စင်ကာပူခေါင်းဆောင်ကြီး လီကွမ်းယူက "စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆိုတာ အပြောဆုံးပဲ။ စည်းကမ်းရှိမှ လူ့အဖွဲ့အစည်း တိုးတက်မယ်။ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ဆိုတာကို အလိုလိုက်,လိုက်ရင် ပရမ်းပတာ ဖြစ်ကုန်မယ်လို့ လီကွမ်းယူက တဖွဖွ ပြောသတဲ့။
ကျွန်တော့်ဆီမှာ လီကွမ်းယူနဲ့ ပတ်သက်တဲ့ သတင်းစာဖြတ်ပိုင်းတွေ အများကြီးရှိတယ်။ သူက စကားလည်း အတော်ပြောတဲ့ပုဂ္ဂိုလ်။ စာနယ်ဇင်းတွေနဲ့ အင်တာဗျူးတွေ အများကြီးပဲ။ ဘန်ကောက်က ထုတ်ဝေတဲ့ နေးရှင်းသတင်းစာနဲ့ လီကွမ်းယူ ဗျူးထားတာတစ်ခုကို မနေ့တစ်နေ့က ပြန်ဖတ်နေမိတယ်။
နေးရှင်းသတင်းစာက မေးတယ်။
"ခင်ဗျားရဲ့ အာရှတန်ဖိုးဆိုတာဟာ အတော်အငြင်းပွားစရာ ဖြစ်နေပါလား။ ချုပ်ချယ်မှုတွေ များလွန်းတယ်လို့ ဝေဖန်တာတွေကို ခင်ဗျားဘယ်လို ရှင်းပြချင်သလဲ"
လီကွမ်းယူက "ဟုတ်တယ်၊ ကျုပ်တို့ဟာ အာဏာသုံးတယ်။ အမိန့်နာခံမှုကို တင်းတင်းကျပ်ကျပ်သုံးတယ်။ လူတစ်ဦးချင်းရဲ့ တီထွင်ဖန်တီးမှုကို အားမပေးဘူး။ လူ့အတ္တကို ထုတ်ဖော်ခွင့်မပြုဘူး စသည်ဖြင့် ဝေဖန်ကြတာတွေ သိသားပဲ။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ လူ့အဖွဲ့အစည်းအကျိုးအတွက် လုပ်တာဖြစ်တယ်။ ပုဂ္ဂလိက ဆန္ဒတွေကို အဆီးအတားမရှိ လွှတ်ပေးလိုက်ရင် လူမှုရေးဖောက်ပြားမှုတွေ၊ အများပြည်သူကို ထိခိုက်စေမှုတွေ တထိတ်ထိတ် တလန့်လန့် မလုံမခြုံဖြစ်မှုတွေနဲ့ ကြုံရမှာပဲ။ အခု အမေရိကန်မှာ အဲသလို ဖြစ်နေတယ်မဟုတ်လား" လို့ ပြန်ဖြေတယ်။
အာရှတန်ဖိုးနဲ့ အမေရိကန်တန်ဖိုးအကြောင်း ရှင်းပြခိုင်းတော့ လီကွမ်းယူက ဖိလစ်ပိုင်နိုင်ငံကို နမူနာထားပြီး ပြောသွားတယ်။ သူပြောချင်တဲ့ သဘောကတော့ အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ပြည်ကို အတုယူပြီး အမေရိကန် တန်ဖိုးနှုန်းစံတွေနဲ့ သွားနေတယ်။ ဖိလစ်ပိုင်ဟာ ဒီမိုကရေစီကို အလေးကဲပြီး တစ်ဦးချင်း လွတ်လပ်ခွင့်တွေ ပေးထားလေတော့ စည်းကမ်းပိုင်းမှာ လျော့ရဲတယ်။ အလုပ်မတွင်ကျယ်ဘူး။ ထုတ်လုပ်မှုတွေ ကျဆင်းတယ်လို့ ဆိုတယ်။
အင်တာဗျူးဆရာက ၁၉၈၈ ခုနှစ်တုန်းက လီကွမ်းယူက ထိုစဉ်က ဖိလစ်ပိုင်သမ္မတ ကော်ရာဇန်အာကီနိုကို ဂျုန်းအော့ဖ်အာ့ခ်နဲ့တောင် နှိုင်းပြီး အလွန်အမင်း ချီးမွမ်းခန်းဖွင့်ခဲ့တာကို ပြန်လည်ကိုးကားပြီး အာကီနိုခေါင်းဆောင်မှုကို ဘယ်လိုသဘောရသလဲလို့ မေးတယ်။ လီက "မစ္စက် အာကီနိုဟာ အုပ်ချုပ်ရေး အတွေ့အကြုံမရှိဘူး၊ သူမရဲ့ စစ်ဦးစီးချုပ်ကလည်း လူ့အခွင့်အရေး ဦးစားပေးလွန်းတယ်။ တိုင်းပြည်တစ်ပြည် တိုးတက်ဖို့ဆိုတာ ရည်ရွယ်ချက်ကောင်းတွေ ရှိရုံနဲ့ မပြီးဘူး။ တိုးတက်အောင် တကယ်မောင်းမှ ရတယ်" လို့ ပြန်ဖြေတယ်ဗျ။
"ခင်ဗျားဟာ အမေရိကန် သမ္မတ ခုနစ်ဆက်နဲ့ ကြုံတွေ့ဆက်ဆံခဲ့ရသူဆိုတော့ ဘယ်သမ္မတဟာ အာရှကို တကယ်တမ်းနားလည်သူ ဖြစ်တယ်လို့ ခင်ဗျားထင်သလဲ" လို့ မေးတဲ့အခါ လီကွမ်းယူက နစ်ဆင်ကို အမွှမ်းတင်ပြောသွားသတဲ့။ တကယ်က နစ်ဆင်ဟာ အမေရိကန်သမိုင်းမှာ တရားစွဲခံရအံ့ဆဲဆဲကျမှ ရာထူးကနေ နုတ်ထွက်ပေးသွားခဲ့ရသူ တစ်ဦးတည်းသော သမ္မတဖြစ်တယ်။ ခုထိ အမေရိကန်ပြည်သူတွေ အမုန်းတီးဆုံး အရွံရှာဆုံး သမ္မတဖြစ်နေဆဲပဲ။ အဲသလို လူကို လီကွမ်းယူက လူတော်လူကောင်းတစ်ယောက်လို့ မြင်ပါသတဲ့။
"ခင်ဗျား အလုပ်တာဝန်က ဘာလဲ။ ၀န်ကြီးချုပ်မလုပ်တော့ဘဲ စီနီယာဝန်ကြီးဆိုတဲ့ နာမည်ခံထားပြီး ၀န်ကြီးချုပ်နဲ့ ဘယ်လိုအလုပ်ခွဲခြား လုပ်နေသလဲ" လို့ ဆက်မေးတဲ့အခါ လီက "(၁၁) ယောက် ကစားတဲ့ ဘောလုံးအသင်းမှာ ကျုပ်က နံပါတ် ၁၂ လိုမျိုးပေါ့။ စီမံခန့်ခွဲတဲ့ အလုပ်တာဝန်တွေကို ကျုပ်မလုပ်ဘူး။ အရှည်မျှော်စဉ်းစားပြီး အနာဂတ်အတွက် ဘာတွေလုပ်သင့်တယ်ဆိုတာ ကျုပ်က ပုံစံချပေးတယ်။ လမ်းကြောင်းတွေ ဖော်ပေးတယ်။ ဥပမာ ၁၉၇၀ နှစ်များတွေတုန်းက စင်ကာပူကလူတွေ အနောက်နိုင်ငံတွေကိုသွားပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တယ်။ အဲသလို လုပ်ခဲ့ရာကနေ အာရှ၊ အရှေ့အာရှ၊ တရုတ်ပြည်၊ ဗီယက်နမ်၊ အာဆီယံနိုင်ငံတွေမှာ စင်ကာပူအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ချိန်တန်ပြီလို့ ကျုပ်ကစာတမ်းရေးပြီး ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို တင်ပြခဲ့တယ်။ အခုဆိုရင် စင်ကာပူဟာ အာရှမှာ ဇောက်ချပြီး ရင်းနှီးမြှုပ်နှံနေပါပြီ" လို့ ဖြေတယ်။
ဘာပဲပြောပြော လီကွမ်းယူဟာ စင်ကာပူနိုင်ငံလေးကို စီးပွားရေးတိုးတက်အောင်မြင်တဲ့ ကမ္ဘာ့ထိပ်တန်း စီးပွားရေးအင်အားရှင် နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် ဆွဲတင်ပေးခဲ့သူဖြစ်လို့ သူ့အာဘော်တွေကို အလကားဟာတွေပါလို့ ဥပေက္ခာပြုလို့ မရပေဘူး။
လီကွမ်းယူရဲ့မူက သူ့တိုင်းပြည် သူ့လူမျိုးကို ဇိကုပ်ပြီး နတ်ပြည်တင်ခြင်းဖြစ်တယ်။ နိုင်ငံသားတွေကို စည်းကမ်းနဲ့ ကိုင်သလို အုပ်ချုပ်သူတွေကလည်း စည်းကမ်းအတိုင်း လိုက်နာကျင့်ကြံရတယ်။ စည်းကမ်းဆိုတာ တိုင်းသူပြည်သားအတွက်ပဲ ဖြစ်တယ်။ အုပ်ချုပ်သူတွေ လိုက်နာဖို့မလိုဘူး ဆိုတာမျိုး လုံးဝခြွင်းချက်မထားလို့လည်း တိုးတက်ခဲ့တာဖြစ်တယ်။
စည်းကမ်းဟူသည် လူ့တန်ဖိုးဆိုတဲ့အတိုင်း စည်းကမ်းရှိတာ ကောင်းတယ်၊ စည်းကမ်းထိန်းတာ ကောင်းတယ်။ ဒါပေမယ့် စည်းကမ်းဟာ တင်းကျပ်လွန်းရင် ချုပ်ချယ်မှုဖြစ်တယ်။ လွတ်လပ်ခွင့်တွေ ဆုံးရှုံးတယ်။
လူတစ်ဦးချင်းဟာ မိမိတို့အရေးကိစ္စတွေကို ရှေ့တန်းမတင်ဘဲ လူ့အဖွဲ့အစည်းအတွက် နိုင်ငံတော်အတွက် ဦးစားပေးလုပ်ကြရမယ်ဆိုတဲ့ သဘောတရားကို အီတလီက မူဆိုလီနီတို့က စပြီးပြောခဲ့တယ်။ စတာလင်ကျတော့ လူတွေကို သူလိုရာ ပုံသွင်းပြီး စိတ်ကြိုက်လူ့အဖွဲ့အစည်း ဖန်တီးဖို့ ကြိုးစားခဲ့တယ်။ သည်လိုနဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာတယ်။ အာကာကသိပ္ပံဘက်မှာလည်း ဖွံ့ဖြိုးတိုးတက်လိုက်တာ ဂြိုဟ်တုတွေ အာကာသယာဉ်တွေ လွှတ်နိုင်တယ်။ နျူကလီးယား လက်နက်တွေကိုလည်း အမေရိကန်နဲ့ နင်လားငါလား ထုတ်လုပ်နိုင်ခဲ့တယ်။ အားကစားဘက်မှာလည်း ကမ္ဘာ့ထိပ်တန်း အားကစားအကျော်အမော်တွေ ဆိုဗီယက်က အများကြီးထွက်ခဲ့တာပဲ။
သို့ပေမယ့် ဆိုဗီယက်ကလူတွေဟာ စက်ရုပ်ဆန်နေတယ်။ ကိုယ့်ကိုယ်ကိုယ် မပိုင်သလို ဖြစ်ခဲ့ကြတယ်။ လူတန်းစေ့ နေနိုင်စားနိုင်ကြပေမယ့် အလုပ်အကိုင် အာမခံချက်ရှိပေမယ့် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် မနေရတဲ့ဘ၀မှာ သူတို့မပျော်ကြဘူး။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ်မှာ ဆိုဗီယက်ကြီး ပြိုကျသွားတာ ဖြစ်တယ်။
ဆိုဗီယက်ကြီးရဲ့ ဇာတ်သိမ်းခန်းကိုကြည့်ပြီး ကျွန်တော်တို့ သင်ခန်းစာ ရလိုက်တယ်။ တကယ်ကတော့ ရှည်ရှည်ဝေးဝေး ကမ္ဘာ့ဥပမာတွေ ရှာနေဖို့တောင် မလိုပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့ဖူးမြင်ဖူးနေတဲ့ အိမ်ဖော်မိန်းကလေးတချို့ရဲ့ ဥပမာနဲ့ ပြောရင် ပိုလွယ်မယ်။ မြို့မှာတက်ပြီး အိမ်ဖော်အလုပ် လုပ်ကြရတဲ့ မိန်းကလေးတွေ သူတို့နေထိုင်ရတဲ့ အိမ်အတော်များများမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေ၊ ကောင်းကောင်းဝတ်ရတယ်။ ရုပ်မြင်သံကြားလည်း ကြည့်ရတယ်။ ဒါပေမယ့် ရေရှည်မှာ သူတို့မပျော်ဘူး။ အိမ်ရှင်ရဲ့ စည်းကမ်းတွေကို သူတို့ ရွံ့မုန်းလာတယ်။ နောက်ဆုံးတော့ ရွာကိုပဲပြန်ချင်တယ်။ ငါးပိရည်နဲ့ ထမင်းစားပြီး ချည်ကြမ်းအ၀တ်တွေပဲ ၀တ်နေရနေရ လယ်ကန်သင်းရိုးမှာ တေးတကြော်ကြော် အော်ဆိုပြီး လွတ်လပ်စွာနေရတဲ့ အရသာကို သူတို့ ပိုလွမ်းတယ်။ အိမ်ရှင်မျက်နှာကို ကြည့်ပြီး သူ့စိတ်နဲ့ ကိုယ့်ကိုယ် နေနေရတဲ့ဘ၀ကို တန်ဖိုးရှိတယ်လို့ သူတို့မထင်ဘူး။ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်းဆိုတာ တိုင်းပြည်တစ်ပြည်အတွက်သာ မဟုတ်ဘူး။ လူတစ်ဦးချင်းအတွက်လည်း အဓိပ္ပါယ်အများကြီး ရှိတယ်။ အိမ်ထောင်ရေးမှာလိုပေါ့။ ချစ်မြတ်နိုးလို့ ယူရတဲ့ အိမ်ထောင်နဲ့ မချစ်ဘဲ ဂုဏ်ပကာသနအတွက် လက်ထပ်ရတဲ့ အိမ်ထောင်တွေဟာ သာယာပျော်ရွှင်မှုမှာ မတူပါဘူး။ ရွှေဘုံပေါ်မှာ စံနေရပေမယ့် စိတ်မချမ်းသာရင် ချမ်းသာတယ်လို့ မဆိုနိုင်ပါဘူးဗျာ။
No comments:
Post a Comment