ယခုအပတ်ထုတ် The VOICE Weekly ဂျာနယ် အတွဲ(၆) အမှတ်(၃၀)တွင် နိုင်ငံရေးသမားဟောင်း တစ်ဦးဖြစ်ပြီး မျက်မှောက်နိုင်ငံရေးစာပေများ ရေးသားနေသူဖြစ်သော ဆရာမောင်စူးစမ်းနှင့် ကျော်ဆန်းမင်းတို့ အင်တာဗျူးကို ဖတ်ရသည်။ ဆရာမောင်စူးစမ်း၏ ဆောင်းပါးများကိုသာ ဖတ်ဖူးနေသည်ဖြစ်၍ ယခုကြုံတွေ့ရတောမည့် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ သူမည်သို့ ရှုမြင်သည်ကို စိတ်ဝင်စားမိသည်။ ဆိုလိုသည်က သူ့ဆောင်းပါးများက သီအိုရီတွေများသည်။ အကိုးအကားနှင့်ပြောတာတွေ များနေတော့ နည်းနည်းလေး စာသဘောဆန်သည်။ ကျွန်တော်စိတ်ဝင်စားတာက လတ်တလော အခြေအနေတွေအပေါ်မှာ သူလိုကိုယ်လိုမျိုး ဘယ်လိုမြင်သလဲ၊ ဘယ်လိုသဘောထားသလဲ စသည့်အမြင်များဖြစ်သည်။ အင်တာဗျူးကို ဖတ်ကြည့်တော့လည်း ပညာရှင်ဆိုတော့ ပညာရှင်ဆန်ဆန်ဖြေထားတာတွေ အများကြီးတွေ့ရသည်။ လတ်တလောအခြေအနေအရ ပြောချင်တိုင်း ပြောလို့မရတာကို နားလည်စွာဖြင့် ထိန်းထိန်းသိမ်းသိမ်း ဖြေသွားတာကိုလည်း မြင်ရသည်။ ဒါပေမယ့်လည်း သူဘာပြောချင်တယ်ဆိုတာကို တိုက်ရိုက်မဟုတ်သော်လည်း သွယ်သွယ်ဝိုက်ဝိုက်ဖြင့် လှစ်ဟပြသွားသည်ကိုလည်း ဖတ်ရသည်။ အတွေးပွားစေရသည်။ အဲဒါကြောင့်လည်း မောင်စူးစမ်းဖြစ်နေတာ ဖြစ်မည်။ သေချာတာတစ်ခုကိုလည်း တွေးမိသည်။ ဘာလဲဆိုတော့ ဆရာမောင်စူးစမ်းရဲ့ သဘောထားအမြင်တွေကို လူတိုင်းသဘောတူမှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲကို တ"No"တည်း "No"နေသူကြသူတွေအတွက်တော့ ဘယ်လိုမှ ဖတ်လို့အဆင်ပြေမည် မဟုတ်။ ကဲပါလေ… .စာဖတ်သူမိတ်ဆွေတွေအတွက် ပြန်လည်ဝေငှပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ----------- [ကိုဉာဏ်]
မေး။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နေတာ တွေ့ရတယ်။ ၁၉၉၀ ရွေးကောက်ပွဲဝင် တည်ဆဲပါတီ ၁၀ ခုမှာ ငါးခုပဲ မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားခဲ့ပြီး ကျန်ပါတီငါးခုကတော့ မေလ ၆ ရက်နေ့ကစပြီး တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်မရှိတော့ဘူး။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲနဲ့ မကင်းရဘူး။ ရွေးကောက်ပွဲဆိုတာ လွှတ်တော်နိုင်ငံရေးပဲ။ ဒါက နိုင်ငံရေးရဲ့ ဗဟိုဆုံချက်ဖြစ်ရမယ်။ နိုင်ငံရေးပါတီတိုင်းဟာ သူတို့ရှင်သန်ရေးအတွက် လွှတ်တော်နိုင်ငံရေးကို ၀င်ရမယ်။ နိုင်ငံရေးပါတီက နိုင်ငံရေးဇာတ်ခုံအလယ်မှာ ကစားရမယ်။ ဗဟိုအလယ်ခေါင်မှာ နေရတယ်။ နိုင်ငံရေးဇာတ်ခုံရဲ့ ဗဟိုအလယ်ခေါင်ဆိုတာ ရွေးကောက်ပွဲနဲ့ လွှတ်တော်ပဲ။ အဲဒီတော့ အခုအနေအထားက ပါရာဒိုင်းအသစ်ပဲ။ လွှတ်တော်နိုင်ငံရေးမှာ မကစားရင် ဘာလုပ်မလဲ။ လွှတ်တော်နိုင်ငံရေးဆိုတာ နိုင်ငံရေးသဒ္ဒါပဲ။ ဒါကို မကစားရင် ကာရန်မဲ့ကဗျာလို သဒ္ဒါမဲ့ နိုင်ငံရေးကစားတာပဲ ဖြစ်မယ်။ ငါ အမေရိကန်ပြည်ထောင်စု ရောက်နေတုန်း ဒါကိုကြားတော့ "Stupid" လို့ ပြောမိတယ်။
မေး။ အခု NLD ပါတီဟောင်းတွေ စုထောင်ထားတဲ့ NDF(အများသားဒီမိုကရေစီအင်အားစု) နဲ့ ပတ်သက်ပြီး အဖွဲ့ခွဲထောင်တာ မလုပ်သင့်ဘူး၊ လုပ်သင့်တယ် စသဖြင့် အမြင်အမျိုးမျိုး ကြားနေရတယ်။ ဆရာ့အမြင်ကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ နိုင်ငံရေးဆိုတာ Permanent (အမြဲတမ်း)မှ မဟုတ်တာ။ သဘောထားတူရင် တွဲလုပ်ကြ၊ သဘောထားမတူရင် လမ်းခွဲကြတာ နိုင်ငံရေးသဘာဝပဲ။ နိုင်ငံရေးကို Totalizing လုပ်လို့မရဘူး။ အဖွဲ့တစ်ဖွဲ့က အလုံးစုံအကျုံးဝင်ရမယ်၊ ထာဝရရပ်တည်ရမယ်ဆိုတဲ့ သဘောမျိုး ဒီခေတ်မှာ စဉ်းစားလို့မရဘူး။ အကုန်လုံးက ယာယီပဲ။
မေး။ အခုတလော တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၀န်ကြီးချုပ် ၀မ်ကျားပေါင် လာတဲ့ကိစ္စ၊ အမေရိကန်ပြည်ထောင်စုက မစ္စတာကာ့တ်ကမ်းဘဲလ် လာသွားတာတွေ ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေးအပေါ် အမေရိကန်နဲ့ တရုတ်ရဲ့ ချဉ်းကပ်မှုတွေကိုရော ဘယ်လို သုံးသပ်မိပါသလဲဆရာ။
ဖြေ။ ဒါကတော့ သိပ်မပြောချင်ဘူး။ မြန်မာနိုင်ငံ ပထ၀ီအနေအထားအရ GEO Politics အရ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံနဲ့ ဆက်ဆံရေးက အရေးကြီးသလို အမေရိကန်ကလည်း GEO Politics အရ ဝေးပေမယ့် Democracy Moral (ဒီမိုစံ)အတွက် လှုပ်ရှားတယ်။ ဆိုလိုတာက တရုတ်က GEO Political Influence ပေါ့။ အမေရိကန်ကတော့ Democracy Moral Influence ပေါ့။
မေး။ အခုရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ ၄၂ ခု ရှိပါပြီ။ ဒီအထဲမှာ တိုင်းရင်းသားပါတီတွေက တစ်ဝက်နီးပါးလောက်ပါတာ တွေ့ရတယ်။ အဲဒီအပေါ်မှာရော ဆရာ။
ဖြေ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း ပါတီ ၂၀၀ ကျော် လျှောက်တာပဲ။ တကယ့်ရွေးကောက်ပွဲကျတော့ စစ်ကျသွားတာ အဓိကပါတီ နှစ်ပါတီ၊ သုံးပါတီလောက်ပဲ ကျန်တော့တာ။ တိုင်းရင်းသားလူမျိုးစု ပါတီတွေ များတာကတော့ မဆန်းပါဘူး။ အခုဖွဲ့စည်းပုံအရ တိုင်းရင်းသားပါတီတွေအနေနဲ့ သူ့ဒေသ အုပ်ချုပ်ရေးအတွက် သူတို့တွေ မပါလို့ကို မဖြစ်ဘူး။ ဒါကြောင့် နိုင်ငံလုံးဆိုင်ရာ ပါတီတွေထက် ဒေသပါတီတွေများတယ်။ ဒါဖွဲ့စည်ပုံအရ ဖြစ်တာ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သုံးရပ်ရှိမယ်။ ဒီတော့ ဒီစနစ်က မြန်မာ့နိုင်ငံရေးပုံသဏ္ဌာန်ကို Shape လုပ်သွားတာ။
အခု အနေအထားအရကတော့ နိုင်ငံလုံးဆိုင်ရာ ပါတီဆိုရင် တ.စ.ည (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ) ရှိမယ်။ နောက် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းပါတီ ဒါပဲရှိသေးတယ်။ အခုမှ Dimension ပြည့်လာတာ။ အခုဖွဲ့စည်းပုံအရ လွှတ်တော်သုံးရပ်ရှိမယ်ဆိုတော့ ပြည်နယ်ကိုယ်စားပြုပါတီတွေ ပိုအားကောင်းနိုင်တယ်။ တစ်ခုပဲ ကြံ့ခိုင်ရေးနဲ့ ယှဉ်နိုင်မယ့် ပါတီဘယ်နှခု ပေါ်လာမလဲဆိုတာတော့ ခန့်မှန်းရခက်တယ်။ ဒါကလည်း လူထုအပေါ် အများကြီးတည်တယ်။ ရွေးကောက်ပွဲကာလမှာ လူထုက နိုင်ငံရေးအပေါ် ဘယ်လိုသဘောထားမလဲ။ စိတ်ဝင်စားမလား၊ မောပန်းနေမလား၊ မိန်းမောနေမလား ဒီအပေါ်မှာ မူတည်တယ်။
မေး။ ဆရာ အမေရိကကို ရောက်နေတုန်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်တာများ ရှိသေးလားဆရာ။
ဖြေ။ ကိုယ် အမေရိကားရောက်တယ်ဆိုတော့ လာတွေ့ကြတာတွေ ရှိပါတယ်။ အဲဒီမှာလည်း ရွေးကောက်ပွဲကသာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အပြောင်းအလဲဖြစ်မယ်။ ရွေးကောက်ပွဲမဟုတ်တဲ့ တခြားနည်းတွေက အပြောင်းအလဲဖြစ်ဖို့ ရာခိုင်နှုန်းနည်းတယ်ဆိုတာပဲ ဆွေးနွေးပြောဆိုနေရတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲမဟုတ်တဲ့ တခြားနည်းတွေကို လူထုက မလိုက်နိုင်ဘူး။ နားလည်လက်ခံနိုင်ဖို့ မရှိဘူး။ နိုင်ငံရေးဆိုတာ လူထုပဲ။ လူထုနားလည်လက်ခံတာ လုပ်ရမယ်။ ဒါကိုပဲ ထိုင်ရှင်းနေတာ။ ဟိုမှာက No Sponsor ဖြစ်သွားပြီး Rhetoric ပဲ ကျန်တော့တာ။ မြန်မာ့နိုင်ငံရေးမှာ ပါလီမန်လွှတ်တော်နိုင်ငံရေးသာ ဗဟိုချက်ဖြစ်လာမယ်။ လွှတ်တော်နိုင်ငံရေးမလုပ်ရင် ဘာလုပ်မှာလဲ။ ဒါကိုပါအောင် ထည့်ပေးစေချင်တယ်။ ထိုင်းမှာကြည့် လမ်းပေါ်ထွက်နိုင်ငံရေးနဲ့ လွှတ်တော်နိုင်ငံရေး တွဲသုံးနေတာ။ လက်ရှိဝန်ကြီးချုပ်ကလည်း ဒီလိုတွဲသုံးပြီး အစိုးရဖြစ်လာတာ။ အခု အတိုက်အခံက သူ့ကို ဒီနည်းပြန်သုံးတာ။ ဘာနာလဲဆိုတော့ တိုင်းပြည်ပဲနာတာ။ လူထုပဲ နစ်နာတာ။ နိုင်ငံသားတွေနာတာ။
နိုင်ငံရေးမှာ လွှတ်တော်နိုင်ငံရေးနဲ့ လမ်းပေါ်ထွက်နိုင်ငံရေး မတွဲဖို့၊ တွဲမသုံးကြဖို့ လိုတယ်။ ဒါကို ပေါင်းစပ်မသုံးဖို့ သိပ်အရေးကြီးတယ်။ လွှတ်တော်နိုင်ငံရေးထဲကို များများဝင်မှ လမ်းပေါ်ထွက်နိုင်ငံရေးကို ရှောင်နိုင်မှာ။ လွှတ်တော်ကို ဗဟိုပြုပြီး ပြဿနာတွေ အားလုံးရှင်းရမှာ၊ မကျေနပ်တာတွေ လွှတ်တော်ထဲမှာပဲ ရှင်းဖို့ကြိုးစားရမယ်။ လွှတ်တော်ကို Forum အနေနဲ့ သုံးကြဖို့လိုတယ်။ ဟိုမှာလည်း ဒါကို ရှင်းပြနေရတယ်။
မေး။ မကြာခင်မှာ ပါတီတွေ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်လာတော့မယ်ဆိုတော့ ဒီမဲဆွယ်ပွဲတွေမှာ ဘယ်လိုမဲဆွယ်မှုတွေ ခေတ်စားမယ်၊ အလုပ်ဖြစ်မယ် မှန်းထားလဲ။
ဖြေ။ ဖ.ဆ.ပ.လ ခေတ်ကလို Ideal တွေ ခေတ်ကုန်သွားပြီ။ Issue တွေပဲသုံးပြီး မဲဆွယ်ရမှာပဲ။ လျှပ်စစ်ကိစ္စ၊ ရေကိစ္စ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ Issue တွေသုံးပြီး မဲဆွယ်ကြရမှာပဲ။
မေး။ မြန်မာပြည်နိုင်ငံရေးကို အရှေ့ကမ္ဘာ၊ အနောက်ကမ္ဘာတွေက မတူညီတဲ့ ရှုထောင့်တွေနဲ့ သုံးသပ်ကြတဲ့အပေါ် ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ။ မြန်မာပြည်နိုင်ငံရေးက Text Book Case မဟုတ်ဘူး။ သီအိုရီတွေထဲမှာ မပါဘူး။ Non Text Book Case ဖြစ်တယ်။ စာအုပ်ထဲကနည်းအတိုင်း လိုက်စဉ်းစားလို့မရဘူး။ ဒီမှာက Military က Sponsor လုပ်တဲ့ ဒီမိုကရေစီ၊ ပါရာဒိုင်းသစ်ပဲ။ ဒါကြောင့် ပကတိတရားအတိုင်း၊ အရှိအတိုင်း သုံးသပ်ကြဖို့လိုတယ်။ Military Role ပါလာကတည်းက ဒီလိုပုံစံပဲ ဖြစ်ရမယ်။ ဒါကို လက်မခံချင်လို့၊ ဈေးဆစ်ချင်လို့ မရဘူး။ ကိုယ့် Ideal တွေ ပြောနေလို့မရဘူး၊ ဒါအပိုပဲ၊ Rhetoric ပဲ။ ဒီလိုပြောနေလုပ်နေလို့ကတော့ နိုင်ငံရေးမှာ Resign လုပ်သလို ဖြစ်သွားမှာပဲ။ ပါရာဒိုင်းသစ်ဖြစ်တယ်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ၀င်ပါရမယ်။
No comments:
Post a Comment