ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးမှုသည် များစွာအရေးကြီးပေသည်။ အကျင့်စာရိတ္တကောင်းရန် လိုအပ်သကဲ့သို့ပင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးခြင်းကို အလိုရှိအပ်၏။
အကျင့်စာရိတ္တကောင်ခြင်းနှင့် အမူအရာ ယဉ်ကျေးခြင်းသည် မတူညီကြချေ။ အချို့သောသူတို့သည် ခေတ်ပညာတတ်၍ အကျင့်စာရိတ္တ ကောင်းကြပါလျက် အမူအရာ အပြောအဆို ယဉ်ကျေးမှုမရှိခြင်းကြောင့် အကျိုးရှိသင့်သလောက် မရှိရုံမျှမက တစ်ခါတစ်ရံ အကျိုးယုတ်ခြင်းနှင့်ပင် တွေ့ကြုံရတတ်ပေသည်။ ပညာအရည်အချင်း တူပါလျက် ယဉ်ကျေးစွာ ဆက်ဆံတတ်သူက ယဉ်ကျေးခြင်းမရှိသူထက် အဆင့်အတန်းများစွာ သာလွန်ကာ အကျိုးခံစားနေရသည်ကို များစွာတွေ့မြင်နိုင်ပေသည်။ ယဉ်ကျေးခြင်းအမူအရာသည် ၀မ်းတွင်းပါသဘောတရား မဟုတ်ချေ။ သင်ကြားပြသ အတုယူခြင်းဖြင့် ပြုပြင်၍ရကောင်းသော အရာများဖြစ်ချေသည်။
အကျင့်စာရိတ္တကောင်ရာတွင် ယဉ်ကျေးခြင်း ထပ်လောင်းပါက အလွန်အဖိုးတန်လာပေလိမ့်မည်။
ယဉ်ကျေးခြင်း ဓလေ့ထုံးစံတို့သည် လူမျိုးအသီးသီးအလိုက် ခြားနားခြင်း ရှိသော်လည်း လူမျိုးတစ်မျိုးထံမှ တစ်မျိုးက အတုယူသင့်သော အချက်၊ ရှောင်ကြဉ်သင့်သော အချက်များလည်း ရှိကြပေသည်။ မိမိလူမျိုး၏ ဓလေ့ထုံးစံများပင်လျှင် အချို့ကိုကား ပယ်ဖျောက်သင့်၍ အချို့ကို ပြုပြင်သင့်ပြီးလျှင် အချို့ကိုမူကား ဆက်လက် လိုက်နာသင့်ပေသည်။
ယဉ်ကျေးမှုအရပ်ရပ်ကို အောက်ပါအတိုင်း မှတ်သားသင့်ပေသည်-
- အိမ်၌ ယဉ်ကျေးခြင်း။
- ကျောင်း၌ ယဉ်ကျေးခြင်း။
- လမ်း၌ ယဉ်ကျေးခြင်း။
- ကစားစဉ် ယဉ်ကျေးခြင်း။
- ခရီးသွားစဉ် ယဉ်ကျေးခြင်း။
- အထွေထွေ ယဉ်ကျေးခြင်း။
အိမ်၌ယဉ်ကျေးခြင်း
- မိမိနှင့်သင့်လျော်သောနေရာတွင် နေရာ၏။
- လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲ မသွားရာ။
- ရွှင်ပြသော မျက်နှာထားအမူအရာ ရှိအပ်၏။
- ကျယ်လောင်စွာ စကားမပြောရ။ ဆူညံခြင်းမရှိစေရ။
- လူငယ်အချင်းချင်း သင့်တင့်စွာနေရာ၏။
- လူကြီးများ၏အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။
- အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကိုင်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျ ရှိစေရာ၏။
- အိပ်ခန်းမှ မထွက်မီ နေရာတကျ ရှိမရှိ ကြည့်ရှုစီစဉ်ရာ၏။
- သူများမနိုးမီ သင်နိုးလျှင်၊ အသံကျယ်လောင်စွာ မပြုနှင့်၊ အိပ်နေသောသူများ မနိုးအောင်သတိပြုရာ၏။
- ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှူမမှန် ဖြစ်တတ်သည်။
- တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဖက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင်လည်း လက်နှစ်ဖက်ဖြင့် ပေးရာ၏။
- တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ဖြစ်စေ၊ ၀င်သည့်ထွက်သည့်အခါတိုင်း တံခါးကို ပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ အသံမမြည်အောင် ဖြည်းညင်းစွာပိတ်ရာ၏။
- အိမ်ကိုဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။ ဖိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်၍ထားရာ၏။
- မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ်စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ သို့မဟုတ် လဲလှယ်ရာ၏။
- အစာ စားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။
- အလျင်စလို မစားရာ။
- ထမင်းလုတ် မကြီးစေရ၊ ထမင်းလုတ်နှင့် စကားမပြောရ။
- ထမင်းလုတ် အနီးသို့မရောက်မီ ပါးစပ်ကိုဟ၍ မထားပါနှင့်။ ပျက်ပျတ်မြည်အောင် မစားပါနှင့်။
- ဟင်းရည်သောက်လျှင် မမြည်စေရ၊ ဇွန်းနှင့် သွားကို မထိစေရ။
- ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်ဖြစ်၏။
- ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။
- လက်ကို ဟင်းရည်မပေစေရ၊ ထမင်းလုံးမကပ်စေရ၊ ဟင်းခွက်ကို လက်နှင့်မနှိုက်နှင့်။
- ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့်၊ ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမမြင်ရာသို့ သွားပါလေ။
- ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။
- တည့်တည့်ထိုင်၍ စားရာ၏။
- တစ်စုံတစ်ရာကို အလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။
- သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟက်ခြင်းတို့ မပြုအပ်။
- ထမင်းစားပွဲပေါ်ရှိ အရာများကို ဟိုရွှေ့သည်ရွှေ့ မလုပ်ရ။ ဣနြေဒမရသော အပြုအမူဖြစ်သည်)။
- လူကြီးမိဘများနှင့် ဧည့်သည်များသည် ဘာကို အလိုရှိသနည်းဟု သတိနှင့်ကြည့်ရာ၏။ သိလျှင် အသံမကြားစေရဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။
- လက်ဖက်ရည်၊ ကော်ဖီသောက်သောအခါ အောက်ခံပန်းကန်ပြားထဲတွင် ထည့်၍သောက်ခြင်းသည် မယဉ်ကျေးဟု အချို့က ယူဆကြ၏။ ၎င်းပန်းကန်ပြားသည် ဖိတ်၍ မကျန်ရန်၊ မပေရန် အောက်ကခံသော အရာဖြစ်၏။
- ဖဲ့၍စားနိုင်သောအရာကို ဖဲ့၍စားပါ၊ ကိုက်၍ မစားပါနှင့်။
- ထမင်းစားစဉ် စကားများများ မပြောရ၊ ရွှင်ပြသောမျက်နှာ ထားရာ၏။ နှစ်သက်ဖွယ်သော စကားကိုသာ ပြောရာ၏။
*****************
ကျန်ရှိသည်များကို ဆက်လက်ဖော်ပြပေးပါမည်။
No comments:
Post a Comment