- စာသင်ခန်းသို့ အချိန်မှန်စွာ ရောက်ရာ၏၊ နောက်ကျ၍ရောက်လျှင် နောက်ကျခြင်းကို ခွင့်ပြုပါမည့်အကြောင်းနှင့် ဆရာ့အား ခွင့်တောင်းရာ၏။
- အတန်းထဲတွင် စာကျယ်ကျယ်မဖတ်ရ၊ စကားမများရ။
- အခြားကျောင်းသားများအား မည်သို့မျှ အနှောင့်အယှက် မပြုရ။
- စာအုပ် စာရေးကိရိယာများကို ရိုသေစွာ ကိုင်တွယ်ပါ။ ညစ်ညမ်းအောင် ပျက်စီးအောင် မပြုလုပ်ရာ။
- စာအုပ်ကိုဖွင့်လျှင် တံတွေးဆွတ်၍ မဖွင့်နှင့်၊ စာရွက်ထောင့်က ဖွင့်ရာ၏။
- စာရွက်ကိုချိုး၍ မမှတ်နှင့်၊ စာအုပ်ကို မှောက်၍ မထားနှင့်၊ စာရွက်လွတ်တစ်ခုဖြင့် ညှပ်၍ထားရာ၏။
- စာဖတ်နေစဉ်၌လည်းကောင်း၊ တစ်စုံတစ်ရာကို စဉ်းစားနေစဉ်တွင်လည်းကောင်း၊ ပါးစပ်ထဲသို့ လက်ကို မသွင်းနှင့်၊ လက်သည်းကို မကိုက်နှင့်။
- မိန်းကလေးများသည် နီးစပ်ရာစုပေါင်း၍ တစ်ယောက်ယောက်ကို မခေါ်မပြော ၀ိုင်းပယ်သောအကျင့် ရှိတတ်၏။ အပယ်ခံရသူသည် အလွန်စိတ်ဆင်းရဲရသောကြောင့် ထိုအပြုအမူကို မပြုလုပ်ဘဲ ရှောင်ကြဉ်ရာ၏။
- အချင်းချင်း နာမည်တုဖြင့် ပြောင်လှောင်ခေါ်ဝေါ်ခြင်းသည် ရိုင်းပြသော အမူအရာဖြစ်၏။
- တစ်ယောက်နှင့်တစ်ယောက် ပြောင်ခြင်း၊ လှောင်ခြင်း၊ သရော်ခြင်း၊ ရန်စခြင်း မပြုနှင့်၊ တစ်ဦးတစ်ယောက်က ပြုလုပ်လျှင်လည်း ယဉ်ကျေးသိမ်မွေ့စွာ သတိပေးရာ၏။
- ရုန့်ကြမ်းသောစကား၊ ဆဲရေးတိုင်းထွာခြင်းတို့ကို မလျဉ်းမပြုဘဲ ရှောင်ကြဉ်ရာ၏။ (မခံချင်ဖွယ်စကား၊ ရုန့်ကြမ်းသောစကား၊ နားမချမ်းသာဖွယ်သော စကားများကို ပြောခြင်း၊ စကားနိုင်ပြောခြင်းတို့ကို ရှောင်ကြဉ်ပြီး ပြေပြစ်သိမ်မွေ့သော စကား၊ ယဉ်ကျေးဖွယ်ရာသော စကားအသုံးအနှုန်းများကိုသာ ပြောဆိုရာ၏။
- ကျောင်းသားသစ်များကို ကူညီရာ၏။ ငယ်သောကျောင်းသားကိုလည်း စောင့်ရှောက်ရာ၏။
- ကျောင်းသူကလေးများနှင့် ရော၍နေရပါလျှင် မိမိနှမကဲ့သို့ သဘောထားရာ၏။ စောင့်ရှောက်ရန်ရှိသမျှကို စောင့်ရှောက်ရာ၏။
- သူတစ်ပါး အတုယူလောက်အောင် အကျင့်စာရိတ္တ အပြုအမူ ယဉ်ကျေးသော လူငယ်တစ်ယောက်ဖြစ်သည်ဟု စံနမူနာယူလောက်သူ ဖြစ်လာစေရန် အစဉ်မပြတ် သတိပြုပါ။
မောင်ကျောင်းသား၊ အတတ်သင်ပါ၊
လိမ္မာဖော်ရွေ၊ စိတ်နေဖြူစွ
မာနချလျက်၊ မြန်မာ့အကျိုး
တိုးကြီးတိုးအောင်၊ သယ်ပိုးနေ့ည
ကြိုးပါကြ။
လိမ္မာဖော်ရွေ၊ စိတ်နေဖြူစွ
မာနချလျက်၊ မြန်မာ့အကျိုး
တိုးကြီးတိုးအောင်၊ သယ်ပိုးနေ့ည
ကြိုးပါကြ။
RELATED:
၁။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ
၂။ ဆက်ဆံရေးတာဝန်များ (ယဉ်ကျေးမှု) (အိမ်၌ယဉ်ကျေးခြင်း)
No comments:
Post a Comment