မြန်မာနိုင်ငံတွင် ဤလူသိုက်သည် နတ်ကို ဤမျှ ကိုးကွယ်ကြလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့။
ထိုနည်းတူစွာ မြန်မာနိုင်ငံတွင် ကျွန်တော် မသိသောနတ်များ ဤမျှ များပြားလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့။ တောင်ပြုံးဘုရားပွဲတော်နှင့် ရတနာပူဘုရားပွဲတော်များသို့ ရောက်ရှိသွားသည့်အခါမှသာ ဘုရားကိုအမှီပြု၍ နတ်များနေရာရကာ ကျွန်တော် မထင်သော ကိုယ်တွေ့များကို ကြုံရပါတော့သည်။
အမှန်အားဖြင့်ကား ဘုရားပွဲတော် (သို့) တောင်ပြုံးပွဲတော်ဆိုလျှင် ရွှေဖျင်းညီနောင်ဟု ခေါ်ကြသော မင်းကြီးမင်းကလေး နတ်နှစ်ပါး၏ ပွဲတော်ဟု အများအားဖြင့် နားလည်ကြလေ့ရှိကြသည်။ တောင်ပြုံးပွဲတော်သို့ သွားရောက်လေ့လာသောအခါ ရွှေဖျင်းညီနောင်၏ နတ်ကွန်းသာမက ပုပ္ပါးမယ်တော်ကြီး၊ အိမ်တွင်းအရှင် ခုနစ်ပါးနန်းတော်၊ မဟာဂီရိ၊ မြင်းဖြူရှင်နှင့် အမေရွှေနဘေ၊ သားတော်တောင်မင်းကြီး၊ ကိုးမြို့ရှင်၊ ပခန်းကိုကြီးကျော်နန်းတော်၊ အလုံဘိုးတော်၊ သခင်မ မမနှဲတို့၏နန်းတော်၊ အမေရွှေနဘေကန်တော် စသည်ဖြင့် သက်ဆိုင်ရာ နတ်ရုပ်အသီးသီးဖြင့် နတ်ကွန်းများကို တွေ့ရသည်။ ထိုနတ်ကွန်းနန်းတော်များထက် ကြီးကျယ်ကာ ကျွန်းပင်မောင်တော်နှမတော် နတ်နန်း၊ မန္တလေးဘိုးတော်၊ အောင်ပင်လယ်ဘိုးတော်၊ ကင်းကတော်သခင်မ နန်းတော်နှင့် ရှမ်းကိုးမြို့နတ်ကွန်းများတွင် နတ်ရုပ်အပြည့်အစုံ၊ အ၀တ်အစား တောက်တောက်ပြောင်ပြောင်၊ ကန်တော့ပွဲပေါင်းစုံသာမက နတ်ကွန်းတိုင်းတွင် ဆိုင်းဝိုင်းကြီးများနှင့် နတ်ပင့်ကာ ကခုန်နေကြသည်ကို တွေ့ရပါသည်။
အံ့သြဖွယ်ရာကောင်းလှသည်မှာ ကျွန်တော်တို့သိရသည်မှာ ဦးမင်းကျော်နတ်တစ်ပါးသာ ဖြစ်သော်လည်း တောင်ပြုံးပွဲတော်ရှိ နတ်ကွန်းနန်းတော်တချို့တွင် ရေးဆွဲထားသော စာများအရ တလိုင်းဦးမင်းကျော်၊ ပုဂံ ဦးမင်းကျော်၊ အညာဦးမင်းကျော်၊ ပုခန်းဦးမင်းကျော် ဟု ဦးမင်းကျော်အမျိုးမျိုး ထွက်ပေါ်လာသည်ကို တွေ့ရပါသည်။
နတ်ကွန်းများတွင် မင်းညီနောင်မှအပ အခြားသောနတ်များကို အဓိကထားနေသည်ကို တွေ့ရသဖြင့် လေ့လာသူများမှာ ထူးဆန်းလျက်ရှိကြသည်။ ထိုထက်ပို၍ ထူးဆန်းသည်မှာ နတ်ကွန်းတိုင်းတွင် အရွယ်ရောက်စ အပျိုပေါက် လှလှကလေးများထိုင်ကာ နတ်ကတော်ကလေးများအသွင်၊ နတ်ကောက်ခံရသည့် ကလေးမများအသွင် အကောင်းဆုံးဝတ်စားကာ လှလှပပ ပြင်ဆင်ထားခြင်းပင်။
တိုင်းတစ်ပါးမှ လာရောက်လေ့လာကြသော နိုင်ငံခြားသားအများတို့ကမူ ထိုကောင်မလေးများ အကြောင်းကို အများဆုံး မေးမြန်းစုံစမ်းနေကြသည်ကို တွေ့ရပါတော့သည်။
ကျွန်တော်တို့အထင်မှာ နတ်ကိုးကွယ်သူလူသိုက်မှာ ကျေးလက်တောရွာမှသာဟု ထင်မှတ်တတ်ကြသည်။ တောင်ပြုံးပွဲတော်နှင့် ရတနာဂူပွဲတော်များသို့ နတ်ကိုအဓိကထား၍ လာကြသည့် အမျိုးသမီးကြီးများမှာ များသောအားဖြင့် ရန်ကုန်ရွှေမြို့တော်နှင့် မန္တလေးရွှေမြို့တော်မှ နာမည်ကြီးမိန်းမများ ဖြစ်နေကြသည်ကို တွေ့ရပါသည်။ မင်းညီနောင်နတ်ကွန်းတွင် တက်ပွဲအပြိုင် ကျင်းပရာတွင်လည်း ထိုအမျိုးသမီးကြီးများသာဖြစ်၍ ငွေများစွာ သုံးစွဲနိုင်သောကြောင့် နတ်အုပ်နတ်ထိန်းများက နေရာပေခြင်း ခံရသူများမှာလည်း ထိုအမျိုးသမီးကြီးများတစ်သိုက် ဖြစ်နေသည်ကို တွေ့ရပါသည်။
ထို့ကြောင့်လည်း တောင်ပြုံးနတ်ပွဲအကြောင်း လေ့လာသူများကို အချို့သော နတ်ဝင်သည်များက နတ်အုပ်နတ်ထိန်းများအကြောင်း ရင်ဖွင့်ကြသည်ကို တွေ့ရပါသည်။
နတ်ပွဲမှ စီးပွားရှာပွဲ ဖြစ်လာသည်ကို မကျေနပ်သည့် နတ်ဝင်သည်များကို တွေ့ခဲ့ရပါသည်။
အချို့သော သတင်းစာများတွင် တောင်ပြုံးနှင့် ရတနာဂူနတ်ပွဲများတွင် နောက်ပြောင်ခြင်း မူးကြခြင်းအကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ ကျွန်တော့်ကိုယ်တွေ့အားဖြင့်ကား တောင်ပြုံးနှင့် ရတနာဂူပွဲတော်များကို သက်ဆိုင်ရာ လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများက ကောင်းစွာစောင့်ရှောက်ထားကြပါသည်။ နောက်ပြောင်မှု လုံးဝမရှိကြပါ။ မူးသူများ ရှိကြပါသည်။ ထိုသူများ မရမ်းကြပါ။ သူတို့ အချင်းချင်း မူးကြခြင်းသာ ရှိပါသည်။ မူး၍ ဆိုင်းဆရာကို ပိုက်ဆံပေးပြီး ကကြခြင်းသာ ရှိသည်။ မဖွယ်မရာဖြစ်မှု နည်းလှပါသည်။ ရဲသားများလည်း နေရာတိုင်းတွင် စောင့်ကြပ်လျက် ရှိကြပါသည်။ ထိုပရိသတ်များတွင် ထူးဆန်းသည် ဆိုရသည်မှာ ကုလားကပြားများ၊ အထူးသဖြင့် ကုလားဒိန်များ ပျော်ပါးကြခြင်း ဖြစ်သည်။
ထိုအကြောင်းကို အများက ဖြေဆိုကြသည်မှာ ရွှေဖျင်းညီနောင်သည် ဗျတ်ဝိဗျတ်တ ကုလားညီနောင်မှ ဆင်းသက်လာသဖြင့် ကုလားဒိန်များအဖို့ သူတို့အမျိုးအနွယ်၏ နတ်ပွဲဆိုကာ အလွန်ပျော်ကြသည်ဟု ဖြေဆိုကြပါသည်။
လွတ်လပ်စွာကိုးကွယ်ခွင့်အတွက် တောင်ပြုံးနှင့် ရတနာဂူပွဲတော်များတွင် အထူးရထား အပိုပြေးရန် ဆောင်ရွက်ပေးသည်သာမက စောင့်ရှောက်ရေးဖက်တွင်လည်း ကောင်းစွာဂရုပြုသည်ကို တွေ့ရပါသည်။ မူလကမူ ဤပွဲတော်များမှာ ဘုရားပွဲတော်များသာ ဖြစ်ခဲ့ပါသည်။ ယခုမူ နတ်ပွဲများဖြစ်နေလျက် နတ်ပရိသတ် လူသားများမှာလည်း မြို့တော်ကြီးများမှ ဖြစ်နေသောကြောင့် ဘုရား-နတ်နှင့် လူသားတို့မှာ ဤသို့ပင် ထွေးလုံးရစ်ပတ် နေလေတော့မည်လားဟု အတွေးဝင်ခဲ့ရပါတော့သတည်း။
ရှုထောင့်ဂျာနယ်၊ အမှတ် (၆၀)
စက်တင်ဘာ (၁၅၊၁၉၇၁) မှ
thanks for this post.
ReplyDelete