၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နက်ဖြန် ဇွန်လ ၁၁ ရက်တွင် စချေတော့မည်။ ဘောလုံးပရိသတ်တွေက မျှော်လင့်ချက်အမျိုးမျိုးနဲ့ ရင်ခုန်နေကြသည်။ အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြသည်။ ထို့အတူ ကျွန်တော်ကိုဉာဏ်လည်း ခန့်မှန်းချက်များဖြင့် ရှိနေရလေသည်။ မှန်တာ၊ မမှန်တာအပထား။ လောလောဆယ် သူများတွေ ခန့်မှန်းနေချိန်မှာ ကိုယ်လည်းပဲ ခါတော်မီ ခန့်မှန်းမှ ဖြစ်ချေတော့မည်။ ပိုက်ဆံပေးရတာမှတ်လို့။ ဂန္ထ၀င်ကစားသမားကြီး ပီလီဆိုရင် ခန့်မှန်းတဲ့နေရာမှာ တကယ့်နာမည်ကြီး။ အကောင်းနာမည်ကြီးတယ် မထင်လိုက်နဲ့။ သူပြောလိုက်ရင် တလွဲတွေချည်းပဲ ဖြစ်တတ်လွန်းလို့။ ကျွန်တော်ကိုဉာဏ်လည်း အချိန်အားတုန်းလေး ခန့်မှန်းထားလိုက်ပါတယ်။ ကံစွပ်ပြီး ကြက်ကန်းဆန်အိုးတိုး မှန်သွားရင်လည်း လက်မထောင်ရတာပေါ့။ မမှန်ဘဲ တလွဲတွေဖြစ်သွားရင်လည်း ပီလီတောင်မှ လွဲသေးတာပဲ။ ငါက ဘာကောင်မို့လဲလို့ ပြန်ပြောလိုက်မှာပေါ့။ ဟုတ်ဘူးလား။
ကြိုတင်ပြောလိုပါတယ်။ ကျွန်တော်ကိုဉာဏ် ၀ါသနာအရသာ ကိုယ်ထင်ရာကိုယ် ခန့်မှန်းတွက်ချက်ထားခြင်း ဖြစ်ပါသည်။ ဘောလုံးပွဲကို ပိုက်ဆံပေးပြီး ရင်ခုန်သူလည်းမဟုတ်ပါ၊ စီးပွားဖြစ် ခန့်မှန်းနေသူလည်း မဟုတ်ပါ၊ ဘောလုံးရေးရာ ကျွမ်းကျင်သူလည်း မဟုတ်ရေးချ မဟုတ်ရပါ။ ထို့အတွက် ကျွန်တော့်ခန့်မှန်းချက်များကို အားကိုးအားထားပြု၍ ယုံစားကာ ပုံမှားခဲ့သူများ ရှိခဲ့ပါလျှင် လုံးဝတာဝန်ယူမည် မဟုတ်ဘဲ ဆရာမင်းသိင်္ခပြောသလို သဗ္ဗေသတ္တာ ကမ္မဿကာဟုသာ ပြောဆိုရေရွတ်လိုပါကြောင်း။
မည်သည့်အသင်း ဗိုလ်စွဲနိုင်သနည်းဆိုသည့် စာဖတ်သူများ၏ ထင်မြင်ခန့်မှန်းချက်များကိုလည်း သိလို၊ ဖတ်လိုပါသည်။ အဆင်ပြေလျှင် ကွန်းမန့်၌ ၀င်ရောက်ဆွေးနွေးကြစေလိုပါသည်။ အဆင်မပြေလျှင်လည်း ရှိပါစေပေါ့ခင်ဗျား။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်၊ ကြာသပတေးနေ့။
ညနေ ၃ နာရီ ၃၉ မိနစ်တွင်ပြီး၏။
No comments:
Post a Comment