Thursday, June 10, 2010

2010 FIFA WORLD CUP, SOUTH AFRICA (ဒုတိယပိုင်း)


(၇)
စလိုဗက်ကီးယားအသင်းဟာ အခုယှဉ်ပြိုင်မယ့် ၂၀၁၀ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် (၃၂)သင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ထိတွေ့ယှဉ်ပြိုင်ခွင့်ရသည့် တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ ကျန် (၃၁)သင်းလုံးဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားဖူးတဲ့ အသင်းတွေဖြစ်ပါတယ်။ အဲဒီလို ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့အဖြစ်မျိုး ၂၀၀၆ (ဂျာမနီ)မှာ အသင်း(၆)သင်း ကြုံခဲ့ရဖူးပါတယ်။ အဲဒီအသင်းတွေဟာလည်း သူတို့ရဲ့ ပထမဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျာမနီမှာကျင်းပခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအသင်းတွေကတော့-

  1. ယူကရိန်း
  2. အိုင်ဗရီကို့စ်
  3. အန်ဂိုလာ
  4. ဂါနာ
  5. တိုဂို
  6. ထရီနီဒက်နှင့် တိုဘာဂို တို့ ဖြစ်ကြပါတယ်။

(၈)
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သမိုင်းတစ်လျှောက် ကျင်းပပြီးစီးခဲ့တဲ့ (၁၈)ကြိမ်မှာ နိုင်ငံ (၇)ခုကပဲ ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနိုင်ငံတွေကတော့-
  1. ဘရာဇီးလ် (၅ ကြိမ်) -------------- [၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂]
  2. အီတလီ (၄ ကြိမ်) ------------------ [၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆]
  3. ဂျာမနီ (၃ ကြိမ်) --------------------- [၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀]
  4. အာဂျင်တီးနား (၂ ကြိမ်) ----------- [၁၉၇၈၊ ၁၉၈၆]
  5. ဥရုဂွေး (၂ ကြိမ်) -------------------- [၁၉၃၀၊ ၁၉၅၀]
  6. ပြင်သစ် (၁ ကြိမ်) ------------------- [၁၉၉၈]
  7. အင်္ဂလန် (၁ ကြိမ်) ------------------ [၁၉၆၆] တို့ဖြစ်ကြပါတယ်။

(၉)
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်မှာ ချန်ပီယံ (၅)ကြိမ်ဖြစ်ပြီး အအောင်မြင်ဆုံးအသင်း ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အကြိမ်တိုင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ တစ်ခုတည်းသော အသင်းလည်း ဖြစ်နေပြန်ပါတယ်။

(၁၀)
မိမိဒေသရဲ့ပြင်ပမှာ ချန်ပီယံဖြစ်တဲ့အသင်းအနေနဲ့လည်း ဘရာဇီးလ်အသင်းကပဲ အအောင်မြင်ဆုံး ဖြစ်နေပြန်ပါတယ်။ သူတို့ဟာ အမေရိကတိုက် ပြင်ပမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ (၂)ကြိမ်တောင် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒါဟာ အခြားသော ကမ္ဘာ့ဖလားရ မည်သည့်နိုင်ငံအသင်းမျှ မစွမ်းဆောင်နိုင်သေးတဲ့ စံချိန်တစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ခန့်မှန်းသူအများစုက ဘရာဇီးလ်အသင်း ဗိုလ်စွဲမယ်လို့ ဆိုနေကြပါတယ်။ တကယ်လို့များ ဒီနှစ်ကမ္ဘာ့ဖလားကို ဘရာဇီးလ်သာ ရခဲ့မယ်ဆိုရင်တော့ အမေရိကတိုက်ပြင်ပမှာ (၃)ကြိမ်တိုင် ဗိုလ်စွဲနိုင်တဲ့အသင်းအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ပါလိမ့်ဦးမယ်။ အမေရိကတိုက်ပြင်ပမှာ ဘရာဇီးလ်ဗိုလ်စွဲခဲ့တဲ့ နှစ်တွေကတော့-
  1. ၁၉၅၈ ဆွီဒင် ----------------------------- (အိမ်ရှင် ဆွီဒင်ကို ၅ ဂိုး ၂ ဂိုးဖြင့်နိုင်ပြီး ဗိုလ်စွဲသည်)
  2. ၂၀၀၂ တောင်ကိုရီးယား/ဂျပန် -------- (ဂျာမနီကို ၂ ဂိုး ဂိုးမရှိဖြင့်နိုင်ပြီး ဗိုလ်စွဲသည်) တို့ဖြစ်ကြပါတယ်။

(၁၁)
ယခုနှစ် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာရှ၊ ဥရောပ၊ အာဖရိက၊ တောင်အမေရိက၊ မြောက်အမေရိက၊ သမုဒ္ဒရာပိုင်း စသည့် ဇုန်(၆)ခုလုံးမှ နိုင်ငံအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုကဲ့သို့သော ကြုံတောင့်ကြုံခဲ အဖြစ်အပျက်မျိုးသည် ၁၉၈၂ ခုနှစ်က စပိန်တွင်ပြုလုပ်ခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တစ်ကြိမ် ကြုံတွေ့ခဲ့ရဖူးသည်။ ထိုစဉ်က သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်အသင်း ခြေစစ်ပွဲအောင်မြင်ခဲ့သောကြောင့် ဖြစ်သည်။ သြစတြေးလျအသင်းသည် ထိုအချိန်က သမုဒ္ဒရာပိုင်းဇုန်တွင်သာ ကစားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ သြစတြေးလျအသင်းသည် အာရှတိုက်ဇုန်သို့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်သည်။

(၁၂)
ယခုနှစ် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ထူးခြားမှုတစ်ခုမှာ ကမ္ဘာ့ဖလားရခဲ့ဖူးသည့် နိုင်ငံအသင်း (၇)သင်းလုံး ပါဝင်ယှဉ်ပြိုင်ကြမည့်အချက် ဖြစ်သည်။ [ဘရာဇီးလ်၊ အီတလီ၊ ဂျာမနီ၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဥရုဂွေး၊ အင်္ဂလန်] စသည့် အသင်း(၇)သင်းလုံးသည် ယခုနှစ် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံးအဆင့်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ရန် ခြေစစ်ပွဲအောင်မြင်ထားကြသည်။ တောင်ကိုရီးယား/ဂျပန်တွင် ပြုလုပ်ခဲ့သည့် ၂၀၀၂ ခုနှစ်ကလည်း ထိုကဲ့သို့ ကမ္ဘာ့ဖလားရ အသင်း(၇)သင်းလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။

(၁၃)
အီတလီနှင့် ဘရာဇီးလ်တို့သည် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်ရခဲ့ဖူးသည့် ထူးထူးခြားခြား အသင်းများဖြစ်ကြသည်။ အခြားမည်သည့်အသင်းမျှ နှစ်ကြိမ်ဆက် မရခဲ့ဖူးပေ။
  1. အီတလီ (၁၉၃၄၊ ၁၉၃၈)
  2. ဘရာဇီးလ် (၁၉၅၈၊ ၁၉၆၂)

(၁၄)
ဘရာဇီးလ်နှင့် ဂျာမနီတို့သည် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အများဆုံး ကစားဖူးသည့်အသင်းများ ဖြစ်ကြသည်။ သူတို့သည် ဗိုလ်လုပွဲ (၇)ကြိမ်စီ ကစားခဲ့ဖူးသည်။ သို့သော် ဂျာမနီသည် ဆီမီးဖိုင်နယ်အဆင့်သို့ (၁၁)ကြိမ်တိုင် ရောက်ရှိကစားခဲ့ဖူးပြီး အကြိမ်အများဆုံးအဖြစ် မှတ်တမ်းဝင်ထားလေသည်။

(၁၅)
အာဖရိကအသင်းများ၏ အကောင်းဆုံးရလဒ်မှာ ကွာတားဖိုင်နယ်လ်အဆင့်သို့ ရောက်ရှိခြင်းသာ ဖြစ်သည်။ အာဖရိကတိုက်၏ ကမ္ဘာ့ဖလားပြိုင်ပွဲ အအောင်မြင်ဆုံး အသင်းများမှာ-
  1. ၁၉၉၀ ခုနှစ်တွင် ကွာတားဖိုင်နယ်လ်ရောက် ကင်မရွန်းအသင်း နှင့်
  2. ၂၀၀၂ ခုနှစ်တွင် ကွာတားဖိုင်နယ်လ်ရောက် ဆီနီဂေါလ်အသင်း တို့ဖြစ်ကြသည်။
(၁၆)
မည်သည့်ဥရောအသင်းမျှ ဥရောပတိုက်ပြင်ပတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဗိုလ်မစွဲခဲ့ဖူးချေ။ ဘရာဇီးလ်အသင်းသည် ၁၉၅၈ ခုနှစ်က ဆွီဒင်တွင်ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည့်အတွက် ဥရောပတွင်ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဗိုလ်စွဲနိုင်ခဲ့သည့် တစ်သင်းတည်းသော ဥရောပပြင်ပအသင်း ဖြစ်ခဲ့သည်။

(၁၇)
တောင်အမေရိက၊ မြောက်အမေရိကနှင့် အာရှတိုက်တို့တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် တောင်အမေရိကအသင်းများသာ ဗိုလ်စွဲခဲ့ကြသည်။

တတိယပိုင်း ဆက်ပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၁ နာရီ ၁၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics