြီးတွေကို ပြန်ရိုက်ရမှာ ပျင်းနေတာကြောင့် (အချိန်မပေးနိုင်လို့၊ မအားလို့၊ အဆင်မပြေလို့ စတဲ့ဆင်ခြေတွေ မပေးလိုတော့ပါ) မတင်ပေးဖြစ်ခဲ့ဘူး။ အခုတော့ ဖြစ်နိုင်မယ့် နည်းလမ်းတစ်ခုကို တွေ့ထားပါပြီ။ တတ်နိုင်သလောက်ကို အရင်ဆောင်းပါးအဟောင်းတွေ ပြန်စုပြီး တင်ပေးဖို့ စိတ်ကူးနေပါတယ်။ စာဖတ်သူ ခင်ဗျားတို့ကို ဖတ်စေချင်လို့ပါ။ တစ်ပုဒ်လောက်ဖတ်ပြီးသွားရင် နောက်ဆောင်းပါးတွေကို လိုလိုချင်ချင် မက်မက်မောမောကို ဆက်ဖတ်သွားမယ်လို့ ယုံကြည်နေလို့ပါ။ တင်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။

ပြောလိုရင်းကို ရောက်ပါပြီ
ဒီအပတ်ဟောပြောပွဲအတွေ့အကြုံကို ဖတ်ရတဲ့အခါမှာ ဆရာနဲ့ လူငယ်လေးတွေ အမေးအဖြေလုပ်တာလေးကို စိတ်ဝင်စားအောင် ရေးပြထားတယ်။ စိတ်ဝင်စားမှုတွေနဲ့ ပတ်သက်ပြီး လူငယ်တွေ ဖြေကြတာကို ဖတ်ရတဲ့အထိ ဘာမှမဖြစ်သေးပါဘူး။ ဒါပေမယ့် စိတ်မ၀င်စားတဲ့အရာတွေနဲ့ ပတ်သက်တာတစ်ခုရယ်၊ လူတစ်ယောက်ဟာ နောက်ထပ် ငါးမိနစ်မှာ သေချာပေါက်သေတော့မယ်ဆိုရင် ဘယ်သူ့ဆီကို ဖုန်းဆက်မလဲဆိုတဲ့ မေးခွန်းကို ဆရာမေးတဲ့အချိန်မှာ လူငယ်အများစု ပြန်ဖြေကြတဲ့ အဖြေလေးကို ဖတ်ရတဲ့အချိန်မှာတော့ ကျွန်တော့်ရင်ထဲမှာ ဘာဖြစ်သွားမှန်းမသိဘူး။ အထူးသဖြင့် လူငယ်တွေ စိတ်မ၀င်စားတဲ့အရာဆိုတဲ့ အကြောင်းအရာဟာ ကျွန်တော်မကြာခဏ ရေးနေ၊ ပြောနေခဲ့ဖူးတဲ့ (ကျွန်တော့်အထွာနဲ့ကျွန်တော် တတ်နိုင်သလောက်ပေါ့) အကြောင်းချင်းရာတစ်ရပ် ဖြစ်နေတာပါပဲ။ စိတ်မကောင်းဖြစ်မိသလို၊ တစ်ခုခု လွတ်ကျသွားသလိုလည်း ခံစားရမိတယ်။

ဆရာရဲ့ ဆောင်းပါးကောက်နုတ်ချက်ကို ဖတ်ကြည့်ပါဦး။


*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
………………….
………………………………..
သင်တန်းသားတွေက အခုလို သူတို့စိတ်ဝင်စားတာတွေပေးပြီး သူတို့စိတ်ဝင်စားမှု မရှိတာတွေကို မေးတဲ့အခါ ဖေဖေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ သူတို့ရဲ့အမြင်၊ သူတို့ရဲ့အယူအဆ မှားတယ်လို့ ဖေဖေ မပြောချင်ပါဘူး။ လူတိုင်းဟာ လွတ်လွတ်လပ်လပ် တွေးခွင့်ရှိတယ်။ ရွေးချယ်ခွင့်ရှိတာပါပဲ။ သူတို့က နိုင်ငံရေးကို စိတ်ဝင်စားမှုမရှိဘူးလို့ ပြောကြတော့ ဖေဖေအတော်လေး စိတ်ထိခိုက်မိတယ်။ ဖေဖေတစ်သက် စွဲစွဲမြဲမြဲယုံကြည်ခဲ့တာ ခံယူခဲ့တာနဲ့ တခြားစီ ဖြစ်နေလို့ပါ။ ဖေဖေ့အနေနဲ့က မွေးကတည်းက နိုင်ငံရေးကို စိတ်ဝင်စားတယ်။ အခွင့်အရေးရတိုင်း လေ့လာတယ်၊ မှတ်ယူတယ်။ အရေးအသားတွေကို လက်လှမ်းမီသလောက် ဖတ်တယ်၊ သုံးသပ်တယ်။ ဖေဖေတို့ခေတ်တုန်းက အခွင့်အရေးတွေ သိပ်မရခဲ့ပေမယ့် ဖေဖေက ကြိုးစားပြီး ရှာဖွေစုစည်းခဲ့တယ်။ နိုင်ငံခြားပညာရှင်တွေ ရေးတာတွေအပြင် ပြည်တွင်းစာရေးဆရာကြီးတွေရဲ့ အရေးအသားတွေကိုလည်း လေ့လာမှတ်သားခဲ့တယ်။

အမှန်တော့ နိုင်ငံရေးဟာ သိပ္ပံပညာရပ်တစ်ခုဖြစ်တယ်။ သိပ္ပံပညာဖြစ်တဲ့အတွက် စည်းနဲ့ကမ်းနဲ့ လေ့လာလို့ရတယ်။ သုတေသနတွေ လုပ်လို့ရတယ်။ ဒါကြောင့် ဒီဘာသာရပ်ကို Political Science နိုင်ငံရေးသိပ္ပံလို့ ခေါ်တယ်။ ဖေဖေတို့ ကြီးပြင်းလာတဲ့အချိန်ကျတော့ တက္ကသိုလ်တွေမှာ PS ဆိုပြီး ဘာသာရပ်တစ်ခုထည့်ပြီး သင်ကြားခဲ့တယ်။ ဒါပေမယ့် ဒီ PS ဟာ Political Science မဟုတ်ဘဲ အယူအဆတစ်ခု၊ အတွေးအခေါ်တစ်ခုကို ဦးစားပေးခဲ့တာဖြစ်တယ်။ ဖေဖေ့အနေနဲ့ နိုင်ငံရေးလို့ခေါ်မယ့်အစား နိုင်ငံ့အရေးလို့ခေါ်တာ ပိုပြီးပေါ်လွင်တယ်၊ အဓိပ္ပါယ်ရှိတယ်လို့ မြင်မိပါတယ်။ နိုင်ငံရဲ့အရေးကို စိတ်မ၀င်စားလို့ ဘယ်ရနိုင်မှာလဲ သမီး။ လူတစ်ယောက်ဟာ နိုင်ငံသားဖြစ်တာကို ဘာနဲ့သက်သေပြမှာလဲ။ နိုင်ငံသားကတ်ပြား အမျိုးသားမှတ်ပုံတင်ရှိရုံနဲ့ နိုင်ငံသားတစ်ဦး မဖြစ်ဘူးလေ။ မိမိနိုင်ငံရဲ့အရေး၊ မိမိနိုင်ငံရဲ့အခင်း ဒါတွေအားလုံးဟာ စိတ်ဝင်စားရမယ်။ စိတ်ဝင်စားရုံမဟုတ်ဘဲ ကိုယ်တိုင် ကိုယ်တတ်နိုင်တဲ့ဘက်က တာဝန်ယူ ဆောင်ရွက်ရလိမ့်မယ်။ သမီးငယ်ငယ်တုန်းက အမြဲကြည့်နေတဲ့ ဗီဒီယိုအခွေတစ်ခွေမှာ ကာတွန်းရုပ်ပြောင်နဲ့ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ဖြစ်တဲ့ Citizenship ဆိုတဲ့ကားလေး မှတ်မိသေးသလား။ Citizenship ဆိုတာ ဖေဖေ့အနေနဲ့ကတော့ နိုင်ငံ့အရေးကို  တာဝန်ယူခြင်းဖြစ်တယ်။ နိုင်ငံတစ်ခုလုံး အတိုင်းအတာနဲ့ စဉ်းစားရင် ကျယ်ပြန့်လွန်းပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကိုပဲ စဉ်းစားကြည့်ရင် ကိုယ့်မှာ တာဝန်မရှိဘူးလား။ ပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ ကိုယ်နဲ့မဆိုင်ဘူးလား။ ကြွပ်ကြွပ်အိတ်ကို မိမိကိုယ်တိုင် မသုံးစွဲပါဘူးလို့ ဆုံးဖြတ်တာဟာ နိုင်ငံ့အရေးပဲလို့ ဖေဖေထင်ပါတယ်။ မတရားမှုကို မုန်းတီးတာ၊ တရားမျှတမှုကို မြတ်နိုးတာဟာလည်း နိုင်ငံ့အရေးပဲသမီး။ ကားတစ်စီးမှ မရှိပေမယ့် ညည့်နက်သန်းခေါင်မှာ လမ်းမီအနီရောင်ပြနေရင် မိမိမောင်းနှင်နေတဲ့ကားကို ရပ်ပေးတာလည်း နိုင်ငံ့အရေးပဲသမီး။

ဖေဖေထင်ပါတယ်။ ကလေးလူငယ်တွေရဲ့ စိတ်ထဲမှာ နိုင်ငံရေးဆိုတဲ့စကားကို ကြားလိုက်တာနဲ့ ပါတီနိုင်ငံရေး ရွေးကောက်ပွဲယှဉ်ပြိုင်မှု၊ ပဋိပက္ခဖြစ်မှု၊ တစ်ဖက်နဲ့တစ်ဖက် မကျေလည်မှု၊ အငြင်းပွားမှု၊ အခင်းပွားမှု ဒါတွေကိုပဲ သွားစဉ်းစားမိကြတယ်ထင်ပါရဲ့။ အခုလို ခါးသီးမှုတွေကို အာရုံမပြုဘဲ တစ်ဦးချင်း တစ်ယောက်ချင်းမှာ ရှိရမယ့် Personal Accountability ကို စဉ်းစားရင်တော့ အဖြေက တစ်မျိုးဖြစ်မှာ သေချာပါတယ်။ လူငယ်ထုကို အခုလို နိုင်ငံရဲ့အရေးကို အလေးထားလိုချင်လာအောင် ပညာတွေပေးရမယ်၊ အသိတရားတွေ ဖွင့်ပေးရမယ်၊ ပြောရ၊ ဟောရမယ်၊ ရေးသားရမယ်။ မီဒီယာတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြရလိမ့်မယ်။ အမှန်တော့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိတာပါပဲ။

လူငယ်တွေကို တစ်ခါတလေ ဖေဖေတို့လူကြီးတွေက လျှော့တွက်ကြတယ်။ "ငယ်ရာကကြီးလာတာ" ဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ် သုံးစွဲတတ်ကြတယ်။ Generation Gap ဆိုတာဟာလည်း လူကြီးတွေက လူင်ယတွေကို ခပ်ဆတ်ဆတ်လေးနဲ့ ဝေဖန်တာပဲဖြစ်တယ်။ တို့ခေတ်တုန်းက ဘယ်လိုဘယ်ပုံရှိပြီး မင်းတို့ခေတ်ကျမှဆိုတဲ့ အသုံးအနှုန်းဟာ ဖေဖေ့အထင်တော့ မသုံးသင့်ပါဘူး။ ခေတ်တိုင်း ခေတ်တိုင်း သူ့အတိုင်းအတာနဲ့သူ ရှိကြမှာပါပဲ။

လူငယ်တွေမှာ အားရှိတယ်၊ စိတ်ကူးစိတ်သန်းကောင်းတယ်၊ တီထွင်တယ်၊ ဆန်းစစ်လိုတဲ့စိတ်ရှိတယ်၊ မေးခွန်းတွေမေးတတ်တယ်၊ အရာရာကို လွယ်လွယ်နဲ့ လက်မခံကြဘူး။ ဒါတွေဟာ အင်မတန်မှ ချစ်စရာကောင်းတဲ့ အရည်အချင်းတွေပဲလေ။ အသက်ကြီးလာလေလေ တဖြည်းဖြည်းရင့်ကျက်လာလေလေလို့ ထင်ပါရဲ့။ ဒီစိတ်တွေ၊ ဒီအတွေးတွေ ဘယ်ဆီရောက်ကုန်သလဲ မသိတော့ပါဘူး။
……………
………………………………
……………………………………
အညွှန်း
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ဟောပြောပွဲအတွေ့အကြုံ(၇၂)၊
The Voice Weekly, Vol-6, No-29, Monday, June 7-13, 2010, Page-30,31

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

ပြောစရာလိုအံ့မထင်
အပေါ်မှာဖတ်ခဲ့ပြီးတဲ့အချိန်မှာ ဆရာအောင်ထွန်းသက် ဘာပြောချင်သလဲဆိုတာကို စာဖတ်သူလည်း ကွင်းခနဲကွက်ခနဲ မြင်လိုက်ရမယ်လို့ ထင်ပါရဲ့။ တကယ်စိတ်ဝင်စားသူဆိုရင် သက်ပြင်းတွေတောင် ချလိုက်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်နေမိပါတယ်။

ကျွန်တော်မြင်တာလေးတွေကို ပြောခွင့်ပြုပါဦး
လူငယ်တွေ နိုင်ငံရေးကို စိတ်မ၀င်စားတာဟာ ဘာများအရေးကြီးသလဲလို့ အချို့တွေက အငေါ်တူကြပါလိမ့်မယ်။ လူငယ်တွေမလုပ်လည်း လုပ်မယ့်လူတွေ ရှိနေတာပဲလို့ ပြောကြပါလိမ့်မယ်။ အခုလတ်တလောတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာမျိုးက မျက်စိတမှတ်၊ လျှပ်တစ်ပြက်စာလေးကို စဉ်းစားရတာမျိုး မဟုတ်ပါဘူး။ မျက်တောင်မွေးတဆုံးတင်မဟုတ်ဘဲ မျက်စိတဆုံး ကြည့်ရတာမျိုးလို့ ဆိုချင်တာပါ။ အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းကြတယ်၊ မှတ်ပုံတင်ကြတယ်။ အချို့ပါတီတွေလည်း စည်းရုံးရေးတွေ လုပ်နေပြီ၊ မဲဆွယ်နေကြပြီ။ တစ်ခုသတိထားမိတာက စာနယ်ဇင်းတွေမှာ ဖတ်ရသလောက် ပါတီဖွဲ့စည်းပုံစာရင်းကို ကြည့်လိုက်ရင် လူငယ်တွေ မပါသလောက် ဖြစ်နေတာပါပဲ။ သူတို့ကိုယ်သူတို့ လူငယ်တွေလို့ ပြောနေကြတဲ့လူတွေကို ကြည့်လိုက်တော့လည်း ဘုရားစူးလူငယ်လို့တောင် ကျွန်တော်က နာမည်တပ်လိုက်ချင်သေးတယ်။ အသက်အပိုင်းအခြားနဲ့ ပြောရမယ်ဆိုရင် ၂၅ နှစ်နဲ့ ၃၅ နှစ်ကြားမှာ ဘယ်နှယောက်ပါသလဲလို့ မေးလိုက်ချင်တာပါ။ လူငယ်တွေဟာ ဘာမှမသိဘူး၊ လူကြီးတွေပဲ ဒါတွေကိုနားလည်တာကွဆိုပြီး လုပ်နေရင်တော့ အဲဒီလူကြီးတွေ မရှိတော့ရင် ဘယ်သူတွေဆက်လုပ်မှာလဲဆိုတဲ့ မေးခွန်းလေးကို ကြိုတင်ပြင်ဆင်ထားကြသင့်တယ် ထင်ပါတယ်။

လူငယ်ဗိုလ်ချုပ်
ကျွန်တော်တို့နိုင်ငံကို လွတ်လပ်ရေးရအောင် ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက်ဘယ်လောက်အရွယ်မှာ နိုင်ငံ့ခေါင်းဆောင် ဖြစ်ခဲ့တာပါလဲ။ သူ့ခေတ်တုန်းကရော လူကြီးတွေမရှိကြဘူးလား၊ နိုင်ငံရေးသဘောတရားတွေကို ထုံးလိုချေရေလိုနှောက် သိရှိထားကြတဲ့ နိုင်ငံရေးသမားကြီးတွေ ရှိခဲ့တာပါပဲ။ ဒါပေမယ့် လူငယ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေးကို စိတ်ဝင်စားခွင့်၊ ကိုယ်တိုင်လုပ်ဆောင်ခွင့်၊ ဦးဆောင်ခွင့်ရခဲ့တယ်။ သူ့ရဲ့ဦးဆောင်မှုကိုလည်း စောစောကပြောတဲ့ လူကြီးဆိုတဲ့လူတွေက ပံ့ပိုးကူညီခဲ့ကြတယ်၊ ကြည်ဖြူစွာ နေရာပေးခဲ့ကြတယ်။ သူတို့တွေဟာ စိတ်သာသွားနိုင်ကြတာကိုး၊ ကိုယ်မပါနိုင်တော့ဘူးလေ။ ဒါကြောင့် စိတ်သွားတိုင်း ကိုယ်ပါနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လို လူငယ်တွေကို တစ်တိုင်းပြည်လုံးက အားကိုးခဲ့ကြတာပေါ့။ နေရာပေးခဲ့ကြတာပေါ့။

ရင်လေးစရာ
အခု ၂၀၁၀ မှာ ဖြစ်နေတာကို သုံးသပ်ကြည့်လိုက်တော့ ဗိုလ်ချုပ်တို့ခေတ်နဲ့ ပြောင်းပြန်။ လူငယ်တွေအားလုံးက ဘေးမှာထိုင်နေကြတယ်၊ ရပ်နေကြတယ်။ မထိရဲ၊ မတို့ရဲဖြစ်နေကြတယ်။ လက်တွဲခေါ်မယ့်လူ မရှိဘူး။ အဲဒီတော့ လူကြီးတွေလုပ်ကြပါလို့ပဲ ပြောနေရတယ်။ လူကြီးတွေကလည်း လူငယ်တွေကို လက်တွဲခေါ်ဖို့ မစဉ်းစားကြဘူး။ အခုခေတ်လူငယ်တွေက နိုင်ငံရေးအကြောင်း ဘာမှသိတာမဟုတ်ဘူးလို့ အသေမှတ်ယူထားကြတယ်။ အဲဒီအချက်ကို ကျွန်တော်မငြင်းလိုပါဘူး။ အခြေအနေအရ နိုင်ငံရေးလူငယ်မျိုးဆက် ပြတ်သွားရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလိုပြတ်သွားတာကို ငါတို့တွေပြန်ဆက်မယ်၊ ပျိုးထောင်မယ်ဆိုတဲ့ စိတ်မမွေးကြဘဲ ငါတို့လုပ်မယ်၊ ငါတို့လုပ်မယ် ဆိုတဲ့စိတ်တွေနဲ့ပဲ သွားနေကြရင် တစ်ခုလောက်တော့ မေးချင်ပါတယ်။ နောက်ထပ် ဆယ်နှစ်ကြာတဲ့အခါ "ငါတို့လုပ်မယ်" ဆိုတဲ့ ခင်ဗျားတို့နေရာမှာ ဘယ်သူတွေရှိနေမှာလဲ ဆိုတာပါ။ "ငကန်းသေလို့ ငစွေ ပေါ်တာ"မျိုးကတော့ နိုင်ငံရေးမှာ သိပ်မနိပ်လှဘူး ထင်ပါတယ်ဗျာ။

အပြစ်တင်ခြင်းမဟုတ်ပါ
အခုလိုဆိုတဲ့အတွက် အခုလက်ရှိ နိုင်ငံရေးလုပ်နေကြတဲ့ လူကြီးတွေကို အပြစ်ပြောနေတာ၊ ခေါင်းပုံချနေတာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ အတွေ့အကြုံ၊ အတွေးအမြင်၊ အသိဉာဏ်ပညာတွေကို လေးစားပါတယ်။ အထူးသဖြင့် နိုင်ငံ့အတွက်လုပ်ပေးချင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို တန်ဖိုးထားပါတယ်။ ကိုယ့်အသက်အရွယ်ကိုမှမထောက် နိုင်ငံရေးကို ခေါင်းထဲထည့်ပြီး လုပ်နေကြတာကို အားကျပါတယ်၊ ဂုဏ်ယူပါတယ်။ ဒါပေမယ့် သူတို့တွေ နိုင်ငံရေးလုပ်ခြင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်ဟာ ကျွန်တော်တို့နိုင်ငံကြီး တိုးတက်ဖွံ့ဖြိုးဖို့၊ နိုင်ငံသားတွေအားလုံး ကြီးပွားတိုးတက်ဖို့ဆိုရင်တော့ နောင်အနှစ်တစ်ရာစာ မကြည့်ရင်နေပါ၊ နောင်ဆယ်နှစ်ကြာရင် ကြုံလာနိုင်တာတွေကိုတော့ ကြိုတင်စဉ်းစားကြပါလို့ တိုက်တွန်းလိုပါတယ်။ ဘာမှမဟုတ်တဲ့ ကျွန်တော်လိုကောင်က နိုင်ငံ့အရေးကို လုပ်ဆောင်နေကြတဲ့ လူကြီးတွေကို ဝေဖန်နေတာ၊ အကြံပြုတိုက်တွန်းနေတာဟာ ရယ်စရာဖြစ်နေရင်လည်း ရယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ပြောချင်တာလေးတွေကို တတ်နိုင်သလောက်၊ ပြောနိုင်သလောက် ပြောဆိုခွင့်ရတဲ့အတွက်နဲ့တင် ကျေနပ်ပါတယ်။

နိုင်ငံတကာခေါင်းဆောင်တွေ
အမေရိကားမှာ ဘားရက်(ခ) အိုဘားမား သမ္မတဖြစ်လာတယ်။ အိုဘားမားလို ငယ်ရွယ်သူတစ်ယောက်ကို အမေရိကန်တွေ ဘာကြောင့်ရွေးချယ်ခဲ့ကြသလဲ။ တရုတ်မှာလည်း ငယ်ရွယ်တဲ့လူတွေကို နေရာပေးလာကြပြီ။ လုံးလုံးလျားလျား လွှဲပေးလိုက်တာမျိုးလည်းမဟုတ်။ သူတို့တွေက ကြီးကြပ်သူ၊ အကြံပေးသူ နေရာတွေမှာ ရှိနေကြသေးသည်။ ပြောရလျှင် လူငယ်နှင့်လူကြီး သဟဇာတဖြစ်သည်ဟု ဆိုရမည်။ ဖြစ်ပေမည်ပေါ့၊ တရုတ်နိုင်ငံကြီး တိုးတက်ဖွံ့ဖြိုးဖို့ဆိုသည့် ဦးတည်ချက်တူကြသည်ကိုး။ စင်ကာပူကလည်း ထိုနည်း၎င်းပင်။ ငယ်ရွယ်သူတွေကို နေရာပေးလာကြပြီ။ ၀န်ကြီးချုပ်နေရာအတွက် ဆက်ခံမည့်သူကို စနစ်တကျ ရွေးချယ်ထားပြီးသား၊ လက်ရှိဝန်ကြီးချုပ်ပြီးလျှင် ဘယ်သူဖြစ်မယ်ဆိုတာ သူတို့မှာ ရှိပြီးသား။ ကျွန်တော်တို့နှင့် အနီးဆုံးအိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ၀န်ကြီးချုပ်သည် သက်ကြားအိုမဟုတ်တော့။ ရုရှားက ပူတင်ရော၊ မက်ဗီဒက်ရော အသက်(၅၀)၀န်းကျင်တွေ။ အခုနောက်ဆုံး ဗြိတိန်မှာလည်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ၀န်ကြီးချုပ်အဖြစ် ဒေးဗစ်ကင်မရွန်းကို ရွေးချယ်လိုက်ကြပြီ။ သူ့အသက်က (၄၃)နှစ်ပဲ ရှိသေးသည်။ အခြားနိုင်ငံတို့တွင်ရော… မည်သို့ရှိသည်ကို စာဖတ်သူအသိ ဖြစ်ပါလိမ့်မည်။

နိဂုံးချုပ်ကြပါစို့
စကားတွေက ဟိုရောက်ဒီရောက် ဖြစ်သွားပါသည်။ စကားလုံးအသုံးအနှုန်းနှင့် တင်ပြပုံမကျွမ်းကျင်မှုကြောင့် ပြောလိုရင်းကို ဘေးချော်ကောင်း ချော်သွားနိုင်ပါသည်။ ထို့ကြောင့် ဤနေရာတွင် ပြန်လည်အနားသတ်ပါရစေ။ နိုင်ငံရေးလုပ်ခြင်းသည် လူကြီးအလုပ်၊ လူငယ်အလုပ်ဟူ၍ ခွဲခြားရသည့်အရာ မဟုတ်ပါ။ ဆရာအောင်ထွန်းသက်ပြောသလို နိုင်ငံ့အရေးဖြစ်သည့်အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်၊ နိုင်ငံသားတိုင်း ပြုလုပ်ရမည့်အချက် ဖြစ်ပါသည်။ လူကြီးပဲလုပ်လုပ်၊ လူငယ်ပဲလုပ်လုပ် နိုင်ငံတိုးတက်အောင် လုပ်ဆောင်ကြခြင်း ဖြစ်သည်ဆိုလျှင် ကြိုဆိုကြရမည်သာ ဖြစ်ပါသည်။ သို့သော် လူကြီးကလည်း လူငယ်ကို နေရာမပေး၊ လူငယ်ကလည်း လူကြီးကို မယုံကြည်လျှင်တော့ အပြည့်အ၀ အောင်မြင်နိုင်မည်မဟုတ်ဟု ယူဆပါသည်။ အများစိတ်ဝင်စားသည့် ဘောလုံးစကားလေးနှင့် ပြောပါရစေဦး။ ဘောလုံးအသင်းတစ်သင်းတွင် အတွေ့အကြုံရင့် ကစားသမားတွေနှင့်ချည်း ဖွဲ့စည်းထားလို့ မရပါ။ ခေတ်သစ်ဘောလုံးသည် လျင်မြန်မှု၊ သန်မာမှုတို့ကို အားပြုကစားရသောကြောင့် ဖြစ်ပါသည်။ ထို့သို့ဆိုသည့်အတွက် တက်ကြွသွက်လက် သန်မာဖျတ်လတ်သည့် လူငယ်တွေနှင့်ချည်းလည်း အဆင်မပြေနိုင်ပါ။ အင်္ဂလန်ပရီမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကို နမူနာကြည့်နိုင်ပါသည်။ ပြောရလျှင် အတွေ့အကြုံဖြင့် ဦးဆောင်ထိန်းသိမ်းနိုင်သည့် သက်ကြီးကစားသမားတွေ လိုအပ်သလို၊ လျင်မြန်မှု၊ ကြံ့ခိုင်မှုကောင်းမွန်သည့် လူငယ်ကစားသမားတွေလည်း လိုအပ်ပါသည်။ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာအသင်းများကိုကြည့်လျှင် ထိုအချက်ကို ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။ ရော်နယ်လ်ဒင်ဟို ခြေစွမ်းထက်နေစဉ်က ဘာစီလိုနာတွင် မည်သို့စွမ်းဆောင်ခဲ့သည်ကို အားလုံးအသိ ဖြစ်ပါသည်။ ရော်နယ်လ်ဒင်ဟို အီတလီသို့ ပြောင်းသွားတော့ ဘာစီလိုနာ ပျက်စီးသွားခြင်း မရှိပါ။ ရော်နယ်လ်ဒင်ဟိုနှင့် အတူတွဲကစားကာ ပညာစုံရခဲ့သည့် မက်ဆီက ၀င်ထိန်းပေးသွားသောကြောင့် ဖြစ်ပါသည်။

အခုကျွန်တော့်အမြင်ကလည်း ထိုအချက်နှင့် နှိုင်းယှဉ်လိုခြင်း ဖြစ်ပါသည်။ ယခုလာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများ၊ နိုင်ငံရေးသမားများသည် ဘာစီလိုနာအသင်းတွေ၊ မန်ယူအသင်းတွေ၊ ရော်နယ်လ်ဒင်ဟိုတွေ၊ ဒေးဗစ်ဘက်ဟမ်းတွေ ဖြစ်ကောင်းဖြစ်ကြပါလိမ့်မည်။ သို့သော် သူတို့မရှိတော့လျှင် အစားဝင်မည့် မက်ဆီလေးတွေ၊ ရွန်းနီလေးတွေ၊ စီရိုနယ်လ်ဒိုလေးတွေကိုတော့ မွေးမြူထားဖို့လိုသည်ဟု ပြောလိုပါသည်။ ဘောလုံးနည်းစနစ် စာအုပ်တွေပဲဖတ်ခိုင်း၊ ဘောလုံးပွဲအခွေတွေပဲ ကြည့်ခိုင်း၊ ကမ္ဘာကျော်ဘောလုံးသမားတွေ တစ်ဦးပြီးတစ်ဦးက လက်ချာတွေ ပို့ချနေရုံဖြင့်တော့ မက်ဆီတွေ၊ ရွန်းနီတွေ၊ စီရိုနယ်လ်ဒိုတွေ ထွက်လာစရာ အကြောင်းမရှိပါ။ ဘောလုံးနှင့်ခြေထောက် ထိတွေ့ခွင့် ပေးရပါမည်။ ဘောလုံးစကားနှင့်ဆိုရလျှင် ပွဲထွက်ခွင့် (ပွဲကစားခွင့်) ပေးရပါမည်။ သို့မှသာ ယုံကြည်မှုနှင့် အတွေ့အကြုံတို့ ရလာပါလိမ့်မည်။ လူစာရင်းတော့ထည့်ထားသည်။ သို့သော် အရံခုံတွင်ချည်း ထိုင်ခိုင်းထားနေလျှင်လည်း အဆင်ပြေမည်မထင်ပါ။ ကျွန်တော့်ပြောလိုရင်းကို ဆ၀ါးမိမည်ဟု ထင်ပါသည်။

ကျွန်တော်သည် နိုင်ငံရေးသမားတစ်ဦးမဟုတ်ပါ။ ထို့အတူ နိုင်ငံရေးသိပ္ပံပညာရပ်ကိုလည်း ထဲထဲဝင်ဝင် သိနားလည်လှသူ မဟုတ်ပါ။ လက်လှမ်းမီရာစာပေများကို ဖတ်ရှုမိသမျှ၊ ခံစားဆင်ခြင်မိသမျှ၊ တွေးမိသမျှကို ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါသည်။ သို့ပါသောကြောင့် ကျွန်တော်ရေးခဲ့သမျှတွင် စပါးလုံးများ၊ ခဲသလဲများ ပါကောင်းပါနေနိုင်ပါသည်။ ရွေးဖယ်ပစ်ထုတ်လိုက်ပါ။ အကယ်၍ အခန့်မသင့်ဘဲ ၀ါးမိသည်ဆိုလျှင်လည်း ပြစ်တင်ကြိမ်းမောင်း ဆဲဆိုနိုင်ပါသေးသည်။ ဒီလိုခဲသလဲနဲ့ဟာမျိုး မစားချင်ဘူးဆို၍ တစ်ပန်းကန်လုံး လွှင့်ပစ်လိုက်လျှင်လည်း စာဖတ်သူသဘောအတိုင်းသာ ဖြစ်ပါသည်။

ထောက်ပြ၊ ဝေဖန်၊ အကြံပြု၊ ဆွေးနွေးလိုသည်များကိုလည်း ကြိုဆိုလျက်ရှိပါကြောင်း…။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၀၆ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁၁ နာရီ ၀၅ မိနစ်တွင်ပြီး၏။

2 comments:

  1. ထပ်ပြီး အမြန်ဆုံး တင်ပေးနိုင်ပါစေဗျာ

    ReplyDelete

 
Web Statistics