စာအုပ်စာစောင်တွေထဲက သဘောကျမိတာလေးတွေ၊ တွေးစရာလေးတွေ၊ မှတ်သားစရာလေးတွေများ ဖတ်မိတဲ့အခါ ကိုယ်တိုင်သဘောကျသလို အခြားလူတွေကိုလည်း ဖတ်စေချင်လွန်းလို့သာ ပြန်တင်ပေးနေရတာ။ တစ်ခါတုန်းက စီဘောက်မှာ ဘလော့ဂ်ဖတ်သူ မိတ်ဆွေတစ်ယောက် ပြောခဲ့ဖူးတာလေးကို ပြန်သတိရမိတယ်။ ကျွန်တော့်ဘလော့ဂ်မှာ VOICE က စာတွေကိုပဲ အဓိကထားပြီး တင်နေတာကို ဘ၀င်မကျတဲ့အကြောင်းပါ။ အဲဒီတုန်းက ကျွန်တော်ပြန်ပြီး ရှင်းပြခဲ့ဖူးပါတယ်။ အခုလည်း နည်းနည်းတော့ လျှာရှည်ပါရစေဦး။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာ VOICE ဂျာနယ်ကစာတွေ တအားများနေပါတယ်။ အဲဒီအတွက် အဖြေကတစ်ခုပဲ ရှိပါတယ်။ VOICE ဂျာနယ်မှာပါတဲ့ စာတွေဟာ ကျွန်တော့်စိတ်ဝင်စားမှုနဲ့ အစပ်အဟပ်တည့်တယ်၊ ကျွန်တော့်အတွက် ကျေနပ်မှုရစေတယ်ဆိုတာပါပဲ။ အရပ်စကားနဲ့ အလွယ်ပြောရရင်တော့ ထမင်းမြိန်တယ်ပေါ့ဗျာ။ ကျွန်တော့်အတွက် ချို၊ ချဉ်၊ ဖန်၊ စပ်၊ ငန်၊ ခါး အရသာစုံ ပေးနိုင်လို့ပဲ ဖြစ်မယ်ထင်ပါတယ်။ ပိုက်ဆံငါးရာကျပ်လောက်ပဲ ပေးရတဲ့ တစ်ပတ်တစ်စောင်ထွက် ဂျာနယ်တစ်ခုမှာ ပါဝင်သမျှ အကြောင်းအရာအားလုံးနီးပါးကို စိတ်ဝင်စားစေတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။
ဘယ်ဂျာနယ်ကိုမှ ကျွန်တော်ကြော်ငြာပေးနေခြင်း မရှိပါဘူး။ ကျွန်တော်သဘောကျတဲ့ ဂျာနယ်တွေ၊ စာစောင်တွေကို အပတ်စဉ်ဝယ်ဖတ်တယ်။ သဘောကျရင် အမြဲတမ်းပုံမှန်ယူတယ်။ သဘောမကျရင် နောက်တစ်မျိုး ပြောင်းဖတ်ကြည့်တယ်။ ဖတ်မိတဲ့အထဲက ကျွန်တော့်အတွက် တွေးစရာ၊ ခံစားစရာ၊ ကျေနပ်စရာ၊ ပျော်ရွှင်စရာ၊ မှတ်သားစရာရှိခဲ့ရင် မှတ်သားထားလိုက်ပါတယ်။ အရင်တုန်းကတော့ စာအုပ်ထဲမှာပေါ့။ အခုတော့ ကျွန်တော့်ရဲ့ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံကြောင့်ထင်ပါရဲ့ အင်တာနက်ဆိုတာကို လွယ်လွယ်ကူကူ ထိတွေ့ခွင့်၊ အသုံးပြုခွင့် ရနေပါတယ်။ အဲဒီတော့ ကျွန်တော်သဘောကျတာတွေကို စာအုပ်ထဲမှာပဲ ရေးမှတ်မနေတော့ဘူး။ အခြားလူတွေလည်း သိစေချင်၊ ဖတ်စေချင်၊ မှတ်စေချင်တဲ့အတွက် ဘလော့ဂ်ပေါ်မှာ ပြန်ဝေမျှတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူများတွေဝေမျှထားတဲ့ အရာတွေကို မက်မက်မောမောနဲ့ တန်ဖိုးထား ဖတ်ရှုခဲ့ဖူးတာကိုး။ သူများတွေဆီကတော့ ယူတတ်ပြီး ကိုယ်ကကျတော့ ပြန်မပေးတတ်ရင် ဘယ်ကလာပြီး တရားနည်းလမ်း ကျပါတော့မလဲ။ ဟုတ်တယ်မလား။ အဲဒါက ကျွန်တော့်ရဲ့ အယူအဆ။ ခံယူချက်။
နောက်တစ်ခုက စာကောင်းပေမွန်မှန်ရင်၊ ကိုယ့်အတွက် အကျိုးရှိစေတယ်ဆိုရင် ဂျာနယ်မှမဟုတ်ဘူး၊ သတင်းစာထဲက ကြော်ငြာစာရွက်ကိုလည်း သဘောကျတယ်၊ လမ်းဘေးက လက်ကမ်းကြော်ငြာကိုလည်း စိတ်ဝင်စားတယ်။ အခုစာဖတ်နေတဲ့လူတွေအတွက် အကျိုးရှိစေမယ်ထင်ရင် ကွမ်းယာထုပ်တဲ့ စာရွက်ပဲဖြစ်စေဦးတော့ ကျွန်တော်ကတော့ ပြန်ပြီးဝေမျှပေးနေမိမှာပါပဲ။ လူတိုင်းအတွက် အကြိုက်တွေ မတူနိုင်ဘူးဆိုတာကို ကျွန်တော်သိနေတဲ့အတွက် ကျွန်တော်တင်ပေးသမျှဟာ ဘလော့ဂ်ဖတ်သူအတွက် သဘောကျစရာချည်း ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ သို့သော် သေချာတာတစ်ခုကတော့ တင်ပေးသမျှတွေထဲမှာ ဖတ်မိလိုက်လို့ အတွေးအခေါ်မှား ရိုင်းစိုင်းသွားစေတာမျိုး၊ မကောင်းမှုပြုဖို့ တိုက်တွန်းတာမျိုးတော့ မပါစေရဘူးဆိုတာကို ကျွန်တော် အာမ,ခံနိုင်တာပါပဲ။
သြော်... ဗိုက်ဆာဆာနဲ့ ချပေးသမျှကို အားပါးတရစားတတ်တဲ့ လူတွေကို စာဖတ်သူလည်း မြင်ဖူးမယ်ထင်ပါတယ်။ ထမင်းလိုက်ပွဲတောင်းလိုက်၊ ဟင်းရည်ဖြည့်ခိုင်းလိုက်၊ ဟင်းရံခွက်တွေ ထပ်တောင်းလိုက်နဲ့လေ။ အချို့ဆိုင်ရှင်တွေကတော့ အဲဒီလို အားပါးတရစားတဲ့ စားသုံးသူတွေကို သဘောကျတတ်ကြပါတယ်။ သူတို့ချက်တဲ့လက်ရာကို ကောင်းမွန်ကြောင်း ချီးကျူးခြင်းတစ်မျိုးလို့ ခံယူကြသူတွေပေါ့။ အချို့ကတော့ စူစူအောင့်အောင့်နဲ့ မကျေနပ်တဲ့အမူအရာတွေကို သိသိသာသာကို ပြတတ်ကြပါတယ်။ ကျွန်တော့်ဘလော့ဂ်ဟာ ဒုတိယအမျိုးအစားမျိုး မဟုတ်ရပါဘူး။ များများစားလေ သဘောကျလေဆိုတဲ့ ပထမအမျိုးအစားပါ။ သြော်... တစ်ဆက်တည်း စကားမစပ် ပြောလိုက်ပါရစေဦး။ ပထမအမျိုးအစားဆိုပေမယ့် ကျွန်တော့်ဘလော့ဂ်ဟာ ထမင်းဆိုင်တော့ မဟုတ်ပါဘူး။ ဖြစ်ချင်းဖြစ်ရင် အယုတ်၊ အလတ်၊ အမြတ်မရွေး အားပါးတရ ၀င်ရောက်စားသုံးနိုင်တဲ့ စတုဒီသာအလှူတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေကိုယ်တိုင်လည်း အားပါးတရ အားမနာတမ်း စားသုံးနိုင်သလို၊ အခြားသူတွေကိုလည်း လက်တို့လို့ရပါတယ်။ လက်ဆွဲခေါ်လာပြီး အ၀ကျွေးလို့လည်း ရပါသေးတယ်။
ကဲ... ကျွန်တော်ဧည့်ခံတဲ့ ထမင်းဟင်းလေးများနဲ့ မိတ်ဆွေတို့ရဲ့ ဦးနှောက်ပါးစပ်၊ နှလုံးသားပါးစပ်ကလေးတွေ အစပ်အဟပ်တည့်ကြပါစေဗျာ။ မြိန်ရည်ရှက်ရည် သုံးဆောင်နိုင်ကြပါစေ။ ကျေးဇူးလည်းတင်ပါတယ်။ မြန်မာ့သွေးထမင်းဝိုင်းမှ ကြိုဆိုလျက်ရှိကြောင်းပါခင်ဗျား။
ဓာတ်ပုံ - Google Images Search
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်၊ အင်္ဂါနေ့။
နံနက် ၈ နာရီ ၅၄ မိနစ်တွင်ပြီး၏။
No comments:
Post a Comment