Thursday, June 10, 2010

2010 FIFA WORLD CUP, SOUTH AFRICA (ပထမပိုင်း)


တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေ မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး နက်ဖြန်ခါဆိုရင် စတင်တော့မှာ ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်တာတဲ့ နိုင်ငံအဆင့် အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခု ဖြစ်တာကြောင့်လည်း ပရိသတ်တွေအတွက် အားခဲစောင့်စားခဲ့ကြရတာ ဖြစ်ပါတယ်။ အမျှော်လင့်ဆုံးနဲ့ ရင်အခုန်ဆုံး ဖြစ်နေမယ့်သူတွေကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ခြေစစ်ပွဲအောင်မြင်ထားတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအသင်း အခုလိုမျိုး ကမ္ဘာပေါ်က အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်တာကို အားပေးကြည့်ရှုဖို့ အခွင့်အရေးမျိုးကို ဘယ်လိုလူမျိုးကများ မလိုချင်ဘဲ ရှိလိမ့်မလဲဗျာ။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ လိုက်ပါအားပေးဖို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်တဲ့ တောင်အာဖရိကနိုင်ငံကို နိုင်ငံအသီးသီးက ဘောလုံးဝါသနာအိုးတွေ ရောက်ရှိနေကြပါပြီ။ ပရိသတ်တွေအတွက် သူတို့နိုင်ငံအသင်းကို အားပေးခွင့်ရသလို အိမ်ရှင်နိုင်ငံအနေနဲ့လည်း ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကနေ ၀င်ငွေမြောက်မြားစွာ ရရှိပါလိမ့်မယ်။ အကောင်းဆုံးဆုလဒ်ကတော့ ဒီလိုအကြီးကျယ်ဆုံး ပြိုင်ပွဲကြီးတစ်ခုကို အောင်မြင်အောင် လက်ခံကျင်းပပေးနိုင်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ပဲ ဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်ဖို့အတွက် အပြိုင်အဆိုင်တွေကြားက ကြိုးပမ်းခဲ့ရသလို၊ ပြင်ဆင်မှုတွေအတွက်လည်း ဝေဖန်မှုတွေ၊ အခက်အခဲတွေနဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။ အခုလို ကျင်းပတော့မယ့် အချိန်ကျတော့လည်း လုံခြုံရေးဆိုင်ရာ၊ သွားလာရေးဆိုင်ရာ၊ စားသောက်ရေးဆိုင်ရာ၊ တည်းခိုရေးဆိုင်ရာ စသည်စသည်များနဲ့ လုံးထွေးရစ်ပတ် နေကြရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နက်ဖြန်ဆိုရင်တော့ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ပါပြီ။

ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ သတင်းတွေ၊ အဖြစ်အပျက်တွေကို ရတတ်သမျှ စုစည်းတင်ပြပေးလိုက်ပါတယ်။ ပျော်ရွှင်ကျေနပ်နိုင်ကြပါစေ။

(၁)

fifaworldcuplogo.png
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံမှာ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ တစ်လကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အာဖရိကနိုင်ငံတစ်ခုမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

(၂)
အခုကျင်းပပြုလုပ်မယ့် တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ (၁၉)ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပါတယ်။ ယခင်ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ပြန်လည်ဖော်ပြပေးရရင်တော့-
  1. ၁၉၃၀ ဥရုဂွေး
  2. ၁၉၃၄ အီတလီ
  3. ၁၉၃၈ ပြင်သစ်
  4. ၁၉၅၀ ဘရာဇီးလ်
  5. ၁၉၅၄ ဆွစ်ဇာလန်
  6. ၁၉၅၈ ဆွီဒင်
  7. ၁၉၆၂ ချီလီ
  8. ၁၉၆၆ အင်္ဂလန်
  9. ၁၉၇၀ မက္ကစီကို
  10. ၁၉၇၄ အနောက်ဂျာမနီ
  11. ၁၉၇၈ အာဂျင်တီးနား
  12. ၁၉၈၂ စပိန်
  13. ၁၉၈၆ မက္ကစီကို
  14. ၁၉၉၀ အီတလီ
  15. ၁၉၉၄ အမေရိကန်
  16. ၁၉၉၈ ပြင်သစ်
  17. ၂၀၀၂ တောင်ကိုရီးယား၊ ဂျပန် (ပူးတွဲ)
  18. ၂၀၀၆ ဂျာမနီ

(၃)
zakumi.jpg
ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ လာဘ်ကောင်အရုပ်ကလေး ဖြစ်ပါတယ်။ Zakumi လို့ခေါ်တဲ့ ဆံပင်အစိမ်းလေးနဲ့ ကျားသစ်ရုပ်ကလေး ဖြစ်ပါတယ်။ "ZA" ဆိုတာက တောင်အာဖရိကရဲ့ နိုင်ငံကုဒ်စာလုံးဖြစ်ပြီး (မြန်မာနိုင်ငံအတွက် MM ဖြစ်သကဲ့သို့ပင်) "kumi" ဆိုတာကတော့ အာဖရိကဘာသာစကားအရ တစ်ဆယ် (၁၀) လို့ အဓိပ္ပါယ်ရပါတယ်။ တောင်အာဖရိက ၂၀၁၀ ကို အတိုကောက် ရေးထားတာဖြစ်ပါတယ်။ လာဘ်ကောင်ရဲ့ အရောင်စပ်ထားမှုကတော့ တောင်အာဖရိက နိုင်ငံဘောလုံးအသင်းရဲ့ ၀တ်စုံအရောင်ဖြစ်တဲ့ အ၀ါနဲ့အစိမ်းကို စပ်ထားခြင်း ဖြစ်ပါတယ်။

(၄)
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေကို တောင်အာဖရိကနိုင်ငံ မြို့ကြီးကိုးမြို့မှာရှိတဲ့ အားကစားကွင်း (၁၀)ခုမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
venuesmap.png

(၅)
ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ကို ပါဝင်ယှဉ်ပြိုင်မယ့် အသင်းပေါင်း (၃၂)သင်း ရှိပါတယ်။ အဆိုပါ အသင်းများကို အုပ်စု(၈)ခု ခွဲခြားထားပြီး အုပ်စုတစ်ခုမှာ အသင်း(၄)သင်း ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စု (က)
တောင်အာဖရိက၊ မက္ကစီကို၊ ဥရုဂွေး၊ ပြင်သစ်
အုပ်စု (ခ)
အာဂျင်တီးနား၊ နိုင်ဂျီးရီးယား၊ တောင်ကိုရီးယား၊ ဂရိ
အုပ်စု (ဂ)
အင်္ဂလန်၊ အမေရိကန်၊ အယ်လ်ဂျီရီးယား၊ စလိုဗေးနီးယား
အုပ်စု (ဃ)
ဂ်ာမနီ၊ ၾသစေၾတးလ်၊ ဆားဗီးယား၊ ဂါနာ
အုပ္စု (င)
ဟော်လန်၊ ဒိန်းမတ်၊ ဂျပန်၊ ကင်မရွန်း
အုပ်စု (စ)
အီတလီ၊ ပါရာဂွေး၊ နယူးဇီလန်၊ စလိုဗက်ကီးယား
အုပ်စု (ဆ)
ဘရာဇီးလ်၊ မြောက်ကိုရီးယား၊ အိုင်ဗရီကို့စ်၊ ပေါ်တူဂီ
အုပ်စု (ဇ)
စပိန်၊ ဆွစ်ဇာလန်၊ ဟွန်ဒူးရပ်စ်၊ ချီလီ

(၆)
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးဖြစ်ပါတယ်။ ဂျာဘူလာနီ Jabulani လို့ နာမည်ပေးထားတဲ့ ဒီဘောလုံးကို Adidas က ထုတ်လုပ်ထားတာဖြစ်ပြီး ဝေဖန်မှုတွေ ခံနေရတဲ့ ဘောလုံးဖြစ်ပါတယ်။ ဂိုးသမားတွေအတွက် ခန့်မှန်းရခက်စေတယ်၊ အန္တရာယ်ပေးနိုင်တယ် စသည်ဖြင့် အမျိုးမျိုး ဝေဖန်ကြပါတယ်။ ဘောလုံးရဲ့ နာမည်ဖြစ်တဲ့ Jabulani ရဲ့ အဓိပ္ပါယ်ကတော့ "လူတိုင်းထံသို့ ပျော်ရွှင်မှုတွေ ယူဆောင်လာသည်" လို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။ တကယ်ပဲ ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
jabulaniball.jpg
ဒီနေ့ခေတ်ကို ဂလိုဘယ်ခေတ်လို့ ဘာကြောင့်ပြောကြသလဲဆိုတာကို ဒီဘောလုံးက ဖော်ပြနေသလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘောလုံးအတွက် တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယကပစ္စည်းတွေကို အသုံးပြုပြီး တရုတ်နိုင်ငံမှာ ထုတ်လုပ်ထားလို့ ဖြစ်ပါတယ်။ ဒီဘောလုံးတွေဟာ Made in China ပါတဲ့ဗျား။ မယုံမရှိပါနဲ့။

ဒုတိယပိုင်း ဆက်ပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၁၁ နာရီ ၁၁ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics