(၁၈)
နက်ဖန်ခါ ဇွန်လ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တောင်အာဖရိကခေါင်းဆောင်ဟောင်း နယ်လ်ဆင်မင်ဒဲလား တက်ရောက်မယ်လို့ ဆိုပါတယ်။ အသက်(၉၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ခေါင်းဆောင်ဟောင်းဟာ ဖွင့်ပွဲအခမ်းအနားကို ခေတ္တခဏသာ တက်ရောက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်အာဖရိကသားတို့အတွက်တော့ နယ်လ်ဆင်မင်ဒဲလားဟာ ဂုဏ်ယူစရာ ဖခင်တစ်ဦးပါပဲ။
(၁၉)
VS
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် တောင်အာဖရိကအသင်းနဲ့ မက္ကစီကိုအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ခန့်မှန်းမှုတွေအရ မက္ကစီကိုအသင်းပဲ အနိုင်ရဖို့များနေပြီး အိမ်ရှင်တို့အနေနဲ့ အမြင့်ဆုံး သရေတစ်မှတ်သာ မျှော်မှန်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ ပရိသတ်ရဲ့အားနဲ့ တောင်အာဖရိကတို့ ဘာတွေမထင်မှတ်တာတွေ လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ မထင်မှတ်တာတွေ ဖြစ်တတ်တာကိုက ဘောလုံးရဲ့ ရသတစ်ခုပဲ မဟုတ်ပါလား။
(၂၀)
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မယ်လို့ အသံတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အိမ်ရှင်တောင်အာဖရိက တာဝန်ရှိသူတွေခမြာ ၀မ်းမသာနိုင်ခဲ့ကြရှာပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် ပြလုပ်ပေးရမယ့် လုံခြုံရေးအစီအမံတွေကြောင့်ပါပဲ။ ဖွင့်ပွဲအခမ်းအနားတက်မယ့် အခြားနိုင်ငံအားလုံးရဲ့ ခေါင်းဆောင်တွေအတွက် ပြုလုပ်ပေးရမယ့် လုံခြုံရေးအစီအစဉ်ဟာ အိုဘားမားတစ်ယောက်တည်းအတွက် လုပ်ပေးရမှာနဲ့ ညီမျှတယ်လို့ ပြောဆိုကြောင်းကိုလည်း ဖတ်လိုက်ရပါတယ်။ အမေရိကန်သမ္မတဆိုတာ စကြ၀တေးမင်းဆိုပြီး ဂုဏ်ယူကြမှာလား၊ အမေရိကန်ဆိုတာနဲ့ ရန်များလှတဲ့ ငပွကြီးဆိုပြီး နှာခေါင်းရှုံ့ရမှာလား ဆိုတာကတော့.....။
(၂၁)
ဒီနှစ် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးထူးခြားခြားအနေနဲ့ ကိုရီးယားနှစ်သင်းလုံး ခြေစစ်ပွဲအောင်မြင်ခဲ့ကြပါတယ်။ အာဂျင်တီနား၊ ဂရိ၊ နိုင်ဂျီးယားတို့နဲ့အတူ အုပ်စု(ခ)မှာ ကျရောက်နေတဲ့ တောင်ကိုရီးယားအသင်းအနေနဲ့ အုပ်စု(ဆ)မှာ ဘရာဇီးလ်၊ အိုင်ဗရီကို့စ်၊ ပေါ်တူဂီတို့နဲ့အတူ ကျရောက်နေတဲ့ မြောက်ကိုရီးယားထက် အခြေအနေကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဂရိနဲ့ နိုင်ဂျီးရီးယားကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် မန်ယူကြယ်ပွင့် ပက်ဂျီဆန်ဦးဆောင်တဲ့ တောင်ကိုရီးယားတို့ နောက်တစ်ဆင့် တက်နိုင်လိမ့်မယ် ထင်ပါတယ်။ မြောက်ကိုရီးယားကတော့ ဖောင်ဖျက်ကစားရမယ့် အခြေအနေလို့ပဲ မြင်မိပါတယ်။
(၂၂)
VS
အုပ်စု(ဂ)မှာကျရောက်နေပြီး ဇွန်လ ၁၂ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်အသင်းနဲ့ အမေရိကန်အသင်းတို့ရဲ့ ပွဲစဉ်ကို အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်မယ်လို့ အယ်လ်ကေးဒါးတို့က ကြေညာထားပါတယ်။ အဲဒါကြောင့်လည်း တောင်အာဖရိက တာဝန်ရှိသူတွေမှာ လုံခြုံရေးတိုးမြှင့်ချထားမှုတွေ၊ တင်းကြပ်မှုတွေ ကြပ်မတ်လုပ်ဆောင်နေရကြောင်း သိရပါတယ်။ အဲဒီဖိအားဟာ အဆိုပါအသင်းနှစ်သင်းအပေါ်မှာ အနည်းနဲ့အများဆိုသလို သက်ရောက်နေမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် အားပေးကြမယ့် ပရိသတ်တွေအတွက် စိတ်တထင့်ထင့်နဲ့ အားပေးကြရမယ့်ပွဲလို့ ဆိုချင်ပါတယ်။
(၂၃)
အင်္ဂလန်က ဒေးဗစ်ဘက်ဟမ်း၊ ဘရာဇီးလ်က ရော်နယ်လ်ဒင်ဟို၊ ပေါ်တူဂီက နာနီ၊ ဟော်လန်က နစ္စတယ်ရွိုင်း၊ ဂျာမနီက ဘောလက်၊ ပြင်သစ်က ဗီအဲရာ၊ ဂါနာက အက်ဆီယန်တို့ကို ဒီကမ္ဘာ့ဖလားမှာ မြင်တွေ့ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဒဏ်ရာအခြေအနေအရ အိုင်ဗရီကို့စ်ရဲ့ ဒရော့ဘာ၊ အင်္ဂလန်ရဲ့ ဖာဒီနန်၊ စပိန်ရဲ့ အင်နီယေစတာတို့လည်း ကစားဖို့မသေချာလှပါဘူး။ သူတို့တွေအစား ဘယ်သူတွေက ၀င်ရောက်ခြေစွမ်းပြမလဲဆိုတာ စောင့်ကြည့်ရပါမယ်။
(၂၄)
လေးနှစ်တစ်ကြိမ်သာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ မျက်နှာပန်းလှဖို့အတွက် ပြိုင်ပွဲဝင်အသင်းတွေအားလုံးဟာ ရေကုန်ရေခန်း ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ဘာတွေဖြစ်ပျက်လာမလဲ၊ ဘယ်သူတွေ ထွန်းတောက်လာမလဲ၊ ဘယ်သူတွေ သူရဲကောင်းဖြစ်မလဲ၊ ဘယ်သူတွေက ဗီလိန်ဖြစ်သွားမလဲ၊ ဘယ်သူတွေ ပျော်ရွှင်ရမလဲ၊ ဘယ်သူတွေ ၀မ်းနည်းရမလဲ၊ ဘယ်သူတွေ ကျရှုံးရမလဲ၊ ဘယ်သူတွေ အောင်မြင်ကြမလဲ၊ ဘယ်သူတွေက မထင်မှတ်တာတွေ လုပ်ပြမလဲ စတဲ့စတဲ့ မျှော်လင့်ချက်အဖုံဖုံ၊ ရင်ခုန်သံအစုံစုံနဲ့အတူ စိတ်ဝင်တစား အားပေးကြရတော့မှာပါ။ ၂၀၁၀ ကမ္ဘာ့ဖလားကို ဘယ်သူဗိုလ်စွဲမှာလဲ ဆိုတာကတော့ ဒီပြိုင်ပွဲရဲ့ အဓိကအကျဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ပုစ္ဆာဖြစ်မယ် ထင်ပါရဲ့။ ချန်ပီယံဟောင်း (၇)သင်းထဲကပဲလား၊ ချန်ပီယံသစ် ပေါ်ထွက်မှာလား၊ ကိုယ့်ဒေသမှာ အာဖရိကအသင်းတွေပဲ ခြေစွမ်းပြသွားမှာလား၊ ဘယ်သူများ သမိုင်းသစ် ရေးထိုးသွားမှာလဲဆိုတာကို ကျွန်တော်တို့အားလုံးအတူ စောင့်မျှော်ကြည့်ရှု အားပေးကြပါစို့လားဗျာ။
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး အေးချမ်းပျော်ရွှင်စွာနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးပါစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၂၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment