Sunday, June 13, 2010

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ


မကြာခဏဆိုသလို Etiquette ဆိုသောစကားကို ကြားရတတ်၏။ တစ်စုံတစ်ယောက်က လူပုံအလယ်တွင် အမှုမဲ့ အမှတ်မဲ့ဖြစ်စေ၊ တမင်သက်သက်ဖြစ်စေ မလိုလားအပ်သော အပြုအမူတစ်ခုကို ပြုလုပ်မိလျှင် မြင်တွေ့ကြုံဆုံရသူများက ထိုလူအပေါ် ချတတ်ကြသော မှတ်ချက်စကားမှာ "Etiquette ကို မရှိဘူး" ဟူ၍ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင်တော့ ထိုစကားလုံးကို မြန်မာအဓိပ္ပါယ်အားဖြင့် "လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှုစည်းကမ်း" ဟု ဖွင့်ဆိုထားသည်။ လူဆိုသည်မှာ လူ့အသိုင်းအ၀ိုင်း၊ လူမှုဝန်းကျင်တွင် နေထိုင်ကြရသော သတ္တ၀ါပင် ဖြစ်ချေသည်မှာ အထူးအထွေ ရှင်းပြရန်မလိုသော အချက်ဖြစ်ပေသည်။ ထိုကဲ့သို့ နေထိုင်ရာတွင် မိမိစိတ်ခံစားသည့်အတိုင်း၊ မိမိထင်မြင်သည့်အတိုင်း၊ မိမိဆန္ဒရှိသည့်အတိုင်း ပြောချင်တိုင်းပြော၊ နေချင်သလိုနေ၊ လုပ်လိုရာလုပ်ရန် မဖြစ်နိုင်တော့ချေ။ လူမှုအသိုင်းအ၀ိုင်းက သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လိုက်နာရပေသည်။

"ရောမရောက်လျှင် ရောမလိုကျင့်" ဟူသောစကားကို မြန်မာတိုင်း ကြားဖူးကြသည်။ သို့သော် အဓိပ္ပါယ်ကောက် လွဲမှားနေသူတွေ ဒုနှင့်ဒေး။ ဥပမာဆိုရလျှင် သူ့နိုင်ငံမှာရတဲ့ ပီစာကိုပဲစား၊ ကိုယ့်နိုင်ငံက မုန့်ပျားသလက်ကို တမ်းတမနေနဲ့၊ ရောမရောက်ရင် ရောမလို ကျင့်လိုက်စမ်းပါဟု ပြောဆိုတတ်ကြသည်။ ဒါက ဥပမာဖြစ်သည်။ ပြောလိုသည်က အဓိပ္ပါယ်ရှိလှသည့် စကားတစ်ခွန်း၏ အတွင်းအနှစ်သာရကို မြင်အောင်မကြည့်ဘဲ အပေါ်ယံဖြင့်သာ ကျေနပ်လိုက်ကြခြင်းပင်။

ထင်ရှားသော ဥပမာတစ်ခုကို ထုတ်ပြပါရစေဦး။ အင်္ဂလိပ်-မြန်မာစစ်ပွဲကာလက မြန်မာတို့၏ ရွှေတိဂုံဘုရားပေါ်သို့ အင်္ဂလိပ်အရာရှိတစ်ဦးက ဖိနပ်စီး၍ တက်သဖြင့် ပြဿနာတက်ခဲ့ဖူးသော အဖြစ်အပျက်တစ်ခုကို မှတ်မိကြဦးမည်ထင်သည်။ ထို့အပြင်တ၀ မြန်မာရှင်ဘုရင်ရှေ့မှောက်သို့ ၀င်ရောက်ရာတွင် လက်နက်များယူဆောင်လာ၍မရ၊ ဦးထုပ်ဆောင်းလာခွင့်မရှိ စသည့်အချက်များကို မလိုက်နာခဲ့သဖြင့် အင်္ဂလိပ်တို့နှင့် မြန်မာတို့ မကြာခဏ အချင်းများခဲ့ရသည်ကိုလည်း ဖတ်ဖူး၊ ကြားဖူးမည်သာ ဖြစ်ချေသည်။ ထိုအချက်တို့သည် "ရောမရောက်သော်လည်း ရောမလို မကျင့်သောကြောင့်" ဟု ကျွန်ုပ်ဆိုချင်သည်။ သူ့နိုင်ငံရောက်လျှင် သူ့နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို လိုက်နာရမည်မှာ Etiquette ပင် ဖြစ်သည်။ အမေရိကားရောက်လျှင် အမေရိကားယဉ်ကျေးမှုများကို လေးစားတန်ဖိုးထားရမည်၊ လိုက်နာရမည်။ အာဖရိကရောက်လျှင်လည်း အာဖရိကယဉ်ကျေးမှုများကို ထိုနည်း၎င်းပင် လေးစားလိုက်နာရပေမည်။

မကြာသေးမီကာလများက ဂျာနယ်တစ်စောင်ထဲတွင် နိုင်ငံတကာကျင့်ဝတ်စည်းကမ်းများဆိုပြီး ဘာသာပြန်ပေးနေသည်ကို ဖတ်ရသည်။ အကျိုးရှိလှသည်။ သဘောကျမိသည်။ သို့သော် နှစ်ပတ်လောက်ကြာတော့ ဆက်မရေးတော့။ ဘာဖြစ်သွားသလဲတော့ မသိ။ အချို့သော ကျွန်တော့်သူငယ်ချင်းမိတ်ဆွေ နိုင်ငံခြားပြန်များကလည်း သူတို့ရောက်ခဲ့သော နိုင်ငံများ၏ Etiquette များကို ဖောက်သည်ချကြသည်။ သူများဆီက ကောင်းသည့်အချက်များကို သဘောကျတာ၊ အတုယူတာ၊ အခြားသူများကို ပြန်လည်ပြောပြတာ ကြိုဆိုစရာဖြစ်ပါ၏။ ကြိုလည်းကြိုဆိုပါ၏။ ကျေးဇူးလည်းတင်ပါ၏။ သို့သော် နောက်ဆက်တွဲဆက်ပြောတတ်ကြသည့် စကားများကို ကျွန်တော်နားထောင်ရတိုင်း စိတ်တိုရ၏။ တစ်ခုခုပြန်ပြောချင်စိတ်ကို မနည်းကြီးကို ထိန်းရ၏။ "ငါတို့မြန်မာလူမျိုးတွေဟာ ကမ္ဘာ့အလယ်မှာ Etiquette နားမလည်တဲ့လူမျိုး၊ Ethic ဆိုတာကို ဘာမှန်းမသိသည့် လူမျိုးတွေကွ" ဟု မပြောရုံပဲ ကျန်တော့သည်။ စကားလုံးတိုင်း၏ သဘောတရားက ထိုသို့ဖြစ်နေသည်။ ပြောနေသည့် သူကိုယ်တိုင်ကပဲ မြန်မာလူမျိုး မဟုတ်လေသည့်ပုံစံ။ မြင်ပြင်းကတ်လိုက်တာ။ ထိုကဲ့သို့သောလူမျိုးကို ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ တစ်လတန်သည်၊ နှစ်လတန်သည် သွားထားလိုက်ချင်သည်။ ငယ်စဉ်က ဘုန်းကြီးကျောင်းမှာ မနေခဲ့ရဖူး၊ ဘိုးဘွားမိဘ လူကြီးသူမများ၏ အဆုံးအမကို မခံယူဖူးသူဟု ကျွန်တော်ကဆိုလျှင် ထိုသူတို့ ကြိုက်ကြမည်မဟုတ်။

ကျွန်တော်တို့ငယ်စဉ် ကလေးဘ၀ကတည်းက အိမ်မှာဘယ်လိုနေရမည်၊ ကျောင်းမှာဘယ်လိုနေရမည်၊ ဘယ်လိုစားသောက်ရမည်၊ ဘယ်လိုပြောဆိုရမည် စသည်များကို မိဘဘိုးဘွားများ၊ ဆရာဆရာမများ၊ လူကြီးသူမများက ဆုံးမပြုပြင်ပေးတတ်ကြပါသည်။ ထိုကဲ့သို့သော အဆုံးအမများနှင့် ကြီးပြင်းလာရသည့် ကိုယ့်ကိုယ်ကိုယ်လည်း အင်မတန်ကံကောင်းသူ၊ ကံထူးသူဟု ခံယူမိပါသည်။ ကိုယ်တွေတုန်းက လူကြီးသူမတွေက အချိန်ပေးပြီး ဆုံးမနိုင်ကြသည်၊ ဆုံးမကြသည်။ ယနေ့ခေတ်ကတော့ ပြောင်းလဲသွားပြီ။ အားလုံးက မပြေးရုံတမယ် ရုန်းကန်နေကြရသည်။ ဘာတွေနဲ့အလုပ်ရှုပ်နေမှန်းတော့ မသိ။ ဆိုလိုသည်က မိသားစုစားဝတ်နေရေးအတွက် အလုပ်အကိုင်လုပ်နေသဖြင့် အချိန်မရှိသည့်သူများကို နားလည်နိုင်ပါသည်။ သို့သော် အိမ်မှာပဲနေရသည့် အဘိုးအဘွားတွေ၊ ဦးလေးအဒေါ်တွေ၊ လမ်းထဲက လူကြီးသူမတွေက ဘာတွေအလုပ်ရှုပ်နေမှန်းမသိ။ တစ်နေ့တစ်နေ့ ဂဏန်းသင်္ချာတွက်လိုက်၊ ဘောလုံးပွဲအကြောင်းပြောလိုက်၊ မင်းသားမင်းသမီးအကြောင်း အရည်မရအဖတ်မရ ဆွေးနွေးလိုက်၊ ကိုရီးယားကားတွေကို ထမင်းမေ့၊ ဟင်းမေ့ထိုင်ကြည့်လိုက်နဲ့ အချိန်ကုန်နေကြသည်ကို ကျွန်တော်နားမလည်နိုင်၊ မကျေနပ်နိုင်။ သူတို့တွေ ငယ်စဉ်တုန်းကတော့ လူကြီးသူမတွေက သူတို့တွေကို ဆုံးမပြုပြင်ပေးခဲ့ကြသည်။ သူတို့လက်ထက်ကျတော့ သားသမီးတွေ၊ မြေးမြစ်တွေကို ဆုံးမလိုစိတ် မရှိတော့ချေ။ ထို့အတွက် အကြောင်းပြချက် ရှာထားပြီး စကားတစ်ခွန်းတည်းနှင့် တုံ့ပြန်တတ်ကြသည်။ "ခေတ်ကာလက တို့ခေတ်ကလို မဟုတ်တော့ဘူး၊ ခေတ်က မတူတော့ဘူး" ဟူသောစကား။ အင်မတန်မှကို တာဝန်မဲ့သောစကားဟု ကျွန်တော်မြင်သည်။

ကိုရီးယားကားကြည့်မယ့်အချိန်မှာ ကိုယ့်ကလေး၊ ကိုယ့်မြေးကိုခေါ်ပြီး ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစား၊ ဘယ်လိုသွားဟု ဆုံးမခြင်း မပြုနိုင်သလော။ ဘောလုံးပွဲအကြောင်း လေပန်းမည့်အစား၊ သူ့ဟာသူပေါ်နေသည့် ကိန်းဂဏန်းတွေကို စိတ်ဝင်စားနေမည့်အစား၊ စသည်စသည်များအစား ကလေးတွေကို မဆုံးမနိုင်ဘူးလားဟု မေးချင်သည်။ ကလေးတွေကို ကျောင်းပို့လိုက်ရုံနှင့် သင်ကြားဆုံးမရန်တာဝန်ကုန်ပြီဟု မမှတ်ယူသင့်ချေ။

ထားပါလေ။ စကားမျက်ခြေပြတ်သွားသည်ကို တောင်းပန်ပါသည်။ ဆိုလိုရင်းကို ဆက်ပါမည်။ ကျွန်တော်တို့ မြန်မာ့လူမှုနယ်ပယ်တွင်လည်း ယဉ်ကျေးမှုဓလေ့စရိုက်များ ရှိကြပါသည်။ ထိုအချက်များကို သိရှိလိုက်နာဖို့ နေနေသာသာ သိရှိသူပင် အတော်ရှားပါးသောအချိန် ဖြစ်နေပါပြီ။ ပြောပြန်လျှင်လည်း ရှင်ပြုတုန်းက ရွှေထီးဆောင်းတာကို ပြန်စားမြုံ့ပြန်သည်ဟု ဆိုကြဦးမည်။ သို့သော် တစ်ခုခုဆိုတာနှင့် နိုင်ငံတကာစံ၊ နိုင်ငံတကာဟန်ဆိုပြီး ပြောဆိုနေကြတာကိုတော့ မြင်ပြင်းကတ်မိသည်။ ကိုယ့်မြန်မာ့ယဉ်ကျေးမှုတွေကိုတော့ ကုန်စင်အောင် မသိပါဘဲ သူများနိုင်ငံက ယဉ်ကျေးမှုတွေကိုမှ အထင်ကြီးနေခြင်း၊ လေးစားနေခြင်းသည် သဘာဝမကျဟု မြင်မိပါသည်။

ထို့ကြောင့်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အချက်များကို ရှာဖွေ၍ ပြန်လည်ဝေငှပေးလိုက်ပါသည်။ မိမိကိုယ်တိုင် သိပြီးဖြစ်လျှင် အခြားမသိသေးသူများကို ပြန်လည်ဝေငှပေးစေလိုပါသည်။ မြန်မာတို့တွင် ထိုကဲ့သို့သော ယဉ်ကျေးမှုစည်းကမ်းများ ရှိနေသည်ကို မြန်မာတိုင်း သိစေလိုပါသည်။ သို့မဟုတ်ပါက မြန်မာ့ယဉ်ကျေးမှုကို မြန်မာများကိုယ်တိုင်က လေးစားကြလိမ့်မည် မဟုတ်ပါ။ မြန်မာ့ယဉ်ကျေးမှုကို မြန်မာများကမှ မလေးစားလျှင် မည်သူက လေးစားမည်နည်းဆိုသည့် မေးခွန်းကို စိတ်ကူးထဲမှာပင် မမေးဝံ့ကြောင်းပါခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၄ နာရီ ၅၂ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics