Tuesday, June 15, 2010

မိတ်ဆွေရောင်းရင်းတွေလား၊ ခင်းထားတဲ့ ဆိုင်တွေလား - မောင်သာချို


အခုတလော ခပ်စိပ်စိပ်ကလေးဆိုသလို ရောက်ဖြစ်သည့် သာရေး၊ နာရေးကိစ္စများ၊ အထူးသဖြင့် နာရေးကိစ္စများနှင့် ပတ်သက်၍ ကျွန်တော့်စိတ်ထဲ ဘ၀င်မကျနိုင်တာလေးတွေ ရှိနေကြောင်း ဦးစွာဝန်ခံလိုက်ပါသည်။ ကာယကံရှင်များနှင့် ဘာမှမပတ်သက်ဘဲ သတင်းမေးသူ၊ အသုဘပို့ဆောင်သူ၊ ရက်လည်ဆွမ်းကျွေးသွားသူတို့နှင့် ပတ်သက်သည့် ဘ၀င်မကျမှုများပဲ ဖြစ်ပါသည်။

ဆိုကြပါစို့၊ အိမ်မှနေ၍ သို့မဟုတ် ဆေးရုံမှနေ၍ ကားများစီတန်းလျက် သုသာန်သို့ သွားကြသောအခါ တချို့ကားတွေကို ကျွန်တော်ဘ၀င်မကျပါ။ အလုအယက် မောင်းနှင်ကျော်တက်၍ သုသာန်သို့သွားကြ၊ ဈာပနကိစ္စမှ မပြီးသေးခင် ကသုတ်ကရက် မောင်းနှင်ထွက်ခွာကြ။ ဘတ်စ်ကားတွေ၊ ကိုယ်ပိုင်ကားတွေ။ တန်ရာတန်ကြေး ပေးထားပါလျက် ဘတ်စ်ကားတွေက ဘာကြောင့် အချိန်မပေးချင်ကြတာပါလိမ့်။ ကိုယ်ပိုင်ကားတွေကရော ကိုယ့်မိတ်ဆွေသင်္ဂဟရဲ့ နာမှုကိစ္စမှာ စိတ်မရှည်ချင်ကြတော့ဘူးလား။ အားပေးချိန် ဖေးမချိန် နှစ်သိမ့်ချိန်ကလေးတောင် မပေးတော့ဘဲ "တို့လာတယ်နော်" ဆိုသည့် သတင်းကလေးပေးရုံသက်သက် အနေအထားနှင့် မျက်နှာပြကာ ရုံးဆင်း၊ ရုံးတက် လက်မှတ်ထိုးသလို၊ ကျောင်းခေါ်ချိန်အတွက် "ရှိပါတယ်ခင်ဗျ/ရှင့်" ထူးသလို ခံစားချက်ကင်းသည့် လူမှုဆက်ဆံရေးအနေအထားကို ကျွန်တော်ဘ၀င်မကျခြင်း ဖြစ်ပါသည်။ သုသာန်သို့ မရောက်မီ လမ်းတစ်ဝက်ကနေ ကွေ့ပတ်ပြန်မောင်းထွက်သွားသော ကားတချို့ကိုကား ကျွန်တော်ဘယ်လိုမှ နားမလည်နိုင်တော့။

ထို့နောက် ဆိုကြပါဦးစို့၊ ရက်လည်ဆွမ်းကျွေးသွားသူများ။ ကျွန်တော်တို့ဝန်းကျင်မှာက အလွန်ကြွယ်ဝချမ်းသာသူများနှင့် အလှမ်းဝေးလှပေရာ ကူငွေကိစ္စ အရေးပါလှပါသည်။ ရုတ်တရက် ကျရောက်လာသော အပူအတွက် ကူငွေက အင်အားတစ်ရပ် ဖြစ်ပါသည်။ တချို့ဆိုလျှင် နှစ်ရှည်လများကြီး ဆေးကုသကာ ခြေကုန်လက်ပန်းကျတော့မှ သေခြင်းတရားနှင့် နိဂုံးချုပ်သွားတတ်ရာ ရွက်လည်းမရှိတော့၊ တက်လည်းမရှိတော့။ သည်အချိန်မှာ မိတ်ဆွေအသိုင်းအ၀ိုင်း၏ ကူငွေက အသက်ရှူပေါက်ကလေး ဖြစ်ပါသည်။ ကျွန်တော်တို့ ဘယ်လို ကူပံ့ကြပါလိမ့်။

အတုံ့အလှည့်ကို အားသန်ပုံရသော အမျိုးသမီးတစ်ယောက်က "ကိုယ့်ကိစ္စတုန်းက တစ်ထောင်ပဲလာထားတာ သူ့ကိစ္စကို တစ်ထောင်ပဲသွားတာပေါ့" ဟု ဆုံးဖြတ်သည်။ ကိုယ့်မိတ်ဆွေ၏ မီးတောက်အကြီးအသေးကို ထည့်မစဉ်းစား။ မစာနာ။ တစ်ယောက်သော အမျိုးသမီးကြီးကမူ နာရေးအိမ်အ၀င်အထွက်ကို မုန့်ဟင်းခါးဆိုင် အ၀င်အထွက် သာသာလောက်သာ သဘောထားပုံရပါသည်။ မုန့်ဟင်းခါးတစ်ပွဲကို နှစ်ရာ၊ နှစ်ရာ့ငါးဆယ်၊ သုံးပွဲလောက်မှ ၀မည့်ကိစ္စဖြစ်ရာ အချိုပွဲ၊ လက်ဖက်ဘာညာတို့ကိုပါ စိတ်ကူးနှင့်တွက်လိုက်ပြီးနောက် တစ်ထောင်တန်ကလေး တစ်ရွက်ကိုကိုင်ကာ ရက်လည်ဆွမ်းကျွေးအိမ်ထဲသို့ ၀င်သွားပါသည်။ "ကိုယ့်ဆီကပါသွားလှ တစ်ရာ၊ နှစ်ရာပေါ့" ဆိုသည့်စိတ်ထား။ အဆိုးဆုံးကမူ ကလေးနှစ်ယောက်၊ သုံးယောက်ကိုပါ လက်ဆွဲခေါ်ဆောင်ကာ တစ်ထောင်တန်တစ်ရွက် လှမ်းကူပြီး မုန့်ဟင်းခါး အ၀လွေးကြသည့် မိန်းမကြီးတစ်ယောက်၏ စိတ်ထားသိုပုံသဘာဝ။ အပူကြောင့် တည်ခင်းရသည့် အခမ်းအနားမှာပင် ကိုယ့်ဘက်က ပါမသွားအောင် ကူပံ့ပုံမြင်ကွင်း။ ကျွန်တော်တို့တစ်တွေ မုန့်ဟင်းခါးစား သွားနေကြတာလား၊ ကိုယ့်မိတ်ဆွေ၏ အပူမီးတောက် ငြှိမ်းသတ်ရေးအတွက် အားထည့်ထားသော ကရုဏာနှင့် သွားရောက်ကူပံ့ကြတာလား။

စိတ်ကိုကြီးရင့်အောင် မွေးထားပြီးသူတွေကိုလည်း ဟိုနားတစ်ယောက်၊ သည်နားတစ်ယောက်ဆိုသလို ကျွန်တော်တို့ တွေ့ရတတ်ပါသည်။ သူတို့ကရုဏာက အိတ်ထဲမှာလည်း အကြီးကြီး၊ လက်ထဲမှာလည်း မနည်းလှ။ ရက်လည်ဆွမ်းကျွေးအိမ်မှာ သူတစ်လုတ်တစ်ဆုပ် စားသုံးခဲ့သည်ထက် အတော်အတန်ပိုသော ငွေစကြေးစ ငါးထောင်မျိုး၊ တစ်သောင်းမျိုးကို ကူပံ့လိုက်ပုံမှာ ကျက်သရေရှိလှပါသည်။ သည်လို လူတွေချည်းသာဆိုလျှင်ဖြင့် အားနည်းကျုံလှီလှသော ကျွန်တော်တို့၏ မိတ်ဆွေများခမြာ ဘာမှ ခေါင်းခြောက်စရာမလိုတော့။ ခြေကုန်လက်ပန်း ကျသွားစရာလည်း မလိုတော့။ ကြွေးပတ်လည်ဝိုင်းပြီး ကျန်ရစ်စရာ မလိုတော့။ ဒါသည်ပင် ကူပံ့ခြင်း၏ တကယ့်အဓိပ္ပါယ်မဟုတ်လား။

ကျွန်တော်တို့သည် မကျန်းမာသော မိတ်ဆွေများရှိရာ အိမ် သို့မဟုတ် ဆေးရုံများသို့ သွားကြရပါ၏။ ထိုအခါ ဘာတွေများ လိုအပ်နေရှာလို့ ဘာတွေများ ဖြည့်ဆည်းပေးရပါစဟူသော စိတ်မျိုးဖြင့် သွားရောက်ကြသူတွေ ရှိသကဲ့သို့ မကောင်းတတ်၍ ၀ယ်သွားသော မုန့်ကလေး ပဲကလေး ဖျော်ရည်သစ်သီးကလေးတွေ လှမ်းပေးကာ ရောက်ပြန်သဘောမျိုးဖြင့် attendance လက်မှတ်ဝင်ထိုးသလို တို့ရောက်ရှိကြောင်း သတင်းပို့ကာ ပြန်သွားသူတွေလည်းရှိကြောင်း ၀န်ခံရပါမည်။

မင်္ဂလာဧည့်ခံပွဲတွေမှာတဲ့ရော။ အများစုက သည်အတိုင်းပဲ ဖြစ်ပါသည်။ ဘ၀တစ်ခု ထူထောင်ကာစ ဇနီးမောင်နှံကို တတ်စွမ်းသမျှ လက်ဖွဲ့ပစ္စည်းဖြင့် ၀ိုင်းဝန်းထူထောင် ပေးလိုသည့်စိတ်ထက် ရောက်ရှိကြောင်း သတင်းပို့၊ သူ့တုန်းက ဓာတ်ဘူးဆို ကိုယ်ကလည်း ဓာတ်ဘူး၊ သူ့တုန်းက စားပွဲတင်နာရီဆို ကိုယ်ကလည်း စားပွဲတင်နာရီ၊ အတုံ့အလှည့် အပြန်အလှန် မကောင်းတတ်လို့ နောင်အရှည်ရှိနေသေးလို့ စသည့်အကြောင်းအချက်မျိုးတွေက ပိုများပါသည်။ တည်ခင်းဧည့်ခံလိုက်သည့် တန်ဖိုးနှင့် တွက်ချက်ကာ ရှုံးတယ်၊ မြတ်တယ် တွက်ချက်ပြောဆိုနေကြသော ဧည့်ခံပွဲလာ လူတချို့ကိုမူ ကျွန်တော် နားမလည်နိုင်တော့။ ကျွန်တော်တို့ မင်္ဂလာဧည့်ခံပွဲသွားတာက ရေခဲမုန့်သွားဝယ်စားတာလား။ ကော်ဖီသွားဝယ်သောက်တာလား။ ထောပတ်ထမင်း သွားဝယ်စားတာလား။ ကြင်စဦးလုလင်နဲ့ လုံမနှစ်ဦးတို့ ဘ၀အုတ်မြစ်ချပွဲကလေးကို အခြေခိုင်မာအောင် ၀ိုင်းဝန်းအားပေး လက်ဖွဲ့တဲ့အဓိပ္ပါယ်ကို ဘာ့ကြောင့် ကျွန်တော်တို့ မဖော်ဆောင်နိုင်ကြတာပါလိမ့်။ ကျွန်တော်တို့ စိတ်သတ္တိတွေ အားနည်းလိုက်ကြတာ။

ကျွန်တော်တို့ ပတ်ပတ်လည်မှာ ကျွန်တော်တို့၏ မိတ်ဆွေတွေ ၀န်းရံလျက်ရှိပါသည်။ သူတို့မှာ သာမှုတွေ ရှိပါသည်။ နာမှုတွေလည်း ရှိပါသည်။ ကြွယ်ပိုးကြွယ်ဝ မိတ်ဆွေများကို ခဏထားလိုက်ပါ။ တိုင်းတိုင်းတိတိ မိတ်ဆွေတွေ၊ အပန်းတကြီးမိတ်ဆွေတွေ၊ ပြေးပြေးလွှားလွှား မိတ်ဆွေတွေ၏ သာမှု၊ နာမှုတွေအပေါ်မှာ ကျွန်တော်တို့ မရင့်သီးသင့်ပါ။

သာမှု၊ နာမှုဆိုသည်မှာ မုန့်ဟင်းခါးဆိုင် မဟုတ်ပါ။ ရေခဲမုန့်ဆိုင် မဟုတ်ပါ။ ကော်ဖီ၊ လက်ဖက်ရည်ဆိုင် မဟုတ်ပါ။ ထို့အတူ ထောပတ်ထမင်းဆိုင်လည်း မဟုတ်၊ ဒံပေါက်ဆိုင်လည်း မဟုတ်ပါ။ လူ့ဘ၀ဆိုသည်မှာ ၂၄ နာရီဖွင့်ထားသည့် ဈေးဆိုင်တန်းကြီး မဟုတ်ကြောင်းပါ။

1 comment:

  1. ဟုတ်ပါတယ်။
    တြစ်ချို့သောမြန်မာတွေရဲ့ ပျက်ပြားစပြုလာတဲ့ စိတ်ဓါတ်တွေပါပဲ။
    ကွက်ကွက်ကွင်းကွင်းပေါ်အောင်ရေးနိုင်တာချီးကျုးပါတယ်ခင်ဗျာ။
    ကိုယ်ချင်းစာစိတ်ဆိုတာ လူမျိုးတိုင်းဘာသာတရားတိုင်းမှာရှိသင့်တဲ့ စိတ်ဓါတ်ပါ။
    အားပေးနေပါတယ်။

    ReplyDelete

 
Web Statistics